News

POST TYPE

EDITORIAL

အမေရိကန် မူဝါဒ အပြောင်းအလဲ ရှိလာမည်လော (Weekly, Vol-12/No-42)
11-Nov-2016

အမေရိကန် သမိုင်းတွင် ရွေးချယ်ရ အခက်ဆုံး သမ္မတ ရွေးကောက်ပွဲတွင် အငြင်းပွားဖွယ် မယဉ်မကျေး၊ မဖွယ်မရာ မှတ်ချက်စကားများ ပြောလေ့ရှိသူ ဒေါ်နယ်ထရမ့် အနိုင်ရရှိကာ အမေရိကန် ပြည်ထောင်စု၏  ၄၅ ဦးမြောက် သမ္မတအဖြစ် ရွေးကောက် တင်မြှောက် ခံလိုက်ရပြီဖြစ်သည်။

 

သမ္မတလောင်း နှစ်ဦးစလုံးမှာ မနှစ်မြို့ဖွယ် ပြစ်ချက်များ ကိုယ်စီ ရှိနေသောကြောင့် အမေရိကန် သမ္မတ ရွေးကောက်ပွဲများအနက် မည်သူ့ကို မဲပေးသင့်ကြောင်း ဆုံးဖြတ်ရန် အကျပ်အရိုက်ဆုံး အခက်ခဲဆုံး သမ္မတ ရွေးကောက်ပွဲလည်း ဖြစ်သည်။

 

အလုပ်နှင့် ကိုယ်ရေး ကိုယ်တာ စွက်ဖက်၊ ရောယှက်မှုများ၊ အလိမ်အညာများ၊ IS ခေါ် အစ္စလာမ္မစ် အစွန်းရောက်များနှင့် အဆက်အဆံ ရှိကြောင်း အထောက်အထားများ ထွက်ပေါ်လာခြင်းက ဟီလာရီ ကလင်တန်ကို ရွေးချယ်ရန် အမေရိကန် ပြည်သူများ လက်တွန့်သွားစေခဲ့သည်။

 

ဒေါ်နယ်ထရမ့်မှာမူ ပြည်တွင်းရှိ ရွှေ့ပြောင်း အခြေချ နေထိုင်သူများအပေါ် မနှစ်မြို့ဖွယ် ပြောစကားများ၊ မက္ကဆီကို နယ်စပ်ကို တံတိုင်းခတ်မည် ဖြစ်ကြောင်း ပြောဆိုချက်၊ အစ္စလာမ် ဘာသာဝင်များ၊ အစွန်းရောက်များအပေါ် ပေးသည့် မှတ်ချက်စကားများ၊ အမျိုးသမီးများအပေါ်  နှိမ်ချစော်ကားသော စကားများ၊ အပြုအမူများကြောင့် အမေရိကန် ပြည်သူ တစ်ဝက်နီးပါးခန့်၏ ဆန့်ကျင်ခြင်းကို ခံရသူ ဖြစ်သည်။

 

ထို့ကြောင့် အမေရိကန် သမ္မတ ရွေးကောက်ပွဲသည် တည့်တည့် ပြောရပါက အမေရိကန် ပြည်သူများက အခြား ရွေးချယ်စရာ မရှိဘဲ လူလိမ်နှင့် လူမိုက် နှစ်ဦးအနက် တစ်ဦးကို  မဖြစ်မနေ ရွေးချယ်ရသည့်ပွဲဟု ဆိုနိုင်ပေရာ နောက်ဆုံးတွင် လူမိုက်ဆန်ဆန် စကားများပြောသူ ဒေါ်နယ်ထရမ့်ကို အများစုက ရွေးချယ် လိုက်ကြခြင်းပင် ဖြစ်သည်။

 

