News

POST TYPE

EDITORIAL

မြန်မာစာ၊ မြန်မာစကား အသုံးအနှုန်းမှန် ယဉ်ကျေးကြစေချင် (Daily, Vol-4/ No-191)
19-Nov-2016

အခုနောက်ပိုင်း ကျွန်တော်တို့ မြန်မာမီဒီယာအများစုမှာ မြင်၊ ကြား၊ တွေ့၊ သိနေရတဲ့ မြန်မာစာ၊ မြန်မာစကားကို အကဲခတ် ရသလောက်တော့ အတော်ကြီး ချည့်နဲ့ ယိမ်းယိုင်နေတာ သတိထားမိတယ်။

မီဒီယာဆိုတဲ့ အထဲမှာ ပုံနှိပ် မီဒီယာအပြင် အရုပ်၊ အသံလွှင့် မီဒီယာ၊ အွန်လိုင်း မီဒီယာနဲ့ ဂီတ၊ ရုပ်ရှင်တွေနဲ့ အဲဒီ မီဒီယာ မျိုးစုံမှာ ထည့်ထားတဲ့ ကြော်ငြာတွေလည်း ပါတယ်။ 

မီဒီယာမျိုးစုံမှာ မြန်မာစာ ရေးထုံး၊ မြန်မာ စကားလုံး အသုံးအနှုန်း၊ သတ်ပုံ သတ်ညွှန်းတွေက အတော်ကြီးကို ချွတ်ချော် လွဲမှားနေတယ်။

လျှာခင်တွဲတာ၊ ကွာတာအပေါ် မူတည်ပြီး စလုံးနဲ့ ဆလိမ် အသံထွက် မကွဲတာနဲ့ လေယူလေသိမ်း အဆင်မချောတာလောက်က နားလည်ပေးလို့ရပေမယ့် မြန်မာ စကားလုံး၊ ဝေါဟာရတွေကို သူ့နေရာနဲ့သူ မသုံးဘဲ အရပ်ထဲမှာ၊ လမ်းဘေးမှာ၊ ပေါက်ပန်းဈေး ပြောတဲ့ စကားလုံးတွေ တွင်တွင်ကြီး ထည့်သုံး နေတာကတော့ အရုပ်ဆိုးလှတယ်။

အခုနောက်ပိုင်း လူငယ်တေးရေး ဆရာလေးတွေ၊ တေးသံရှင်တွေရဲ့ အနုပညာ ဗီဇနဲ့ ဖန်တီး တီထွင်မှုတွေကို အားပေး အသိအမှတ် ပြုပေမယ့် သူတို့ သီချင်း စာသားတွေက အမြင်မတော် ဆင်တော်နဲ့ ခလောက် ဖြစ်နေတာကတော့ နားထောင်ရတာ အဆင် မပြေလှဘူး။

အထူးသဖြင့် ဆယ်ကျော်သက် လူငယ်တွေ သည်းသည်းလှုပ် ဖြစ်နေပြီး ခပ်နွဲ့နွဲ့ ပုံစံဆိုတတ်တဲ့ လူငယ် တေးသံရှင်လေးရဲ့ သီချင်းစာသား တချို့ဆိုရင် ကျွန်တော်တို့ သာမန်စကား ပြောတဲ့ အခါတောင် နှုတ်က ထွက်ဖို့ မလွယ်တာကြောင့် နာမ်စား သုံး ပြောလေ့ရှိတဲ့ အရာမျိုးကိုတောင် တစ်တစ်ခွခွ သုံးပြီး ထည့်ဆိုထားတယ်။

အခု ရက်ပိုင်းအတွင်း ရုပ်/သံမှာ ထပ်ချည်း တလဲလဲ လွှင့်နေတဲ့ ကြော်ငြာစာသား တစ်ခုဆိုရင် မြန်မာစာ၊ မြန်မာ စကားလုံး ဝေါဟာရတွေရဲ့ အနက် အဓိပ္ပာယ်ကို သေချာ နားမလည်တာလား ဒါမှမဟုတ် အရပ်ထဲက ပြောစကားကို အလွယ် ယူသုံးလိုက်တာလား မသိဘူး။ သူ့ကြော်ငြာရဲ့ ဆိုလိုရင်း အဓိပ္ပာယ်က အနုတ်လက္ခဏာ ဆောင်သွားတယ်။

 အရင်က တေးရေးဆရာတွေဆိုတာ သီချင်း စာသား၊ စကားလုံးတိုင်းကို အလေးအနက်ထားပြီး ရက်ပေါင်း များစွာ စိတ်ကူး လွင့်မျောပြီး သီကုံး ဖန်တီးခဲ့ကြတာ။ ယုတ်စွအဆုံး ကော်ပီ တေးသီချင်းတွေကို စာသား ထည့်တာတောင် ပေါ့ပေါ့တန်တန် မလုပ်ခဲ့ကြဘူး။

