News

POST TYPE

EDITORIAL

ပေါ့ပေါ့ မတွေးသင့်သော အနောက်တံခါးအရေး (Daily, Vol-4/No-187)
16-Nov-2016
အကြမ်းဖက် တိုက်ခိုက် ခံခဲ့ရသော ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောမြို့နယ်အတွင်း လုံခြုံရေးအတွက် ကင်းလှည့်နေသော တပ်မတော်သားများ ချောင်းမြောင်း ပစ်ခတ်ခံရသောကြောင့် တပ်သား တစ်ဦးနှင့် ဗိုလ်မှူးအဆင့် ယာယီ တပ်ရင်းမှူး တစ်ဦး ကျဆုံးသော သတင်းမှာ ယင်းဒေသ၏ အခြေအနေကို ထပ်မံ သတိပေးလိုက်ခြင်း ဖြစ်သည်။

ပထမအကြိမ် ကျီးကန်းပြင် စခန်းကို ဝင်ရောက် စီးနင်းခဲ့စဉ်က ကျဆုံးခဲ့သော ရဲတပ်သား ၉ ဦးအပြင် ကင်းလှည့်သော တပ်မတော်သားများ မကြာခဏ ချောင်းမြောင်းပစ်ခတ်ခံရခြင်းတို့ကြောင့် ဗိုလ်မှူးတစ်ဦးအပါအဝင် တပ်မတော် သား ၇ ဦး၊ ရဲတပ်သား တစ်ဦးတို့ ထပ်မံ ကျဆုံးခဲ့ခြင်းသည် နယ်မြေ လုံခြုံရေးနှင့် လက်နက်ကိုင် အကြမ်းဖက်သူများ အန္တရာယ်ကို ပေါ့ပေါ့တန်တန် သဘော မထားသင့်ကြောင်း အချက်ပေးလိုက်ခြင်းလည်း ဖြစ်သည်။

အစ္စလာမ်ဘာသာဝင် အများစု နေထိုင်ပြီး မလေးရှား နိုင်ငံနှင့် ထိစပ်နေသော ထိုင်းနိုင်ငံ တောင်ပိုင်းတွင်လည်း လက်ရှိ ကျီးကန်းပြင် စခန်းကို အလစ် ဝင်စီးသကဲ့သို့ပင် ထိုင်းတပ်ရင်း တစ်ခုကို မွတ်ဆလင် အစွန်းရောက်များ ဝင်စီးသွားခဲ့ပြီးနောက် ယနေ့အချိန်အထိ မငြိမ်မသက် ဖြစ်နေသော ဒေသ တစ်ခုအဖြစ် ရောက်သွားခဲ့သည်။

ထိုင်းအစိုးရ အဆက်ဆက် ယင်းဒေသကို တည်ငြိမ် အေးချမ်းစေရန် ကြိုးစားခဲ့သော်လည်း ယနေ့ အချိန်အထိ မအောင်မြင်ဘဲ မွတ်ဆလင် သူပုန်များက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ၊ စာသင်ကျောင်းများ၊ ကျောင်းဆရာ၊ ဆရာမများ၊ အရပ်သားများကို မကြာခဏ ဆိုသလို အကြမ်းဖက် သတ်ဖြတ်၊ မီးရှို့မှုများဖြင့် မတည်မငြိမ် ဖြစ်နေဆဲ ရှိနေပေသည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသသည်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အလုံးအရင်း ရွှေ့ပြောင်းလာသော မွတ်ဆလင် ဘာသာဝင်များ အစုလိုက် အပြုံလိုက် ရှိနေခြင်းကို အခွင့်ကောင်း ယူကာ ပြည်တွင်း၊ ပြည်ပ အစ္စလာမ္မစ် အစွန်းရောက်များက လှုံ့ဆော် သွေးထိုးခြင်းကြောင့် ယနေ့ ပြဿနာများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ တောင်ပိုင်း မွတ်ဆလင် အကြမ်းဖက်များကို ထိုင်း အစိုးရနှင့် ထိုင်း တပ်မတော်တို့က နှိမ်နင်းသည့် အခါတွင်လည်း ပြည်ပ အစွန်းရောက်များ၏ အကူအညီ အထောက်အပံ့များ ရရှိထားခြင်းနှင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများက လူ့အခွင့်အရေးဆိုင်ရာ ထောက်ပြ ဝေဖန်မှုများ၊ ကန့်ကွက်မှုများ ရှိခဲ့သောကြောင့် ထိုင်းအစိုးရ အနေနှင့် လုပ်ရကိုင်ရ ခက်ခဲ့ပြီး ယနေ့အချိန်အထိ ထိုင်းနိုင်ငံ တောင်ပိုင်း တည်ငြိမ် အေးချမ်းမှု မရှိသေးပေ။

လူဦးရေ ပေါက်ကွဲနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရေကြည်ရာ မြက်နုရာ၊ နယ်မြေကျယ်ဝန်းရာ အိမ်နီးချင်း နိုင်ငံများသို့ ရွှေ့ပြောင်း အခြေချမှု သို့မဟုတ် နယ်စပ်ဖြတ်ကျော် နေထိုင်ကြခြင်းကြောင့် ပေါ်ပေါက် လာသော ပြဿနာကို အစိုးရ အဆက်ဆက် စီမံခန့်ခွဲ ကိုင်တွယ်မှု ညံ့ဖျင်းခဲ့ခြင်း၊ အကျင့်ပျက်ခြစားခြင်း၊ ခွဲခြားဆက်ဆံခြင်းတို့ကလည်း ဘာသာရေး အစွန်းရောက်များကို အခွင့်အရေး ပေးလိုက်သကဲ့သိ့ု ဖြစ်သွားစေခဲ့သည်။

ထိုမှတစ်ဆင့် ဘာသာတူဆိုပါက မည်သည့် အကြောင်းနှင့်မဆို ကူညီ ထောက်ပံ့ရန် အသင့်ရှိသော သန်းပေါင်း များစွာရှိ ထောက်ပံ့ ငွေကြေးများကို အကြောင်းပြုကာ ရခိုင်ပြည်နယ်ရှိ အဆိုပါ ဒေသကို နိုင်ငံရေးအရ၊ လူ့အခွင့်အရေးအရ ဇာတ်လမ်းဆင် ပုံဖော်လာသော ပြဿနာများ ရှုပ်ထွေးကာ ထိုင်း တောင်ပိုင်းကဲ့သို့ ဖြစ်မသွားစေရေးအတွက် အစိုးရ၊ တပ်မတော်တို့ အနေနှင့် သတိကြီးကြီးထားကာ ကိုင်တွယ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း အကြံပြု တိုက်တွန်း အပ်ပေသည်။ 

အယ်ဒီတာ (၁၄-၁၁-၂ဝ၁၆)


  • VIA