News

POST TYPE

EDITORIAL

ယာဉ်ကြောပိတ်ဆို့မှု သို့မဟုတ် စီမံခန့်ခွဲမှု ပြဿနာ (Vol-4/No-178)
04-Nov-2016

ရန်ကုန်မြို့တော်၏ တစ်နေ့တခြား ပို၍ ဆိုးရွားလာသော ယာဉ်ကြော ပိတ်ဆို့မှုကြောင့် အလုပ်ခွင်သို့ သွားရောက်သူများ ကားပေါ်တွင် အသွားအပြန် အချိန် ၂ နာရီခွဲမှ ၄ နာရီခွဲခန့်အထိ ကုန်ဆုံး နေရခြင်းမှာ စီးပွားရေး၊ လူမှုရေး ပြဿနာများ တိုးပွားလာရန် ဖိတ်ခေါ်နေသကဲ့သို့ ဖြစ်နေပေသည်။

 

ယာဉ်ကြော ပိတ်ဆို့မှုကို ဖြေရှင်းရန် ကြိုးစားနေသော်လည်း သာမန်လူတိုင်း စဉ်းစားနိုင်သော ခုံးကျော် တံတားများ တည်ဆောက်ခြင်းနှင့် ဘတ်စ်ကားများ စီးရေတိုးချဲ့ ပြေးဆွဲခြင်းမျှလောက်သာ တွေ့ရပြီး ထိုထက်ပိုပြီး ရင်းမြစ် အကြောင်းအရာ ရှာ၍ ရေရှည်ခံသော ဖြေရှင်းနည်း မတွေ့ရသေးပေ။

 

အရှေ့တောင် အာရှဒေသတွင် အစောဆုံး ပြေးဆွဲခဲ့သော မြို့ပတ် ရထားကို အရေအတွက်နှင့် အရည်အချင်း မြှင့်တင်ခြင်း၊ ဘတ်စ်ကား လိုင်းများနှင့် ချိတ်ဆက် ပြေးဆွဲခြင်းမျိုး လှိုင်မြစ်နှင့် ငမိုးရိပ်ချောင်းကို အသုံးချခြင်းတို့ မစဉ်းစားဘဲ သမားရိုးကျ နည်းဖြင့် ဖြေရှင်းရန် ကြိုးစားနေခြင်းမှာ နားလည်ရ ခက်လှသည်။

 

မြန်မာနိုင်ငံတွင် အာဏာရှင် အစိုးရနှင့် နီးကပ်စွာ ဆက်ဆံကာ အခွင့်အလမ်းများ ရရှိခဲ့သော လုပ်ငန်းရှင် အများစုမှာ ပြည်သူ အများစုအတွက် ရေရှည် ရင်းနှီးမြှုပ်နှံ ရတတ်ပြီး လတ်တလော အမြတ်ပေါ်ရန် မလွယ်ကူသော မီးရထား လုပ်ငန်းကို စိတ်ဝင်စားမှု မရှိခြင်းမှာ အဓိက အကြောင်းရင်း တစ်ရပ် ဖြစ်နိုင်ပေသည်။

 

စင်ကာပူနှင့် ဂျပန်နိုင်ငံတို့ကို ကြည့်လျှင် အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် ရထား လုပ်ငန်းကို အထူးအားစိုက်ချဲ့ထွင် တိုးမြှင့်ခဲ့ခြင်းကို တွေ့နိုင်ပေရာ သွားရောက်လေ့လာ အတုယူကာ မြန်မာနိုင်ငံတွင်လည်း အကောင်အထည် ဖော်သင့်လှသည်။

 

စင်ကာပူနိုင်ငံတွင် ဈေးသက်သာသော မြို့ပတ် ရထားများနှင့် ဘတ်စ်ကားများကို ချိတ်ဆက် ထားသောကြောင့် မြို့ပတ် ရထား စီးနင်းသူ များပြားသည့်အပြင် အချို့ ခရီးစဉ်များ၊ လမ်းကြောင်းများအတွက် ဘတ်စ်ကားကို မဖြစ်မနေ ပြောင်းလဲ စီးနင်းရန် စီစဉ်ထားသဖြင့် မြို့ပတ် ရထားရော၊ ဘတ်စ်ကားများပါ လိုအပ်သည့် ခရီးသည်နှင့် ဝင်ငွေ ရရှိနိုင်ပေသည်။

 

ရန်ကုန်မြို့တော်တွင်မူ ယနေ့ အချိန်အထိ အစွန်အဖျား မြို့နယ်များမှ ဘတ်စ်ကားများမှာ အဝေးပြေး ယာဉ်များသဖွယ် ရန်ကုန်မြို့လယ် ဧရိယာသို့သာ ဦးတည်ထားကာ ရှည်လျားလှသည့် ဘတ်စ်ကား လမ်းကြောင်းများ ဖြစ်နေခြင်းသည် ယာဉ်ကြော ပိတ်ဆို့စေသော အကြောင်းအရင်း တစ်ခုဖြစ်သည်။

 

ရန်ကုန်မြို့လယ် ဧရိယာရှိ လမ်းများသည် မြို့နယ် အသီးသီးမှ ဘတ်စ်ကားများ အားလုံးအပြင် တက္ကစီများ၊ ကိုယ်ပိုင်ယာဉ်များ၊ ကုမ္ပဏီ လုပ်ငန်းယာဉ်များ အားလုံးကို လက်ခံပေးနိုင်သော အခြေအနေ မရှိဘဲ မြို့နယ် ဧရိယာ သီးသန့် ပတ်လည် ပြေးဆွဲနေသော ဘတ်စ်ကားများ အတွက်သာ သင့်တော်ပေသည်။

 

စင်စစ်အားဖြင့် ယာဉ်ကြော ပိတ်ဆို့မှု ပြဿနာသည် စီမံခန့်ခွဲမှု ပြဿနာသာ ဖြစ်သည့်အတွက် ယင်းပြဿနာကို နိုင်နင်းစွာ စီမံခန့်ခွဲနိုင်ပါက နိုင်ငံတစ်ခုကိုလည်း အောင်မြင်စွာ စီမံခန့်ခွဲနိုင်ကြောင်း သိစေလိုရင်း ဖြစ်သည်။

 

အယ်ဒီတာ (၃-၁၁-၂ဝ၁၆)


  • VIA