News

POST TYPE

EDITORIAL

လူ့အခွင့်အရေး အဖွဲ့အစည်းများ ရိုးဖြောင့်ပါ၏လော(Daily, Vol-4/No-190)
17-Nov-2016
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်းရှိ လူနေ အဆောက်အအုံများ မီးရှို့ဖျက်ဆီး ခံရခြင်းနှင့် ပတ်သက်၍ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ Human Rights Watch (HRW) ၏ အငြင်းပွားဖွယ် ထုတ်ပြန်ချက်မှာ မြေပြင် ပကတိ အခြေအနေနှင့် များစွာ ကွာဟနေသောကြောင့် ယင်းအဖွဲ့၏ ရပ်တည်ချက်မှာ မေးခွန်း ထုတ်စရာ ဖြစ်နေပေသည်။

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တော် အခြေစိုက် HRW ၏ ထုတ်ပြန်ချက်တွင် နယ်မြေ လုံခြုံရေး ဆောင်ရွက်နေသော မြန်မာ့တပ်မတော်ကို လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်သူများအဖြစ် ဘက်မမျှသော လုပ်ကြံ သတင်းရင်းမြစ်များအပေါ် အခြေခံပြီး စွပ်စွဲထားသည့် ပုံစံဖြစ်နေခြင်းမှာ ယင်းအဖွဲ့၏ သမာသမတ်ရှိမှုကို မေးခွန်း ထုတ်စရာ ဖြစ်သွားစေခဲ့သည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက် အခြေစိုက် ဘန်ကောက်ပို့စ် သတင်းစာကလည်း အောက်တိုဘာလ ၂၉ ရက်နေ့နှင့် နိုဝင်ဘာလ ၁၄ ရက်နေ့များက အေအက်ဖ်ပီ သတင်းနှင့် အေအက်ဖ်ပီ သတင်း ပေးပို့ချက်တို့ဖြင့် တွဲဖက် ရေးသားထားသော သတင်း နှစ်ပုဒ်တွင်လည်း မြန်မာနိုင်ငံက အသိအမှတ်ပြုမထားသော ရိုဟင်ဂျာ နာမည်တပ်ကာ လူ့အခွင့်အရေး လှုပ်ရှားသူ အမည်မဖော် ရင်းမြစ်များ၊ HRW ထုတ်ပြန်ချက်နှင့် ဂြိုဟ်တုသတင်း ဓာတ်ပုံအချို့ကို ကိုးကားထားပြီး မြန်မာ့တပ်မတော်က လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေသယောင် ရေးသား ဖော်ပြထားပေသည်။

ယင်းသတင်း နှစ်ပုဒ်စလုံးတွင် ရခိုင်ဒေသရှိ ကျီးကန်းပြင် စခန်းကို ဘင်္ဂါလီ အကြမ်းဖက်များက ဝင်ရောက် တိုက်ခိုက်ကာ ရဲတပ်ဖွဲ့ဝင်များကို သတ်ဖြတ်ပြီး လက်နက်များ လုယူသွားကြောင်းကို နောက်ခံ အကြောင်းအရာအဖြစ် ဖော်ပြထားခြင်း မရှိဘဲ ဗုဒ္ဓဘာသာ အမျိုးသားရေး ဝါဒီများက ရိုဟင်ဂျာ မွတ်ဆလင်များကို နိုင်ငံသားအဖြစ် လက်မခံ ဆန့်ကျင်ကာ ခွဲခြား ဆက်ဆံသည့် အကြောင်းအရာများကိုသာ နောက်ခံအဖြစ် ထည့်သွင်း ရေးသားကာ ယုံကြည်စိတ်ချရခြင်း မရှိသည့် Rohingyablogger.com ဝက်ဘ်ဆိုက်ကိုသာ ကိုးကားထား ဖော်ပြခဲ့သည်။

မကြာသေးခင် ရက်များအတွင်းကလည်း အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော မြန်မာတိုင်းမ် သတင်းစာမှ နိုင်ငံခြားသား သတင်းထောက် တစ်ဦးက ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နှင့် မောင်တောဒေသများတွင် နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်နေသော တပ်မတော်သားများက ဘင်္ဂါလီ အမျိုးသမီးများကို အဓမ္မ ပြုကျင့်ကြောင်း တစ်ဖက်တည်းမှ လာသော လုပ်ကြံသတင်းကို ကိုးကား ရေးသားခဲ့သေးသည်။

ဖော်ပြပါ ဖြစ်စဉ်များနှင့် လုပ်ကြံသတင်း လွှင့်မှုများ၊ စွပ်စွဲ ရေးသားမှုများသည် ငြိမ်းချမ်းသော ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်များကြောင့် ကမ္ဘာက အထူး အသိအမှတ်ပြု အာရုံစိုက်ခြင်း ခံနေရသည့် မြန်မာနိုင်ငံ၏ ပြည်တွင်း အေးချမ်း တည်ငြိမ်ရေး အလို့ငှာ ဆောင်ရွက်မှုများကို တမင် ရည်ရွယ်ချက်ရှိရှိ အနှောင့်အယှက် ပေးသည့်သဘော သက်ရောက်နေပေသည်။

အထူးသဖြင့် လက်ရှိ ပြဿနာများ၏ နောက်ကွယ်တွင် မြန်မာနိုင်ငံ၏ လက်ရှိ အသွင်ကူးပြောင်းမှုဆိုင်ရာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေး လုပ်ငန်းများ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်အကြား သို့မဟုတ် တပ်မတော်နှင့် အာဏာရ ပါတီအကြား ဆက်ဆံရေး ချောမွေ့လာမှု၊ အာရှဒေသတွင် ထွန်းသစ်လာမည့် နိုင်ငံတစ်ခု၏ တောက်ပလာမည့် အလားအလာတို့ကို အိုးမဲသုတ်လိုသော ရည်ရွယ်ချက်များ ရှိကောင်း ရှိနေနိုင်ပေသည်။

လူ့အခွင့်အရေး နာမည် ခံထားသော အဖွဲ့အစည်းများ၏ ရပ်တည်ချက်၊ ရယူသော သတင်းရင်းမြစ်များ၊ ယင်းအဖွဲ့အစည်းများ ရပ်တည်ရေးအတွက် လှူဒါန်း ထောက်ပံ့သော နိုင်ငံနှင့် အဖွဲ့အစည်းများ၊ ယင်းအဖွဲ့တွင် ပါဝင် ဆောင်ရွက်နေကြသူများ၏ နောက်ကြောင်း ရာဇဝင်၊ ယင်းအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များ အမှီအခို ကင်းမှု၊ ဘက်မလိုက် မျှတမှု၊ ရိုးဖြောင့်မှုတို့ကို ပြန်လည် ဆန်းစစ် သုံးသပ်ရန် အထူး လိုအပ်နေကြောင်း သိစေအပ်ပေသည်။

အယ်ဒီတာ (၁၇-၁၁-၂ဝ၁၆)


  • VIA