News

POST TYPE

EDITORIAL

အာဟာရပြည့်သော နိုင်ငံသားများ ဖြစ်စေလို (Daily, Vol-4/No-186)
13-Nov-2016
အမေရိကန် ပြည်ထောင်စုသို့ အကြောင်းကြောင်းကြောင့် ရောက်သွားခဲ့ပြီး အခြေချ နေထိုင်ဖြစ်သွားသူ မိတ်ဆွေ တစ်ဦးက မြန်မာနိုင်ငံမှ အမေရိကသို့ လာရောက်သူ အများစု ဆေးစစ်ကြည့်လိုက်ပါက အာဟာရ မပြည့်မီ ဆိုသော မှတ်ချက် ထွက်လာကြောင်း ပြောဆိုချက်မှာ များစွာ စိတ်ဝင်စားဖွယ် ကောင်းလှသည်။

စားနိုင်၊ သောက်နိုင် လူလတ်တန်းစားတွင် ပါဝင်သူများအတွက်မူ ထိုသို့ မှတ်ချက်မျိုး ထွက်လာသည့်အတွက် ဘဝင်မကျ ဖြစ်မိသော်လည်း မြန်မာနိုင်ငံသား အများစု၏ နေထိုင်စားသောက်မှု ပုံစံမှာ လူတစ်ဦးအတွက် တစ်နေ့တာ လိုအပ်သည့် အာဟာရ တန်ဖိုးများ အချိုးကျစွာ ပါဝင်ခြင်း မရှိ၍ဖြစ်ကြောင်း သတိပြုမိသွားစေသည်။

အထူးသဖြင့် လူတစ်ဦးအတွက် လိုအပ်သည့် အာဟာရ ပြည့်စုံရုံသာမက ပိုလျှံနေခြင်းကြောင့် ဖက်တီး တိုင်းပြည်ဟုပင် ကင်ပွန်း တပ်ခံရလောက်အောင် အဆီ၊ အဆိမ့်၊ အချို ကိုလက်စထရော များသော အစားအသောက်များကိုမှ ခုံမင်လှသည့် အမေရိကန်တို့အတွက် မြန်မာနိုင်ငံမှ လာသူများ အာဟာရ မပြည့်ဟု မြင်ခြင်းမှာ မလွန်ပေ။

အခြားတစ်ဖက်က ကြည့်လျှင်မူ ဆင်းရဲသော နိုင်ငံနှင့် ချမ်းသာသော နိုင်ငံများ အကြားတွင်လည်း စီးပွားရေးရေချိန်၊ လူတစ်ဦးချင်း ဝင်ငွေ၊ လူမှု အဆင့်အတန်း ကွဟာချက်တို့အပေါ် မူတည်ကာ အစားအစာ၊ စားသောက်မှု ပုံစံများလည်း ကွာခြားချက် ကြီးနိုင်ပေသည်။

လူ၏ ခန္ဓာကိုယ်ကြံ့ခိုင် ကျန်းမာရေးသည် အစားအသောက်၊ အနေအထိုင်အပေါ် မူတည်သလို ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်မှုသည်လည်း ဦးနှောက် ဉာဏ်ရည် ဖွံ့ဖြိုးကြီးထွားမှုနှင့် တိုက်ရိုက် ဆက်စပ်နေပေသည်။

နိုင်ငံတစ်ခု ပြုပြင်တည်ဆောက်ရာတွင် ကာယစွမ်းအားနှင့် ဉာဏစွမ်းရည် မြင့်မားသော နိုင်ငံသားများ၏ အကူအညီ များစွာ လိုအပ်သည့်အတွက် မြန်မာနိုင်ငံအနေနှင့်လည်း နိုင်ငံသားတို့၏ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ရေး ကိစ္စကို အထူး အလေးထားရန် လိုပေသည်။

