News

POST TYPE

EDITORIAL

အထုတ်ပယ်ခံ လယ်/ဆည် ဒု ဝန်ကြီးနှင့် ဥပဒေနှင့်အညီ ခုခံချေပခွင့် (Daily, Vol-4/No-192)
20-Nov-2016
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းကို နိုင်ငံတော် သမ္မတ လက်မှတ်ဖြင့် ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် ထုတ်ပြန်လိုက်သည့် သတင်းမှာ ယခု ရက်ပိုင်းအတွင်း လူပြော အများဆုံး အကြောင်းအရာ တစ်ရပ် ဖြစ်သွားခဲ့သည်။

ပုံမှန်အားဖြင့် မည်သည့် အစိုးရလက်ထက်ဖြစ်စေ ရာထူးမှ အထုတ်ပယ်ခံရပါက ထုတ်ပယ်ရသည့် အဓိက အကြောင်းရင်းကို ထုတ်ပြန်ကြောင်း အမိန့်စာတွင် ထည့်သွင်း ဖော်ပြလေ့ ရှိသော်လည်း ဒေါက်တာ ထွန်းဝင်းအား ထုတ်ပယ်သည့် အမိန့်စာတွင်မူ ထိုအချက် ဖော်ပြထားခြင်း မရှိပေ။

ထုတ်ပယ်ခံရသူ ဒေါက်တာ ထွန်းဝင်းနှင့် ထုတ်ပယ်လိုက်သည့် နိုင်ငံတော် သမ္မတရုံးထံတွင် ၎င်းတို့ဘက်က မမှားကြောင်း၊ မှန်ကန်ကြောင်း အသီးသီး ရပ်ခံ ပြောဆိုကြမည် ဖြစ်သော်လည်း ဤနေရာတွင် မည်သည့်ဘက်က မှန်သည်၊ မှားသည် ပြောဆိုရန်ထက် အစိုးရ တစ်ရပ်၏ လုပ်ထုံး လုပ်နည်းကိုသာ ဆန်းစစ် သုံးသပ်ကြည့်ရန် လိုအပ်မည်ဖြစ်သည်။

အစိုးရအဖွဲ့ဝင် ဒုတိယဝန်ကြီး တစ်ဦးအဖြစ် သက်ဆိုင်ရာ ဥပဒေ၊ နည်း ဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ လက်စွဲ၊ လမ်းညွှန်များနှင့်အညီ တရားဝင် ခန့်အပ်ခံထားရသူ တစ်ဦးကို ထုတ်ပယ်ရာတွင်လည်း မထုတ်ပယ်မီ မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်း အဆင့်ဆင့်ကို ဥပဒေနှင့်အညီ ဆောင်ရွက်ကာ ထုတ်ပယ်ရသည့် အကြောင်းရင်းကို ရှင်းလင်းစွာ ဖော်ပြရန် တာဝန် ရှိပေသည်။

တရားဝင်အားဖြင့် ယင်းအမိန့်စာကို နိုင်ငံတော် သမ္မတဖြစ်သူ ဦးထင်ကျော်က လက်မှတ်ရေးထိုး ထားသော်လည်း နောက်ကွယ်တွင် မွေးမြူရေးနှင့် လယ်/ဆည် ဝန်ကြီး သင်္ချာ ပါမောက္ခ ဒေါက်တာ အောင်သူနှင့် ဒုတိယ ဝန်ကြီး စိုက်ပျိုးရေး ပညာရှင် ဒေါက်တာ ထွန်းဝင်းတို့အကြား ပုဂ္ဂိုလ်ရေး မပြေလည်မှုကို အကြောင်းပြုကာ NLD ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဝင်းထိန်၏ စီမံ ဆောင်ရွက်မှုများ ရှိခဲ့ကြောင်း သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်လျက် ရှိသည်။

ထိုသို့ သတင်း ထွက်ပေါ်နေသော်ငြား လက်တွေ့တွင်မူ နိုင်ငံတော် သမ္မတ ကိုယ်တိုင် လက်မှတ်ရေးထိုး ထားသောကြောင့် အစိုးရအဖွဲ့က တရားဝင် ထုတ်ပယ်လိုက်ခြင်းဟု သတ်မှတ်ရမည် ဖြစ်သော်လည်း အစိုးရအဖွဲ့ နောက်ကွယ်တွင် ပါတီက ဝင်ရောက်စွက်ဖက် နေသလောဟု စောကြောစရာ ဖြစ်သွားခဲ့သည်။