ဒီနေ့ခေတ်မှာတော့ ကွန်ပျူတာ တစ်လုံးရှိရင် စီးရီး ထုတ်လို့ရတဲ့ ခေတ် ဖြစ်လာတော့ အနုပညာ စံနှုန်းတွေနဲ့ အနုပညာအပေါ် တန်ဖိုးထားမှုကလည်း အရင်ခေတ်နဲ့ ယှဉ်ရင် တဖြည်းဖြည်း ကွာဟချက် ကြီးလာသလားလို့။

ပြန်ဆိုတေးတွေဆိုရင်လည်း ပြီးစလွယ် လုပ်ပြီး ဆိုနေကြတာ ကြားရတဲ့အခါ ကျွန်တော်တို့လို ဂီတ အနုပညာကို ခံစားနားဆင်တဲ့သူတွေတောင် ဒီလောက် စိတ်ထဲမှာ ခိုးလိုးခုလု ဖြစ်နေတာ မူလ ဖန်တီးထားတဲ့သူတွေဆို ဘယ်လိုနေမလဲ ကိုယ်ချင်းစာ တွေး တွေးမိတယ်။

တစ်လောက လွှမ်းမိုးရဲ့ အင်မတန် ကျော်ကြားခဲ့တဲ့ သီချင်း တချို့ကို နာမည်ကျော် လူငယ်တေးသံရှင် တစ်ယောက်က ခပ်နွဲ့နွဲ့ လေသံနဲ့ အရှိုက် အဟိုက်၊ အထစ်ကလေးတွေ ထည့်ပြီး ဆိုထားတာ ကြားလိုက်တော့ ကျန်တဲ့ သူတွေတော့ မသိဘူး ကျွန်တော်တော့  ကျွန်တော့်နားကိုတောင် ပြန်ရှက်မိသလို ဖြစ်သွားလောက်တဲ့အထိ အံ့သြ ထိတ်လန့်သွားမိတယ်။

ပြောရမယ်ဆိုရင် ဒီဘက်ခေတ် နောက်ပိုင်း မြန်မာစာ အဆင့်အတန်းနဲ့ ဂီတအနုပညာ ဖန်တီးမှု၊ ရသခံစားမှုတွေ ကျဆင်းသွားတယ်လို့ ကောက်ချက်ချ နိုင်တယ်။ အဲလို ဖန်တီးမှုအပိုင်းမှာ ကျဆင်းသွားတဲ့အတွက် အဆင့်အတန်း သိပ်မမြင့်တဲ့ ဂီတအနုပညာ တချို့ကို သည်းသည်းလှုပ် အားပေးနေသလိုမျိုး ခံစားမှု အပိုင်းမှာလည်း ကျွဲကူးရေပါ နိမ့်ဆင်းလာတာလို့ ပြောနိုင်တယ်။

ဒီပြဿနာကို ဖြေရှင်းဖို့ဆိုရင် မြန်မာစာနဲ့ မြန်မာစကားအတွက် မူလတန်းကနေ တက္ကသိုလ်အဆင့်အထိ မြန်မာစာ ပြဋ္ဌာန်းချက် စာအုပ်တွေရဲ့ အဆင့်အတန်း၊ မြန်မာစာသင်တဲ့ ဆရာတွေရဲ့ မြန်မာစာ အရည်အချင်းကို ပြန်ဆန်းစစ် မြှင့်တင်ပေးဖို့လိုမယ်။

ဂီတအနုပညာ အတွက်ကတော့ မူလတန်းကနေ တက္ကသိုလ်အဆင့်အထိ ရိုးရာဂီတ၊ နိုင်ငံတကာ ဂီတ၊ တူရိယာ ပစ္စည်းတွေနဲ့ အခြေခံကျကျ ထိတွေ့ မိတ်ဆက်ပေး၊ အနုပညာ မျိုးဆက် ပြန့်ပွားရေးအတွက် ပညာရှင်ဆန်ဆန် လက်ဆင့်ကမ်း သင်ကြားပေးနိုင်တဲ့ ဂီတ အကယ်ဒမီလိုမျိုး သီးသန့် ထူထောင် ပေးဖို့လိုမယ်။

အချိန် ကြာလာတာနဲ့အမျှ အမှားကြာ အမှန်ဖြစ်ဆိုသလို မြန်မာစာ၊ မြန်မာစကားနဲ့ မြန်မာ့ဂီတ အနုပညာလောက တဖြည်းဖြည်း အနုတ် လက္ခဏာ ပြရာကနေ နောက်ဆုံး အခြေအနေ သိပ်ဆိုးသွားနိုင်တဲ့အတွက် အချိန် မနှောင်းခင် ခပ်မြန်မြန်လေး ပြုပြင်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။

အယ်ဒီတာ(၁၉-၁၁-၂ဝ၁၆)


  • VIA