News

POST TYPE

EDITORIAL

အဂတိလိုက္စား (Weekly, Vol-12/ No-43)
19-Nov-2016
မြန်မာနိုင်ငံတွင် ယနေ့ နိုင်ငံ ပြန်လည် ထူထောင်ရေး၊ ဒီမိုကရေစီအသွင် ကူးပြောင်းရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အခြေခံ အကျဆုံး ပြဿနာ အခက်အခဲ များစွာ ရှိသည့်အနက် အဂတိ လိုက်စားမှုမှာ အမြစ် တွယ်သည့် အဆင့် ရောက်နေသော အကြီးမားဆုံး ပြဿနာ ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စားမှု စောင့်ကြည့်ရေးအဖွဲ့ကြီး Tran-sparency  International (TI) က ၂၀၁၅ ခုနှစ်အတွက် ထုတ်ပြန်ထားသော အဂတိ လိုက်စားမှုအဆင့် သတ်မှတ်ချက် စာရင်းတွင် နိုင်ငံပေါင်း ၁၆၇ နိုင်ငံ ရှိသည့်အနက် မြန်မာနိုင်ငံသည် ၁၃၉ တွင် ရှိနေပြီး အာရှနိုင်ငံများအနက် အဆင့်တူ ပါပူဝါနယူးဂီနီနိုင်ငံနှင့် အဆင့် ၁၅၄ ပါကစ္စတန်နှင့် အောက်ဆုံး မြောက်ကိုရီးယား နိုင်ငံတို့သာ ရှိတော့သည်။

အရှေ့တောင်အာရှ နိုင်ငံများတွင်မူ မြန်မာနိုင်ငံမှာ အဆင့် ၁၁၂ ဗီယက်နမ်၊ အဆင့် ၉၅ ကမ္ဘောဒီးယား၊ အဆင့် ၈၈ ဖိလစ်ပိုင်၊ အဆင့် ၇၆ လာအိုနိုင်ငံတို့နှင့် နှိုင်းယှဉ်ပါက အဂတိ လိုက်စားမှု အများဆုံး နိုင်ငံဖြစ်နေပေသည်။

သမိုင်းကို ပြန်ကြည့်သော် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ အထူး လေ့ကျင့် သင်ကြား ပေးထားသော ကျွမ်းကျင် အရာရှိများဖြင့် စနစ်တကျ အုပ်ချုပ်ခဲ့သော ဗြိတိသျှ ကိုလိုနီ အစိုးရလက်ထက်တွင် အဂတိ လိုက်စားမှု မရှိသလောက် ဖြစ်ခဲ့သည်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေါ် တစ်ပါတီ အာဏာရှင် အစိုးရလက်ထက်တွင်မူ ဦးနေဝင်းနှင့် ၎င်း၏ မိသားစုတို့ကသာ နိုင်ငံတော် ပိုင်ဆိုင်မှုနှင့် ဘဏ္ဍာငွေများ ကြီးကြီးမားမား အလွဲသုံးစား လုပ်ခဲ့သည့် သဘောတွေ့ရပြီး အာဏာ သုံးရပ်တွင် ပြောပလောက်သော အဂတိ လိုက်စားမှု မရှိခဲ့ပေ။

၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော် အစိုးရခေါ် စစ်အာဏာရှင် အစိုးရ လက်ထက်မှ စတင်ကာ အဂတိ လိုက်စားမှု များပြားလာခြင်း ဖြစ်ပြီး ၂၀၁၁ ခုနှစ် TI စာရင်းအရ နိုင်ငံပေါင်း ၁၈၂ နိုင်ငံအနက် အဆင့် ၁၈၀ ဖြင့် ဆိုမာလီယာနိုင်ငံနှင့် မြောက်ကိုရီးယား နိုင်ငံပြီးလျှင် ကမ္ဘာပေါ်တွင် အဂတိ လိုက်စားမှု အဆိုးရွားဆုံး နိုင်ငံအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

အဂတိလိုက်စားမှု အများဆုံး နိုင်ငံများကို ကြည့်လျှင်  အာဏာရှင်စနစ်နှင့် ဆင်းရဲမွဲတေမှုတို့ နပန်းလုံးနေသော နိုင်ငံများ ဖြစ်ကြပြီး ထိုနှစ်ရပ်ကပင် သား၊ တူ၊ ညီကောင်းစားရေး Nepotism နှင့် လက်သင့်ရာ စားတော် (ခေါ်) Cronyism ဝါဒများ အားကောင်းလာကာ လာဘ်ပေး၊ လာဘ်ယူမှုနှင့် အဂတိ လိုက်စားမှုကို မွေးဖွားပေးလိုက်ခြင်း ဖြစ်သည်။

