News

POST TYPE

EDITORIAL

ပန်းပျိုးလက်များသို့ မေတ္တာရပ်ခံခြင်း (Daily, Vol - 4/ No-182)
09-Nov-2016

ယခုတစ်လော အခြေခံပညာရေး လောကရှိ အစိုးရကျောင်းနှင့် ပုဂ္ဂလိက ဘော်ဒါကျောင်းများတွင် ကျောင်းသူ၊ ကျောင်းသား အချို့အပေါ် လွန်လွန်ကဲကဲ ရိုက်နှက် ဆုံးမသည့် သတင်းများနှင့် ရိုက်နှက် ဆုံးမခြင်းအပေါ် အပြန်အလှန် ထောက်ခံ ဆန့်ကျင်သည့် အချေအတင် အငြင်းပွားမှုများ အတွေ့ရများလာသည်။


ပညာရေး စိတ်ပညာ ပါမောက္ခဟောင်း တစ်ဦးဆိုလျှင် လိုအပ်ပါက သို့မဟုတ် ရွေးချယ်စရာ နှစ်ခုအနက် အသင့်တော်ဆုံး တစ်ခုအဖြစ် ရိုက်နှက် ဆုံးမခြင်းကို ရွေးချယ်နိုင်ကြောင်း အင်တာဗျူး တစ်ခုတွင် အံ့အားသင့်ဖွယ် ဖြေဆိုသွားခြင်းမှာ မြန်မာနိုင်ငံတွင် ကလေးငယ်များအား ရိုက်နှက် ဆုံးမခြင်းကို ဆရာများ ကိုယ်တိုင် လက်ခံနေဆဲပင်လောဟု စောကြောစရာ ဖြစ်စေခဲ့သည်။

 

ပိုဆိုးသည်မှာ အဆိုပါ ပါမောက္ခသည် ကျောင်းစည်းကမ်း ဖောက်ဖျက် ကျူးလွန်သော ကျောင်းသားများကို အပြစ်ပေးရန် အမျိုးမျိုး အဖုံဖုံသော နည်းလမ်းများစွာ ရှိနေလင့်ကစား ကျောင်းထုတ်ခြင်းနှင့် ရိုက်နှက် ဆုံးမခြင်း နည်းလမ်း နှစ်မျိုးကိုသာ စဉ်းစားခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ ပါမောက္ခကို လွန်ခဲ့သော အနှစ် ၂ဝ ကျော် ၁၉၉၅ ခုနှစ်ခန့်က သင့်ဘဝ အောင်မြင်ရေး မဂ္ဂဇင်းတွင် ကလေးသူငယ်များကို တုတ်မိုး စာသင်ကြားခြင်း၊ ရိုက်နှက် ဆုံးမခြင်းတို့၏ ဆိုးကျိုးများကို ထောက်ပြထားသည့် “ကြောက်စိတ်”ဆိုသော အမည်ဖြင့် မောင်သစ်ဆင်း ရေးသားသော မျက်နှာဖုံး ဆောင်းပါးကို ပြန်လည်ဖတ်ရှုရန် အကြံပြုလိုပေသည်။

 

ငယ်ငယ်ကပင် ရိုက်နှက်ဆုံးမခြင်းကို မိရိုးဖလာသဘော ခံယူကျင့်သုံး လာခဲ့သော မြန်မာလူ့အဖွဲ့အစည်းတွင် အငုံ့စိတ်များ၊ အကြောက်တရားများ ကြီးစိုးနေခြင်းမှာ ပညာရေးနယ်ပယ်တွင် ရှိနေသူ ဆရာ၊ ဆရာမများ၏ ခံယူချက် အမှား၊ နားလည်မှု အလွဲများကလည်း အဓိက အကြောင်းအရင်းများတွင် ပါဝင်သည်။

 

အထူးသဖြင့် အလုပ် မဝင်ခင်နှင့်  အလုပ်သင်စ ဆရာ၊ ဆရာမများကို ပြန်လည် သင်ကြား ပို့ချပေးနေသော ပါမောက္ခအဆင့်ရှိသူ တစ်ဦးပင်လျှင် ရိုက်နှက်ဆုံးမခြင်းကို ထောက်ခံသယောင် ပြောဆိုခြင်းသည် မြန်မာလူ့အဖွဲ့အစည်း အတွက် အန္တရာယ် ကြီးလှသည်။

 

လိုအပ်ပါက ရိုက်နှက် ဆုံးမခြင်းသည် ကလေးကို လိမ္မာရေးခြား ရှိရန်၊ ပို၍ ထူးချွန် ထက်မြက်စေရန် ပံ့ပိုး အားပေးနိုင်ခြင်း ရှိ မရှိ ရိုက်နှက် ဆုံးမခြင်းကို ဥပဒေဖြင့် တားမြစ်ထားသည့် အဆင့်သို့ ရောက်နေသော အနောက်နိုင်ငံများနှင့် မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေကို နှိုင်းယှဉ်ကြည့်လျှင်ပင် ပြောစရာ မလိုသော ကိစ္စဖြစ်သည်။

 

လိမ္မာရေးခြားရှိရန် စေတနာဖြင့် မလွှဲမရှောင်သာ ရိုက်နှက်ဆုံးမသည်ဆိုသော လှပသော အကြောင်းပြချက်ဖြင့် ၎င်းတို့၏ အရုပ် ဆိုးလှသော ဒေါသ၊ အတ္တ၊ အလွဲမာနနှင့် အယူအဆ အလွဲများကို ဖုံးကွယ်ရန် ကြိုးစား နေသမျှ မြန်မာကလေးသူငယ်များ အငုံ့စိတ် သို့မဟုတ် သိမ်ငယ်စိတ်နှင့် ကြောက်စိတ်ကြီးစိုးနေဦးမည်ဖြစ်သည်။

 

ကမ္ဘာ့လူ့အဖွဲ့အစည်းကို တစ်နေ့တခြား ပို၍ ယဉ်ကျေးသော၊ ပို၍ စာနာ နားလည်သော၊ ပို၍လူသားဆန်သော၊ လူပီသသော၊ စွမ်းရည်မြင့်သော လူ့ဘောင် အဖွဲ့အစည်းအဖြစ် ထူထောင်ကြရာတွင် ပန်းကလေးများနှင့်တူသော ကလေးသူငယ်များမှာ မျက်မှောက်နှင့် အနာဂတ် လူ့အဖွဲ့အစည်းအတွက် အထူး အရေးကြီးလှသည်။

 

နိုင်ငံတစ်ခုချင်းစီအလိုက်ရှိနေကြသော ပန်းပျိုးလက်နှင့်တူသည့် ပညာရေး လောကသားများ၊ ဆရာ၊ ဆရာများအနေနှင့် ပန်းတို့၏ သဘာဝတရားနှင့် လျော်ကန် ညီညွတ်စေမည့် ပေါင်းသင်၊ ရေလောင်း၊ ပြုစုခြင်းမျိုးဖြင့်သာ အပြစ် အနာအဆာ၊ ဒဏ်ရာ ဒဏ်ချက်ကင်းသော ပန်းကလေးများအဖြစ် ဖူးပွင့်လာကြပါစေမည့်အကြောင်း အထူးတလည် မေတ္တာရပ်ခံ လိုပေသည်။

 

အယ်ဒီတာ (၈-၁၁-၂ဝ၁၆)



  • VIA