News

POST TYPE

EDITORIAL

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအတွက် ပြင်ဆင်စရာ (Daily, Vol-4/No-180)
06-Nov-2016
ဆင်းရဲသော နိုင်ငံများ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေရန်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ အရေးအကြီးဆုံး နေရာတွင် ရှိနေကြောင်း စီးပွားရေး အခြေခံ နားလည်သူတိုင်း သိရှိထားကြသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရာတွင် လာရောက် ရင်းနှီးမြှုပ်နှံသူများ လွယ်ကူ ချောမွေ့စေမည့် ရေခံ၊ မြေခံများ အဆင်သင့် ရှိနေရန်လည်း အရေးကြီးသည်။

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ အင်တာနက် မြန်နှုန်း၊ လမ်းပန်းနှင့် သယ်ယူ ပို့ဆောင်ရေး၊ လျှပ်စစ်မီး ကဲ့သို့သော အခြေခံ အဆောက်အဦများအပြင် လူသား အရင်းအမြစ်ဆိုင်ရာ ကိစ္စရပ်များလည်း အဆင်သင့်ဖြစ်ရန် လိုပေသည်။

အရည်အချင်းနှင့် စွမ်းဆောင်ရည် မြင့်မားသော ကျွမ်းကျင် လုပ်သားများ လေ့ကျင့် မွေးထုတ်ပေးရန် လိုအပ်ပြီး စက်ရုံ၊ အလုပ်ရုံများ၏ စံချိန်၊ စံညွှန်းကိုလည်း အထူး သတိထားရန် လိုသည်။
 
အထည်ချုပ် လုပ်ငန်းများနှင့် ပတ်သက်လျှင် ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဗီယက်နမ် နိုင်ငံတို့နှင့် ဒေသတွင်းတွင် ယှဉ်ပြိုင်ရမည် ဖြစ်သည့်အတွက် ယင်းနိုင်ငံများ၏ အခြေခံ အဆောက်အဦထက် မညံ့စေရန် သို့မဟုတ် သာလွန်စေရန် ပြင်ဆင်ထားရမည်ဖြစ်သည်။
 
ဂျာမနီ ကဲ့သို့ ထုတ်ကုန် တစ်ခု၏ လုပ်ငန်းစဉ် အားလုံးတွင် အရည်အသွေးနှင့် အရည်အချင်းကို အထူး ဦးစားပေးနေသော နိုင်ငံများသည် အခြေခံ လုပ်သားများ၏ အလုပ်ခွင် အခြေအနေနှင့် စက်ရုံများ၏ လုံခြုံစိတ်ချမှု၊ ကြံ့ခိုင်မှုတို့ကိုလည်း အထူး အလေးထားတတ်ခြင်းကို သတိပြုရမည် ဖြစ်သည်။

ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အထည်ချုပ် စက်ရုံ တစ်ရုံပြိုကျကာ အထည်ချုပ် လုပ်သား အမျိုးသမီးများ ရာနှင့်ချီ သေဆုံးသွားခဲ့ပြီးနောက် ဂျာမနီ ရင်းနှီးမြှုပ်နှံသူများ ယုံကြည်မှု လျော့ကျသွားခဲ့သည်။

၂ဝ၁၅ ခုနှစ်တွင် မြန်မာနှင့် ဂျာမနီ နှစ်နိုင်ငံအကြား စုစုပေါင်း ကုန်သွယ်မှု ပမာဏ ယူရိုငွေ ၃၅၄ သန်း ရှိခဲ့သည့်အနက် အထည်ချုပ်နှင့် ဖိနပ်ချုပ်လုပ်ငန်းများက အဓိက ဖြစ်သည်။
 
ထို့ကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအပေါ် ယုံကြည်မှု လျော့ကျသွားချိန်တွင် မြန်မာနိုင်ငံအတွက် အခွင့်ကောင်းအဖြစ် ယူဆကာ ကောင်းစွာ အသုံးချနိုင်ရန် အထည်ချုပ်၊ ဖိနပ်ချုပ် ကဲ့သို့ CMP လုပ်ငန်းများအတွက် အခြေခံ အဆောက်အဦများကို ကောင်းစွာ ပြင်ဆင်ထားရန် လိုပေသည်။

အထူးသဖြင့် လက်ရှိ အစိုးရအပေါ် နိုင်ငံတကာ၏ ယုံကြည်မှုနှင့် မျှော်လင့်ချက် များစွာ မြင့်မားနေသော ယနေ့ ကာလမျိုးတွင် ဂျာမနီ ကဲ့သို့ နိုင်ငံမျိုး၏ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နိုင်ရန် မိမိနိုင်ငံ၏ စီးပွားရေးရေခံ၊ မြေခံများကို အချိန်မဆိုင်း အရည်အချင်း မြှင့်တင် တည်ဆောက် ထားသင့်ကြောင်း တိုက်တွန်း အပ်ပေသည်။

အယ်ဒီတာ (၆-၁၁-၂ဝ၁၆)


  • VIA