News

POST TYPE

EDITORIAL

ကမ္ဘောဒီးယား ဥပမာ (Daily, Vol-4/No-181)
08-Nov-2016
၁၉၉ဝ ပြည့်နှစ်လွန်နှစ်များမှစတင်၍ ကမ္ဘောဒီးယားနိုင်ငံ ပြန်လည် ထူထောင်ရေး အလို့ငှာ နိုင်ငံတကာ အဖွဲ့အစည်း များစွာက အကူအညီ အထောက်အပံ့များ ပေးအပ် လာခဲ့သည်မှာ ယနေ့အချိန်အထိတိုင်ဖြစ်သည်။

တစ်ဆက်တည်း ဆိုသလိုပင် နိုင်ငံတကာမှ NGO များ အလုံးအရင်းဖြင့် ဝင်ရောက်လာပြီး နိုင်ငံအတွင်းရှိ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး နယ်ပယ်များတွင် ပရောဂျက်များ ဖန်တီး လုပ်ကိုင်လျက်ရှိရာ တရားဝင် မှတ်ပုံတင်ထားသော NGO စုစုပေါင်း ၃၅ဝဝ ကျော် ရှိနေပေသည်။ 

ကမ္ဘောဒီးယား အခြေစိုက် သတင်းသမားများကမူ အမှန်တကယ် အလုပ်လုပ်သော NGO အနည်းငယ်သာ ရှိပြီး ၂၅ ရာခိုင်နှုန်းခန့်သာ အများပြည်သူအတွက် သုံးစွဲကာ ၇၅ ရာခိုင်နှုန်းခန့်ကို ရုံးအသုံးစရိတ်အဖြစ် စာရင်းပြနေကြသည်က များကြောင်း ပြောဆိုကြသည်။

လက်တွေ့တွင်လည်း NGO အများစုမှာ ထိုအတိုင်းဖြစ်နေပြီး ကမ္ဘောဒီးယားနိုင်ငံမှာ ၎င်းတို့အတွက် ငွေတွင်းကြီး တစ်ခု၊ ဈေးကွက်ကြီး တစ်ခုပမာ ဖြစ်နေခဲ့သည်။
 
ယင်းအခြေအနေအပေါ် ဝေဖန်မှုများစွာ ရင်ဆိုင်လာရသောကြောင့် ၂ဝ၁၅ ခုနှစ်တွင် NGO များ စည်းကမ်းတကျ ဖြစ်စေရန် ကမ္ဘောဒီးယား ပြည်သူများနှင့် သက်ဆိုင်ရာ နယ်ပယ်များအပေါ် ထိရောက်သော ကူညီမှုများဖြစ်စေရန် NGO ဥပဒေတစ်ရပ် ပြဋ္ဌာန်းကာ ထိန်းကျောင်းခဲ့သည်။

ကမ္ဘောဒီးယား နိုင်ငံတွင် လုပ်ငန်းများ၊ စီမံကိန်းများ ပြကာ ဘယ်ဘက် အိတ်ကပ်မှ ညာဘက် အိတ်ကပ်သို့ ပြောင်းထည့် ဇိမ်ခံနေကြသော NGO များက အပြင်းအထန် ကန့်ကွက်နေသည့်ကြားက ယင်းဥပဒေကို ငါးနှစ်ခန့် အချိန်ယူခဲ့ရသည်။ 

မြန်မာနိုင်ငံတွင်လည်း ၂ဝဝ၈ ခုနှစ် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း ပြည်တွင်း၊ ပြည်ပ NGO များ စတင် ထူထောင် ဝင်ရောက်လာပြီး ဘေးဒဏ်သင့် ပြည်သူများကို လက်ညှိုးထိုးကာ စီးပွားလမ်းဖြောင့် သွားသော NGO အများအပြား ရှိခဲ့သည်။
 
အမှန်တကယ် လုပ်ငန်း ဆောင်ရွက်သော NGO အချို့ ရှိသော်လည်း မြန်မာ ဝန်ထမ်းများနှင့် မူရင်းနိုင်ငံ သို့မဟုတ် အလှူရှင် နိုင်ငံများမှ အနောက်တိုင်းသား ဝန်ထမ်းများအကြား လစာ၊ ခံစားခွင့် ကွာခြားလွန်းခြင်း၊ အသေးအဖွဲ ကိစ္စရပ်ကလေးများမှအစ ၎င်းတို့နိုင်ငံမှ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို စရိတ် စက များစွာ အကုန်အကျခံ ခေါ်ယူ အသုံးပြုခြင်း၊ ရုံးပိုင်းဆိုင်ရာ အသုံးစရိတ် ပိုကဲစွာ စာရင်းပြ သုံးစွဲခြင်း၊ ပရော်ဖက်ရှင်နယ် မဟုတ်သော ၎င်းတို့နှင့် နီးစပ်ရာ လူပုဂ္ဂိုလ်များကို ခေါ်ယူ ခန့်ထားခြင်း၊ ပရောဂျက် အကောင်အထည် ဖော်ရာ ဒေသခံ ပြည်သူလူထုနှင့် အဆင်မပြေခြင်း စသည့်ကိစ္စရပ် များစွာကြောင့် မြန်မာနိုင်ငံသည် ကမ္ဘောဒီးယား နိုင်ငံအပြီး ဒေသတွင်းတွင် အကြီးမားဆုံး NGO ဈေးကွက်သစ် တစ်ခုအဖြစ် ပေါ်ထွန်းလာခဲ့သည်။

ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများပင်လျှင် လက်သင့်ရာ ခန့်ထား၊ ကူညီခြင်း၊ ဘက်လိုက်ခြင်း၊ ခွဲခြားဆက်ဆံခြင်း ကဲ့သို့ ကိစ္စရပ်များ ဖြစ်ပေါ်နေပေရာ ကုလ အဖွဲ့အစည်း အချို့နှင့် NGO အချို့၏ လုပ်ကိုင် ဆောင်ရွက်ပုံများမှာ နိုင်ငံနှင့် ပြည်သူလူထုအတွက် ထိရောက်မှု အမှန်တကယ် ရှိပါ၏လောဟု မေးခွန်းထုတ်စရာ ဖြစ်လာပေသည်။
 
မြန်မာနိုင်ငံတွင်လည်း ကမ္ဘောဒီးယား နိုင်ငံကဲ့သို့ NGO များ၊ ယင်းနှင့် အလားတူ အခြား အဖွဲ့အစည်းများ ပိုမို စနစ်တကျ ရှိစေရန်နှင့် ဒေသခံ မြန်မာ ပြည်သူလူထုအပေါ် ထိရောက် လွှမ်းခြုံမှု ရှိစေရန် အလို့ငှာ ဥပဒေ တစ်ရပ် ရေးဆွဲ ပြဋ္ဌာန်း ကြီးကြပ်ရန် အထူး လိုအပ်နေကြောင်း သိစေလိုရင်း ဖြစ်သည်။ 

အယ်ဒီတာ (၇-၁၁-၂ဝ၁၆)


  • VIA