News

POST TYPE

EDITORIAL

လူငယ်နဲ့ အိမ်တွင်းသူခိုး (Daily, Vol-4/No-179)
05-Nov-2016

ဒီဘက် နှစ်ပိုင်းတွေမှာ မြန်မာနိုင်ငံ တစ်ဝန်းက လူငယ်တွေကို ကြည့်ရင် မိုဘိုင်းလ်ဖုန်းနဲ့ မော်တော်ဆိုင်ကယ် တောင်းဆိုမှု၊ ဝယ်ယူ သုံးစွဲမှု တစ်ဟုန်ထိုး တက်လာတာကို တွေ့ရပြီး တစ်ဆက်တည်းမှာပဲ အဲဒီ နှစ်ခုအတွက် အသုံးစရိတ် မြင့်လာတာကိုလည်း တွေ့ရတယ်။ 

ဈေးပေါပြီး အထောက်အထား၊ မှတ်ပုံတင် လုပ်စရာ မလိုတဲ့အတွက် ဆင်းမ်ကတ် ဝယ်ယူတဲ့နှုန်း မြင့်လာတာ ဖြစ်ပေမယ့် ဖုန်းပြောခကတော့ သက်သာတယ်လို့ မပြောနိုင်တဲ့အတွက် အရင်က မပြောခဲ့ရသမျှ အတိုးချပြီး ပြောနေကြတဲ့ သူတွေအတွက် မကြာခင် ဝန်ထုပ်ဝန်ပိုး ဖြစ်လာတယ်။ 

တရုတ်လုပ် မော်တော် ဆိုင်ကယ်တွေက ဘာပဲပြောပြော ထိုင်းမှာ တပ်ဆင်တဲ့ ဂျပန်ဘီးတွေနဲ့ ယှဉ်ရင် အပုံကြီး သက်သာတာကြောင့် အရင်က ခြေလျင်သွားပြီး၊ စက်ဘီးပဲ အားကိုးခဲ့တဲ့ ကျေးလက်တွေအထိ အိမ်တိုင်းနီးပါး ဆိုင်ကယ် မဖြစ်မနေ ဝယ်လာကြသလို ဖြစ်လာတယ်။ 

အရင်က ဟိုနား ဒီနား လမ်းလျှောက်သွားပြီး နည်းနည်း ဝေးရင်၊ လှမ်းရင် စက်ဘီးပဲ အသုံးများခဲ့တဲ့ နယ်မြို့လေးတွေမှာ လမ်းထိပ်ကို ကွမ်းယာ ထွက်ဝယ်တာတောင် ဆိုင်ကယ်သုံးပြီး သွားလာနေကြတဲ့ အဆင့်အထိ ရောက်လာတယ်။ 

တကယ်တော့ တောရွာတွေမှာ အိမ်တိုင်းနီးပါး လိုအပ်တာက လက်တွန်းထွန်စက်လို၊ ခြွေလှေ့စက်လို လယ်ယာသုံး စက်ကိရိယာ အသေးစားတွေ ဆိုပေမယ့် မျိုးဆက်သစ် သားသမီးတွေရဲ့ ခေတ်ပေါ် အသုံးအဆောင် တောင်းဆိုမှုတွေကို မိဘတွေ မလွန်ဆန်နိုင်ကြဘူး။ 

အကျိုးဆက် အနေနဲ့ လကုန်ရင် ဖုန်းပြောခနဲ့ ဆိုင်ကယ် ဓာတ်ဆီဖိုး ကုန်ကျစရိတ်က မစားရ၊ မသောက်ရနဲ့ အိမ်တွင်း သူခိုးလို ဖြစ်ဖြစ်လာတာပဲ။ 

ခက်တာက ကိုယ်ပိုင် ဝင်ငွေ လောက်လောက်လားလား မရှာနိုင်သေးတဲ့ ဆယ်ကျော်သက် လူငယ်တွေအဖို့ ဒီနှစ်ခု မရှိရင် လူရာ မဝင်သလို ခံစားနေကြရပြီး  ဒီကုန်ကျစရိတ် နှစ်ခုအတွက် မိသားစု အပေါ်မှာ ဖိအားပေးသလိုလည်း ဖြစ်လာတာပဲ။ 

ဒါနဲ့ ဆက်စပ်ပြီး စဉ်စားကြည့်တဲ့အခါ ဆယ်ကျော်သက်တွေ ကျူးလွန်မှု များလာတဲ့ အသေးစား လုယက်မှု၊ ဖောက်ထွင်းမှု၊ အလစ်သုတ်မှု၊ ခိုးမှုတွေက ဒီ ဖုန်းပြောခနဲ့ ဆိုင်ကယ်ဆီဖိုး ဖြည့်ဆည်းဖို့ ရည်ရွယ်ချက်က အခြေခံ သဘောဖြစ်နေတာ တွေ့ရတယ်။ 

အလုပ်အကိုင် အခွင့်အလမ်း နည်းပါးတဲ့ အခြေအနေမှာ ဖုန်းနဲ့ ဆိုင်ကယ်ကို သုံးပြီး ကိုယ့်အတွက် ဝင်ငွေ ရအောင် မရှာနိုင်သေးဘဲ သူငါလို သုံးချင်၊ စီးချင်တဲ့ အဆင့်မျိုးသာ ရှိနေတဲ့ လူငယ်တွေ ဒီလို အသေးစား ပြစ်မှုလေးတွေ ကျူးလွန်ရင်း ငွေလွယ်လွယ် ရတာကို သာယာသွားရင် သူတို့ ဘဝအတွက် အင်မတန် အန္တရာယ် ရှိလာတယ်။ 

ဘာပဲပြောပြော ခေတ်ရဲ့ အခြေအနေအရ နေ့စဉ်သုံး ဆက်သွယ် သွားလာရေး ပစ္စည်းတွေကို လူငယ်တွေ တောင်းဆိုလာတာ သဘာဝ ကျနေတဲ့အတွက် ဒါကို ဇွတ်ပိတ်ပင်လိုက်ပြန်ရင်လည်း လူငယ်တွေဆီကနေ တွန်းကန်ဆန့်ကျင်တဲ့ အပြုအမူတွေနဲ့ ပြင်းပြင်းထန်ထန် တုံ့ပြန်လာနိုင်တယ်။ 

အရေးကြီးတာက ဒီလူငယ်တွေကို ဒီပစ္စည်းတွေ သူ့နေရာနဲ့သူ အကျိုးရှိအောင်၊ တန်ဖိုးရှိအောင်၊ ထိရောက်မှု ရှိအောင် သုံးတတ်ဖို့၊ ပြစ်မှု ကျူးလွန်တဲ့ဘက်ကို ရောက်မသွားဖို့၊ အိမ်တွင်း သူခိုးလို ဖြစ်နေတာကို မြင်လာဖို့ သူတို့ရဲ့ ဆင်ခြင်တုံ တရားနဲ့ အသိဉာဏ်ပညာကို မြှင့်တင်ပေးပြီး ထိန်းကျောင်းတတ်ဖို့က ပိုအရေးကြီးတယ် ဆိုတာကို သတိပေးချင်တာပါ။ 

အယ်ဒီတာ (၅-၁၁-၂ဝ၁၆) 

(လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေနှင့် ကိုက်ညီနေသောကြောင့် ၂ဝ-၂-၂ဝ၁၆ နေ့ထုတ် The Voice Sunday သတင်းစာတွင် ဖော်ပြခဲ့ပြီးသော အယ်ဒီတာ့အာဘော်ကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။)



  • VIA