News

POST TYPE

EDITORIAL

ပြည်သူ့ဆန္ဒကို လေးစားလျှင် (Daily, Vol-4/No-189)
16-Nov-2016

သမ္မတ၏ ဆုံးဖြတ်ချက်များ နောက်ကွယ်တွင် ရှေ့ဖြစ်ဟော ဆရာမ တစ်ဦး စွက်ဖက် ကြိုးကိုင်မှုများ ရှိနေသည်ဟုဆိုကာ တောင်ကိုရီးယား သမ္မတ ပတ်ဂွမ်ဟီးကို ထောင်ပေါင်း များစွာသော ပြည်သူများက နုတ်ထွက်ပေးရန် တောင်းဆိုမှုများ အရှိန်မြင့်တက်လာခြင်းမှာလတ်တလော စိတ်ဝင်စားမှု အများဆုံး သတင်းဖြစ်သွားခဲ့သည်။

 

ယခင်တောင်ကိုရီးယားနိုင်ငံ စစ်အာဏာ သိမ်းခေါင်းဆောင်နှင့် သမ္မတ အဖြစ် တာဝန်ယူခဲ့သူ ဗိုလ်ချုပ်ကြီး ပတ်ချုံဟီး၏ သမီးလည်းဖြစ်သည့် လက်ရှိ သမ္မတပတ်ဂွမ်ဟီးသည် တောင်ကိုရီးယား ပြည်သူလူထု၏ ဆန္ဒမဲများဖြင့် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရသူဖြစ်သည့်အတွက် ပြည်သူက ဆန့်ကျင်ဆန္ဒပြခြင်းမှာ ထူးခြားပေသည်။

 

ဤနေရာတွင် သမ္မတ ပတ်ဂွမ်ဟီး နုတ် ထွက် မထွက်ဆိုသည့်အကြောင်း အရာထက် ပြည်သူ့ဆန္ဒဖြင့် ရွေးကောက်ခံရသည့် သမ္မတတစ်ဦးကို ပြည်သူကပင် ပြန်လည် ဆန့်ကျင် ကန့်ကွက်ဆန္ဒပြသော ဒီမိုကရေစီ၏ သဘော သဘာဝကို အထူးပြု ပြောလိုခြင်းဖြစ်သည်။

 

ပြည်သူလူထုသည် နိုင်ငံကို ဦးဆောင် စီမံခန့်ခွဲရန် အရည်အချင်း ရှိသူ တစ်ဦးအဖြစ် လက်ခံ ယူဆသောကြောင့် သမ္မတအဖြစ် မဲပေးရွေးချယ် တင်မြှောက်ထားသော ၎င်းတို့၏ သမ္မတ၏ အရည်အချင်းကို ဆက်လက် မယုံကြည်တော့ခြင်းကြောင့် နုတ်ထွက်ပေးရန် တောင်းဆိုကြခြင်းမှာ ပြည်သူ့ထံတွင် အာဏာ တည်နေကြောင်း လက်တွေ့ ပြသလိုက်ခြင်းလည်းဖြစ်သည်။

 

၁၉၅ဝ ပြည့်နှစ်ဝန်းကျင်က ကိုရီးယား စစ်ပွဲအပြီး တောင်နှင့် မြောက် နှစ်နိုင်ငံ ကွဲသွားခဲ့သော သမိုင်းနောက်ခံ ရှိခဲ့သော တောင်ကိုရီးယား နိုင်ငံသည် ၁၉၆ဝ ပြည့်လွန်နှစ်များက မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုနောက်တွင် ရှိခဲ့သော်လည်း အာဏာသိမ်း ဗိုလ်ချုပ်ကြီး ပတ်ချုံဟီး သမ္မတအဖြစ် တာဝန်ယူပြီး နောက်ပိုင်း သမ္မတ အဆက်ဆက် ပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်ကာ ယနေ့ ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံ တစ်ခုအဖြစ် ရောက်ရှိလာခဲ့သော နိုင်ငံဖြစ်သည်။

 

မြန်မာနိုင်ငံ အနေနှင့် တောင်ကိုရီးယား နိုင်ငံကို နမူနာ ယူကာ ဒီမိုကရေစီ သဘောအရ ပြည်သူ့ဆန္ဒနှင့် ပြည်သူ၏ ထောက်ခံမှုက သာလျှင် အဓိက ကျသည့်အတွက် လူပုဂ္ဂိုလ်အပေါ် ချစ်စိတ်၊ မုန်းစိတ်သည် ရေတို ပေါ်ပြူလာ နိုင်ငံရေးအတွက်သာ ထိရောက်မှု ရှိပြီး ရေရှည် အတွက်မူ ရိုးဖြောင့်မှု၊ အရည်အချင်းနှင့် စွမ်းဆောင်ရည်တို့ကသာ ပြည်သူ၏ ထောက်ခံမှု ရရှိနိုင်ကြောင်း သတိပြုနိုင်ပေသည်။

 

ယင်းနမူနာကို ထောက်ရှုကာ ယနေ့ ပြည်သူ့ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ ဝန်ကြီးများမှသည် ပြည်သူလူထုနှင့် အောက်ခြေ အဆင့်ဆင့်တွင် ထိတွေ့ ဆက်ဆံနေကြသော အုပ်ချုပ်ရေး ယန္တရား အတွင်းမှ ရာထူးနေရာအလိုက် ရှိနေကြသော အရာထမ်း၊ ဝန်ထမ်းများ၏ အရည်အချင်းနှင့် စွမ်းဆောင်ရည်ကို မြှင့်တင်ထားခြင်း၊ သက်ဆိုင်ရာ နယ်ပယ်အလိုက် လူမှန် နေရာမှန် ဖြစ်စေခြင်းတို့သည် ပြည်သူ့ဆန္ဒကို အလေးထားခြင်း ဖြစ်ကြောင်း သိစေလိုရင်း ဖြစ်သည်။

 

အယ်ဒီတာ (၁၆-၁၁-၂ဝ၁၆)



  • VIA