မြန်မာနိုင်ငံအတွက် အနီးဆုံး၊ အထင်ရှားဆုံး ဥပမာ ပေးရလျှင် ဒုတိယ ကမ္ဘာစစ်ကာလက ဂျပန်လူမျိုး အများစုမှာ မြန်မာလူမျိုးများထက်ပင် သေးကွေး ပုညှက်သူများ ဖြစ်သော်လည်း မေဂျီဟု မြန်မာနိုင်ငံတွင် လူသိများသည့် မဲဂျိ ဘုရင် လက်ထက်တွင် အစားအသောက်၊ ဝတ်စားဆင်ယင်မှုများကိုပါ ခေတ်နှင့်အညီ ပြုပြင် ပြောင်းလဲခဲ့သောကြောင့် ယနေ့ ဂျပန်လူမျိုးများ၏ အရပ်အမောင်း၊ ခန္ဓာကိုယ် ကြံ့ခိုင်မှုနှင့် ဉာဏ်ရည် အဆင့်အတန်း မြင့်မားသွားခြင်းဖြစ်သည်။

ငြိမ်းချမ်းသော ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်ဖြင့် နိုင်ငံပြန်လည် တည်ဆောက်ပြုပြင်ရေး လုပ်ငန်းများ ဆောင်ရွက်နေသော မြန်မာနိုင်ငံ အနေနှင့် ယနေ့ မြန်မာနိုင်ငံသားများ၏ အစားအသောက်အပေါ် အလေးအနက် မထားသော စရိုက် သဘာဝကို အလေးအနက်ထား ပြုပြင်ရမည်ဖြစ်သည်။

ဆိုလိုသည်မှာ အစိုးရ တာဝန်ရှိသူများ ကိုယ်တိုင် ကြီးကြပ် ထိန်းကွပ်သည့်နေရာတွင် ရှိနေသည့်ကြားက အရည်အသွေး မပြည့်မီသော စားသုံးဆီများ၊ စားသောက်ကုန်များ၊ ပိုးသတ်ဆေး အလွဲသုံး သစ်သီးဝလံများ၊ ရက်လွန်နီး အစားအသောက်များ တင်သွင်း၊ ထုတ်လုပ်၊ ရောင်းချခွင့်ပြုနေခြင်းကို ဦးစွာ ပြုပြင်ရမည်ဖြစ်သည်။

ထို့နောက် နိုင်ငံသားတို့ ဝင်ငွေတိုးလာစေရန် စီးပွားရေးဦးမော့လာစေရန် လိုအပ်သည့် စီးပွားရေးမူဝါဒများ၊ ဥပဒေများ၊ ဆက်သွယ်ရေး၊ လမ်းပန်း၊ လျှပ်စစ်မီး၊ အင်တာနက်မြန်နှုန်း၊ ကြိုးနီးစနစ်လျှော့ချခြင်းကဲ့သို့ အခြေခံ အဆောက်အဦ သို့မဟုတ် ရေခံမြေခံများ အသင့်ပြင်ဆင်ထားရမည်ဖြစ်သည်။

လတ်တလောအားဖြင့် ၉ဝ ရာခိုင်နှုန်းခန့် ရှိသော အောက်ခြေ ပြည်သူလူထုအတွက် အခြေခံ လူထုကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအတွက် ဘဏ္ဍာငွေ တိုးမြှင့်ချထားခြင်း၊ ကျွမ်းကျင်ဝန်ထမ်းများ၊ ဆေးဝါးများ၊ ဆေးဝါး အထောက်အကူ ပစ္စည်းများ၊ အခြေခံပညာ ကျောင်းများအတွက် အာဟာရ အစီအစဉ်များ ပြင်ဆင ်ဆောင်ရွက်ခြင်းဖြင့် အာဟာရပြည့်မီပြီး ကာယ၊ ဉာဏ စွမ်းအား ထက်မြက်သော နိုင်ငံသားအဖြစ် ပျိုးထောင်ပေးပါမည့် အကြောင်း တိုက်တွန်း အပ်ပေသည်။

အယ်ဒီတာ (၁၃-၁၁-၂ဝ၁၆)


  • VIA