မြန်မာပြည်သူ အများစုသည် မြန်မာနိုင်ငံ အကြောင်းကို ပို၍ နားလည်ပေးနိုင်သူ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပုဂ္ဂိုလ်ရေး ချစ်ခင် ရင်းနှီးမှု ရှိသူ၊ မြန်မာ့ ဒီမိုကရေစီ အရေးကို ကူညီထောက် ခံခဲ့သူ ဟီလာရီ ကလင်တန်အား အနိုင် ရရှိစေလိုကြသည့်အတွက် ထရမ့် အနိုင်ရသွားခြင်းကို စိတ်ပျက်လက်ပျက် ဖြစ်သွားဖွယ် ရှိသည်။

 

ထို့အတူ ဒေါ်နယ်ထရမ့် အနိုင် ရရှိသွားခြင်းကြောင့်  မြန်မာနိုင်ငံအပေါ် အမေရိကန်၏ မူဝါဒများ အပြောင်းအလဲ ဖြစ်ပေါ်လာနိုင်မည်လော စိုးရိမ် ပူပန်မှုများ ဖြစ်ပေါ်နေကြသော်လည်း မည်သည့်ပါတီ အနိုင်ရသည်ဖြစ်စေ အမေရိကန်၏ နိုင်ငံခြားရေး မူဝါဒနှင့် မြန်မာနိုင်ငံအပေါ် ထားရှိသည့် မူဝါဒမှာမူ  ထူးခြား သိသာစွာ အပြောင်းအလဲ ဖြစ်ပေါ်လာဖွယ် မရှိနိုင်ပေ။

 

ဆိုလိုသည်မှာ အမေရိကန် ပြည်ထောင်စု၏ ရပ်တည်ချက်နှင့် မူဝါဒသည် မူလ ရှိရင်းစွဲ အခြေအနေများနှင့် များစွာ မကွာခြားဘဲ မူလအတိုင်း ကမ္ဘာနှင့်အဝန်း ဒီမိုကရေစီဝါဒ ထွန်းကားရေး ကိစ္စရပ်များတွင် ယခင်အတိုင်း ကူညီ ထောက်ပံ့ပေးမည်ဖြစ်ပြီး  ကမ္ဘာ့အင်အားချိန်ခွင်လျှာညှိသည့် ကိစ္စရပ်များတွင်သာ ဒီမိုကရက် တစ်ပါတီ၏ နည်းလမ်းနှင့် ခပ်ပါးပါး ကွဲလွဲသွားနိုင်ပေသည်။

 

အမေရိကန် ပြည်ထောင်စု၏ မူဝါဒရေးရာ အပြောင်းအလဲ ရှိနိုင်ခြေများကို လက်ရှိ ဒီမိုကရက်တစ် ပါတီ၏ အိုဘားမားအစိုးရ လုပ်ကိုင်ဆောင်ရွက်မှုများအပေါ် ရီပါဘလစ်ကန်များ ကြီးစိုးထား သည့် ကွန်ဂရက် လွှတ်တော်က ထောက်ခံ၊ ကန့်ကွက်မှုများကို လေ့လာကြည့်လျှင် လာမည့်ထရမ့် အစိုးရသစ်၏ မူဝါဒ အပြောင်းအလဲကို ရိပ်ဖမ်း သံဖမ်း သိနိုင်သည်။

 

မည်သို့ပင်ဖြစ်စေ အမေရိကန် ပြည်သူများသည် လူလိမ်နှင့် လူမိုက် နှစ်ဦး ယှဉ်ပြိုင်သကဲ့သို့ ဖြစ်နေသော သမ္မတ ရွေးချယ်ပွဲတွင် ၎င်းတို့၏ သမ္မတအဖြစ် လူမိုက်ဟုဆိုရမည့် ဒေါ်နယ်ထရမ့်ကို ရွေးချယ် လိုက်ပြီးနောက် မြန်မာနိုင်ငံနှင့် ကမ္ဘာ့ရေးရာများအပေါ် အမေရိကန် ပြည်ထောင်စု၏ ရပ်တည်ချက်၊ အပြောင်းအလဲ မည်သို့ ရှိလာမည်ကို စောင့်ကြည့်ရန်သာ ရှိပေသည်။

 

အယ်ဒီတာ(၉-၁၁-၂ဝ၁၆)



  • VIA