အထူးသဖြင့် စိုက်ပျိုးရေး နယ်ပယ်တွင် အတွေ့အကြုံရင့်၊ ဝါရင့် ပညာရှင် တစ်ဦးလည်းဖြစ်၊ လယ်ယာ စိုက်ပျိုးရေး လောကကို ပြုပြင် ပြောင်းလဲလိုသူဟု နာမည် ထွက်သူလည်း ဖြစ်သည့်အပြင် NLD ပါတီဝင် တစ်ဦးလည်း ဖြစ်သည့် ဒေါက်တာ ထွန်းဝင်း ထုတ်ပယ် ခံရခြင်းသည် အစိုးရအဖွဲ့တွင် လက်တွေ့ လုပ်ငန်း ဆောင်ရွက်ကြရမည့် ပညာရှင်များထက် ပါတီထိပ်ပိုင်း ခေါင်းဆောင်များနှင့် အလွန်းသင့်သူ ဖြစ်ရန် ပို၍ အရေးကြီးလာသလော ဆိုသော မေးခွန်း တစ်ရပ်လည်း ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။

အစိုးရ သက်တမ်း ခြောက်လကျော်ခန့် ရှိနေသော အချိန်သည် ငါးနှစ် သက်တမ်း အစိုးရ တစ်ရပ်အတွက် ဆိုပါက လုပ်ငန်း စတင်ရန် ဟန်ပြင်နေဆဲ အချိန်သာ ဖြစ်သည့်အတွက် ဘောလုံး စကားနှင့် ပြောရပါက မိနစ် ကိုးဆယ်ကြာ ကစားရမည့် ဘောလုံးပွဲ တစ်ပွဲတွင် တိုက်စစ်မှူး တစ်ဦးကို အကြောင်းပြချက် မပေးဘဲ ဆယ်မိနစ်ဖြင့် လူစားလဲလိုက်သည့်သဘော ဖြစ်သည်။ 

အာဏာရှင် အစိုးရ အဆက်ဆက်တွင်လည်း ထိုသို့ ထုတ်ပယ်မှုများ ရှိခဲ့ရာ အာဏာရှင် အစိုးရများ ဖြစ်သည့်အတွက် အထွေအထူး ပြောစရာ မရှိသော်လည်း ဒီမိုကရေစီ နည်းကျ ရွေးကောက် တင်မြှောက်ထားသည့် အစိုးရ ဖြစ်နေသည့်အတွက် လုပ်ကိုင် ဆောင်ရွက်မှုမှန်သမျှ ဒီမိုကရေစီ နည်းကျဖြစ်ရန် အထူး အရေးကြီးလှသည်။

သက်ဆိုင်ရာ လုပ်ငန်းကို လက်တွေ့ ဦးစီး ဆောင်ရွက်မည့် ပညာရှင် ဒုတိယ ဝန်ကြီး တစ်ဦးကို ဥပဒေနှင့်အညီ ပြန်လည် ရှင်းလင်း ထုချေခွင့် မပေးဘဲ ထုတ်ပယ် လိုက်ခြင်းမှာ သက်ဆိုင်ရာ နယ်ပယ်အတွက် ကောင်းသည့် လက္ခဏာ မဟုတ်သည့်အပြင် အာဏာရှင် ဆန်သည်ဟု ဝေဖန်စရာ ဖြစ်သွားခဲ့ပြီး ယင်းလုပ်ရပ်ကို သက်ဆိုင်ရာ အစိုးရအဖွဲ့နှင့် အာဏာရ ပါတီတို့ အနေနှင့် အနှောင်အဖွဲ့ ကင်းကင်း၊ အဂတိ ရှင်းရှင်း၊ ဘက်လိုက်မှု မရှိဘဲ ရိုးသား ဖြောင့်မတ်စွာ မိမိတို့ဘာသာ ဆင်ခြင် သုံးသပ်ကြည့်ပါက အမှား၊ အမှန် ပေါ်လာမည်ဖြစ်ကြောင်း သိစေလိုရင်း ဖြစ်သည်။

အယ်ဒီတာ (၂ဝ-၁၁-၂ဝ၁၆)


  • VIA