ပြောရလျှင် အဂတိ လိုက်စားမှု၊ လာဘ်ပေး၊ လာဘ်ယူမှု တစ်နည်းဆိုရသော် အာဏာရှင် စနစ်၏ ဆိုးမွေများ အနှစ် သုံးဆယ်နီးပါး အမြစ်တွယ်သည့် အဆင့်သို့ ရောက်နေသော မြန်မာနိုင်ငံတွင် လက်ရှိ ပြည်သူက ရွေးချယ် တင်မြှောက်ထားသော အစိုးရ လက်ထက်တိုင် အာဏာ သုံးရပ်အတွင်းသို့ နည်းလမ်း မျိုးစုံ၊ ခေါင်းစဉ် မျိုးစုံ၊ အသွင်သဏ္ဌာန် မျိုးစုံဖြင့် ထိုးဖောက် ဝင်ရောက်နေဆဲဖြစ်သည်။

အထူးသဖြင့် မိရိုးဖလာ ထုံးတမ်းစဉ်လာများအရ သီတင်းကျွတ် ဂါရဝပြုခြင်း ခေါင်းစဉ်အောက်မှသော်လည်းကောင်း၊ အလှူ၊ မင်္ဂလာ၊ မွေးနေ့ပွဲ လက်ဖွဲ့၊ လက်ဆောင်ခေါင်းစဉ်များ အောက်မှလည်းကောင်း၊ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်း၏ ဝယ်ယူသူ ဖောက်သည် သို့မဟုတ် လုပ်ငန်း အကျိုးတူ ဖက်စပ် လုပ်ကိုင်မှု ရှယ်ယာ၊ အကျိုးအမြတ် ခေါင်းစဉ်အောက်မှလည်းကောင်း၊ ဆွစ်ဇာလန် သို့မဟုတ် နိုင်ငံရပ်ခြား ဘဏ် တစ်ခုခုရှိ ကိုယ်ပိုင်အပ်နှံငွေ စာရင်းခေါင်းစဉ်အောက်မှလည်းကောင်း လာဘ် ပေး၊ လာဘ်ယူမှုဟု တိုက်ရိုက် စွပ်စွဲ၍ မရသော ခေါင်းစဉ် မျိုးစုံဖြင့် ရှိနေနိုင်ပေသည်။ 

မကြာသေးခင်ကပင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကို အမေရိကန် ဒေါ်လာ တစ်သိန်းတန် နာရီ လက်ဆောင်ရယူကြောင်း အွန်လိုင်း လူမှုရေး ကွန်ရက်ပေါ်တွင် ရိပ်ဖမ်း သံဖမ်း ရေးသားမှုဖြင့် Eleven Media Group CEO နှင့် Daily Eleven သတင်းစာ အယ်ဒီတာချုပ်တို့ကို အာမခံမပေးသော ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် ဖမ်းဆီး ထောင်ချလိုက်ခြင်းမှာ ကာယကံရှင် နှစ်ဖက်အကြား မည်သူ မှားသည်၊ မည်သူ မှန်သည် ယတိပြတ် မပြောနိုင်သော်ငြား ယင်းဆိုးမွေ၏ အကျိုးဆက် တစ်ခုဟု ဆိုနိုင်သည်။

သိမ်မွေ့၊ စိတ်ရှည်စွာ ရေရှည် ကိုင်တွယ်ရမည့် ယင်းဆိုးမွေ ပြဿနာကို ဖြေရှင်းနိုင်ရေးမှာ ယခင်အစိုးရ လက်ထက်က ရေးဆွဲ၊ ပြဋ္ဌာန်း၊ ဖွဲ့စည်းခဲ့သော အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တို့ကို ယခုထက် ပို ထိရောက်၊ ပြတ်သားစွာ အသုံးချနိုင်မှု၊ နိုင်ငံတော်  စီးပွားရေး ဖွံ့ဖြိုးမှု၊ အာဏာ သုံးရပ်ရှိ ပြည်သူ့ ကိုယ်စားလှယ်များ၊ နိုင်ငံ့ဝန်ထမ်း(ဝါ) ပြည်သူ့ ဝန်ထမ်းများ၏ လစာ၊ ရိက္ခာ၊ ခံစားခွင့်များ ခေတ်နှင့်အညီ ဖြစ်စေမှုတို့က အဓိက အရေးကြီးလှကြောင်း သိစေလိုရင်း ဖြစ်သည်။

အယ်ဒီတာ(၁၆-၁၁-၂၀၁၆)


  • VIA