News

POST TYPE

EDITORIAL

သုံးတတ်လျှင် ဆေး
05-Nov-2016
မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဖုန်း သုံးစွဲသူ ရာနှုန်း အများစုမှာ ဖုန်းပြောဆိုခြင်းနှင့် ဓာတ်ပုံ ရိုက်ကူးခြင်း၊ အွန်လိုင်းလူမှု ကွန်ရက် အသုံးပြုခြင်းမျှလောက်ကိုသာ အသုံးပြုမှု များပြားသဖြင့် ဖုန်းသုံးစွဲလိုက်ခြင်းကြောင့် အကျိုးရလဒ်ထက် ဖုန်းဘေလ် ကုန်ကျစရိတ်က ဖိစီးနှိပ်စက် လာသည့် အခြေအနေသို့ ရောက်မှန်းမသိ ရောက်လာသည်။

ယနေ့ အများပြည်သူထံသို့ လွတ်လပ်စွာ ဈေးသက်သာစွာ သုံးစွဲခွင့်ပြုလိုက်သည့် အချိန်တွင် နှစ်ပေါင်း များစွာ အောင့်အီး ထားခဲ့ရသည့် ပြည်သူ အများစုမှာ တစ်ဦးလျှင် မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ် အနည်းဆုံး နှစ်ခုမှ သုံးလေးခုခန့်အထိ ဝယ်ကိုင်ကာ မျိုသိပ်ထားခဲ့သည့် အနှစ် နှစ်ဆယ်စာ စကားများ၊ ခံစားချက်များ၊ မကျေနပ်မှုများကို မိုဘိုင်းလ် ဖုန်းများမှတစ်ဆင့် အန်ထုတ် သကဲ့သို့ ပြောဆိုခဲ့ကြသည်။

မိုဘိုင်းလ် ဖုန်းကုမ္ပဏီ သုံးခုထံမှ ဆင်းမ်ကတ်ပေါင်း သန်း လေးဆယ်ကျော်ခန့်ကို ၂ နှစ်နီးပါးခန့် ကာလအတွင်း ဝုန်းခနဲ ဝယ်ယူ သုံးစွဲလိုက်ခြင်းဖြင့် ပြည်သူများ၏ ဆာလောင် မွတ်သိပ်မှုကို ပြသခဲ့ကြပြီး ကမ္ဘာပေါ်တွင် အချိန်တိုအတွင်း ဆင်းမ်ကတ် ဝယ်ယူမှု အမြန်ဆုံး၊ ဖုန်းအပြော အများဆုံး စံချိန်တင်သည်အထိ ဖြစ်သွားခဲ့သည်။

အခြားတစ်ဖက်တွင်မူ ကမ္ဘာပေါ်တွင် အဆင်းရဲဆုံး၊ တစ်ဦးချင်းဝင်ငွေ အနိမ့်ဆုံး၊ စီးပွားရေး လုပ်ငန်း ထူထောင် လုပ်ကိုင်ရန် အခက်ခဲဆုံး၊ အခြေခံ အဆောက်အဦ အဆင့်အတန်း အနိမ့်ပါးဆုံး၊ တစ်နည်းအားဖြင့် လောလောဆယ် စီးပွားရေး အခွင့်အလမ်း အနည်းပါးဆုံး နိုင်ငံစာရင်းတွင် ရှိနေခြင်းကြောင့်  မိုဘိုင်းလ်ဖုန်း အလွန်အမင်း သုံးစွဲကြခြင်း၏ နောက်ဆက်တွဲ ဒဏ်ကိုလည်း ခံစားလာကြရသည်။

ဆိုလိုသည်မှာ မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် မိမိအတွက် ငွေကြေး၊ သတင်း အချက်အလက်၊ အသိပညာ တစ်စုံတရာ ရရှိရေးထက် အဓိပ္ပာယ် လေးနက်မှု မရှိသော တောင်စဉ်ရေ မရ စကားများ ပြောဆိုခြင်း၊ အွန်လိုင်းလှုမှုရေး ကွန်ရက်ပေါ်တွင် အကျိုး မများနိုင်သော ကိစ္စရပ်များဖြင့် အချိန် ဖြုန်းနေခြင်းတို့ကြောင့် မိမိ၏ မဆိုစလောက် ဝင်ငွေ အတွင်းမှ ရာနှုန်း အများစုကို ဖုန်းသုံးစွဲခ ကျသင့်ငွေက နှုတ်ယူနေခြင်းကို ဆိုလိုသည်။

