News

POST TYPE

EDITORIAL

ကပ်ရောဂါကာလ ကောလာဟလ တိုက်ဖျက်ရေး
16-Sep-2020


ကမ္ဘာ့ကပ်ရောဂါအန္တရာယ်ဆိုးကြီးနှင့် ရင်ဆိုင်နေရသော မြန်မာ့လူ့အဖွဲ့အစည်း တွင် ကပ်ရောဂါကူးစက်မှုကဲ့သို့ပင် သတင်းအမှားများနှင့် ကောလာဟလများ ပျံ့နှံ့နေခြင်းမှာ အင်မတန်ကြောက်စရာကောင်းသလို သတိလည်းကြီးစွာထားရှိပြီး အဆိုပါအရာများကို ဖယ်ရှားပစ်ရန်လိုအပ်ပါသည်။ 

ယမန်နေ့က ပိုးတွေ့လူနာများအမြောက်အမြားကို လက်ခံကုသပေးနေသည့် ရန်ကုန်တိုင်းဒေသကြီး ဖောင်ကြီးဆေးရုံနှင့်ပတ်သက်သည့် အတည်မပြုနိုင်သော သတင်းအချက်အလက်များပါဝင်သည့် ပို့စ်တစ်ခုကို ဆိုရှယ်မီဒီယာတွင် လူသိများ သည့် အွန်လိုင်းဆယ်လီအချို့ကပင် Share ခဲ့ရာ လူအများအထိတ်အလန့် ဖြစ်ခဲ့ ကြသည်။ နောက်တစ်ရက်တွင် ယင်းဖောင်ကြီးဆေးရုံ၏ ပကတိအနေအထားကို သိရှိထားသူ ကျန်းမာရေးအာဏာပိုင်အချို့က ဆိုရှယ်မီဒီယာတွင်ပင် ပြန်လည်တုံ့ပြန် ရေးသားခဲ့ခြင်းကြောင့် ပြည်သူများစိတ်သက်သာရာရခဲ့သည်။ 

ယင်းပို့စ်ကဲ့သို့ပင် ကိုဗစ်-၁၉ လူနာများကို ကုသပေးနေသည့်နေရာများ၊   ကွာရန်တင်းစတင်တာများနှင့်ပတ်သက်သော ပို့စ်အမြောက်အမြားကိုလည်း ဆိုရှယ် မီဒီယာတွင်တွေ့ရပါသည်။ အများစုမှာ ပြည်သူအများစု၏ စိုးရိမ်သောကကိုသာ ကြီးထွားစေနိုင်သော ပို့စ်များ၊ တစ်နည်းအားဖြင့် ကောလာဟလတွေကို သတင်းပုံစံ ဖန်တီးထားသော ပို့စ်များပင်ဖြစ်ပေသည်။

ကောလာဟလသည် ကောလာဟလအဖြစ်သာ တည်ရှိနေချိန်တွင် အာနိသင် မရှိသော်လည်း သတင်းအဖြစ်အယောင်ဆောင်သွားချိန်တွင် အန္တရာယ်တစ်ရပ်ပင် ဖြစ်ပေသည်။ 

သတင်းအချက်အလက်ပေါ်မူတည်ကာ အလုပ်လုပ်ကြသည့် သတင်းခေတ်တွင် ကောလာဟလကို သတင်းအဖြစ် မှတ်ယူလိုက်နာမိလျှင် တစ်ဦးတစ်ယောက်ချင်း အကျိုးစီးပွားထိခိုက်နစ်နာရုံမျှမက ကိုရိုနာဗိုင်းရပ်စ်ကဲ့သို့ပင် လူအများသို့ ကူးစက် ပျံ့နှံ့ကာ တိုင်းပြည်နှင့်ချီကာ ဆုံးရှုံးနစ်နာနိုင်ပါသည်။ 

မြန်မာနိုင်ငံနှင့် မြန်မာ့လူ့အဖွဲ့အစည်းသည် သတင်းမှောင်ချခံရသော ခေတ်ကို ဖြတ်သန်းခဲ့ဖူးရာ လူအများသည် ကောလာဟလတို့ကို သတင်းအဖြစ်ယုံကြည်သည့် အလေ့အကျင့် စွဲမြဲနေသေးသည့်အတွက် ကောလာဟလနှင့် သတင်းမှားများဖြစ် ထွန်းရှင်သန်နိုင်သည့် ရေခံမြေခံရှိနေသည်ဟု ဆိုရပါမည်။ ယခုလို လူတို့၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သော ကမ္ဘာ့ကပ်ရောဂါကူးစက်ခံထားရချိန်၊ တစ်ဖက်တွင် ရွေးကောက်ပွဲနိုင်ငံရေးကြောင့် နိုင်ငံရေးပြိုင်ဘက်ကြီးများအကြား အပြိုင်အဆိုင်မဲဆွယ်နေချိန်တွင် သတင်းမှားနှင့် ကောလာဟလများမှာ ပို၍ လျင်မြန်စွာပင် ရှင်သန်ခွင့်ရနေမည်ဖြစ်သည်။ 

အဆိုပါသတင်းအတု၊ သတင်းအမှားများနှင့် ကောလာဟလများက  ရင့်ကျက်မှု မရှိသေးသော မြန်မာ့ဒီမိုကရေစီကိုပင် ဒုက္ခပေးနိုင်သည့်အနေအထားတွင်ရှိသည်ကို သတိပြုကြရပါမည်။  

လူတွင် အကြောက်တရားဦးစီးလျှင် စဉ်းစားဆင်ခြင်နိုင်စွမ်းကျဆင်းသွားတတ်ပေရာ ကောလာဟလအပေါင်းတွင် အကြောက်တရားကိုအခြေခံလှုံ့ဆော်သည့် ကောလာဟလသည် အထိရောက်ဆုံးဖြစ်သည့်အတွက် ထိုကောလာဟလမျိုး ကို အဓိကပစ်မှတ်ထား ချေမှုန်းကြရမည်ဖြစ်ပေသည်။ 

ရွေးကောက်ပွဲနှင့် တိုက်ဆိုင်နေသည့် ကပ်ရောဂါကာလ သတင်းမှားများနှင့် ကောလာဟလများကို တိုက်ဖျက်နိုင်ရေးအတွက် အကောင်းဆုံးဗျူဟာမှာ ပွင့်လင်းမြင်သာမှုနှင့် သတင်းမှန်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးခြင်းသာ ဖြစ်ပေသည်။ 

အယ်ဒီတာ (၁၅ - ၉ - ၂၀၂၀ )