နိုင်ငံတကာတွင်မူ မိုဘိုင်းလ်ဖုန်းကို လူချင်း မတွေ့ဆုံမီ အချိန်း အချက်ပြု၊ အရေးကြီးကိစ္စ အတိုချုပ် ပြော၊ စာတိုပေးပို့ခြင်းတို့တွင်သာ အသုံးပြုလေ့ ရှိကြသော်လည်း မြန်မာနိုင်ငံသား အများစုမှာမူ ယမန်နေ့ညက ကြည့်ထားသည့် တီဗီဇာတ်လမ်းတွဲမှ အကြောင်းအရာများအပြင် လူချင်း တွေ့မှသာ ပြောဆိုရမည့် အရေးမကြီးသော အလ္လာပ၊ သလ္လာပ ကိစ္စများအထိ နာရီနှင့်ချီ  ဖုန်းပြောတတ်ကြသူများ ဖြစ်သည်။

အချိန် ကြာလာသည်နှင့်အမျှ မိုဘိုင်းလ် ဖုန်းများသည် ကိုယ်ပိုင် ဝင်ငွေ မရှာနိုင်သူများ၊ ဝင်ငွေ နည်းပါးသူများ တစ်နည်းအားဖြင့် ဖုန်းဘေလ် ကုန်ကျစရိတ်မှတစ်ဆင့် ဝင်ငွေ မရှာဖွေနိုင်သူများ၏ အိတ်ကပ်အတွင်းမှ ပိုက်ဆံကို တစ်တိတိနှိုက်ယူမှန်း မသိ နှိုက်ယူလာသော အိမ်တွင်း သူခိုးပမာ ဖြစ်လာပေသည်။

အထူးသဖြင့် အလုပ်အကိုင် မရှိ၊ ကိုယ်ပိုင်ဝင်ငွေ မရှိသေးဘဲ မိဘအုပ်ထိန်းမှုအောက်တွင် ရှိနေသေးသူများကို မိုဘိုင်းလ်ဖုန်း ဝယ်ပေးထားခြင်းကြောင့် ဖုန်းဘေလ် ကုန်ကျစရိတ် အလို့ငှာ  မူးယစ်ဆေးဝါး ဖြန့်ချိရေး ကွန်ရက်အတွင်း ဝင်ရောက်သွားခြင်း၊ ခိုးမှု၊ လုယက်မှုစသည့် အသေးစား ပြစ်မှုများ ကျူးလွန်လာခြင်းကဲ့သို့ ဥပဒေ ပြင်ပ နည်းလမ်းများ သုံးကာ ရှာဖွေ လာနိုင်ပေသည်။

မည်သို့ပင်ဖြစ်စေ မိုဘိုင်းလ်ဖုန်းကြောင့် မလိုလားအပ်သော နောက်ဆက်တွဲ ပြဿနာများ နည်းပါး၊ ကင်းဝေးနိုင်စေရေးအတွက် နိုင်ငံသား တစ်ဦးချင်းစီ၏ ကိုယ်ပိုင်စဉ်းစား ဆင်ခြင်ဉာဏ်၊ ချင့်ချိန် တွေးခေါ်မှုနှင့် အသိပညာ ရေချိန်တို့ကို အသုံးချကာ ဆုံးဖြတ်နိုင်စွမ်း မြှင့်တင်ထားခြင်းအားဖြင့် သုံးတတ်လျှင် ဆေး၊ မသုံးတတ်လျှင် ဘေး ခွဲခြားနိုင်မည်ဖြစ်ကြောင်း အထူးဖော်ပြလိုပေသည်။

အယ်ဒီတာ(၂-၁၁-၂ဝ၁၆)


  • VIA