News

POST TYPE

EDITORIAL

နိဟွန်း ဘီရုမာ ဆက်ဆံရေး(Daily, Vol-4/No-177)
02-Nov-2016

 

ဒေါ်အောင်ဆန်းစုကြည်၏ ယခုတစ်ကြိမ် ဂျပန်ခရီးစဉ်မှာ ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်မီ သွားခဲ့သော ခရီးစဉ်များနှင့် မတူဘဲ နိုင်ငံတော်အဆင့် ပထမဦးဆုံး ဖိတ်ကြားခံရသော ခရီးစဉ်ဖြစ်သောကြောင့် များစွာ ထူးခြားသည်။ 

ထု့ိအပြင် ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်အစိုးရ၏ အမြင့်ဆုံး ဖိတ်ကြားချက်ဖြင့် ဖိတ်ခေါ်သည့် ခရီးစဉ်ဖြစ်သည့်အတွက် ယခင့်ယခင် မြန်မာအစိုးရ အဆက်ဆက် ဂျပန်နိုင်ငံဘက်မှ ဖိတ်ကြားမှုများထက်လည်း သာလွန် ထူးခြားနေသည်ဟု ဆိုနိုင်သည်။ 

မြန်မာနှင့် ဂျပန်နိုင်ငံ ဆက်ဆံရေးကို ပြောရလျှင် ဒုတိယ ကမ္ဘာစစ်ကာလ ဗြိတိသျှ လက်အောက်မှ လက်နက်ကိုင် တော်လှန်ရေး နည်းလမ်းဖြင့် လွတ်လပ်ရေး အရယူရန် ဆုံးဖြတ်ထားသော ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော် သုံးကျိပ်မှ စတင်ခဲ့သည်ဟု ဆိုနိုင်သည်။ 

ခေတ်သစ် မြန်မာ့ တပ်မတော်တစ်ဖြစ်လဲ ဗမာ့ကာကွယ်ရေး တပ်မတော်၊ ဗမာ့လွတ်လပ်ရေး တပ်မတော်တို့၏ ခေတ်သစ် သေနင်္ဂဗျူဟာကို ဂျပန်ကာကွယ်ရေး တပ်မတော်ထံမှ စတင် သင်ယူခဲ့ခြင်းသည် မြန်မာနှင့် ဂျပန်နိုင်ငံအကြား စိတ်လှုပ်ရှားဖွယ်ရာ ဆက်ဆံရေး စတင်ခဲ့ခြင်း ဖြစ်သည်။ 

ထိုစဉ်က ဂျပန်စစ်အစိုးရ၏ ကတိ မတည်ကြည်မှုနှင့် မူလကပင် နောက်ကွယ် ရည်ရွယ်ချက် ရှိခဲ့ခြင်းကြောင့် မြန်မာနိုင်ငံကို အတုအယောင် လွတ်လပ်ရေး ပေးခဲ့ပြီး မြန်မာပြည်သူများအပေါ် ရက်စက်စွာ အုပ်ချုပ်ခဲ့ခြင်းက သမိုင်းမှတ်တမ်းဆိုး ဖြစ်ခဲ့သော်လည်း ဂျပန်ထံမှ ရရှိသော စစ်ပညာဖြင့် ဗြိတိသျှတို့ကို ဆန့်ကျင် တော်လှန် တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။ 

ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဗမာ့တပ်မတော်က ဂျပန်တို့ သင်ကြားပေးလိုက်သော စစ်ပညာနှင့်ပင် ဂျပန်ကို ပြန်လည် တော်လှန် တိုက်ခိုက်နိုင်ခဲ့ခြင်းမှာလည်း မြန်မာ့သမိုင်းတွင်ရော၊ ဂျပန့်သမိုင်းတွင်ပါ ထူးခြားသည့် သမိုင်းမှတ်တမ်း တစ်ရပ်ဖြစ်ခဲ့သည်။ 

သို့သော် ဒုတိယ ကမ္ဘာစစ်အပြီး စစ်ရှုံးခဲ့သော ဂျပန်နိုင်ငံ အနေနှင့် စစ်လျော်ကြေးများစွာ ပေးအပ်ခဲ့သည့်အပြင် မြန်မာနိုင်ငံ အပေါ်တွင်လည်း ယနေ့အချိန်အထိ အတိုးမဲ့ ချေးငွေများ၊ ချေးငွေ လျှော်ပစ်ခြင်းများနှင့် လူသားချင်းစာနာ ထောက်ထားသည့် အကူအညီပေါင်း များစွာ ပေးအပ်နေသော နိုင်ငံ ဖြစ်သည်။ 

ယနေ့ဆိုလျှင် မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံမှ စီးပွားရေး လုပ်ငန်း များစွာ ရင်းနှီးမြှုပ်နှံရန် တာစူလျက် ရှိနေပြီး မြန်မာသီလဝါ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း စီမံကိန်းတွင် ဂျပန်ကုမ္ပဏီအချို့ စတင် ရင်းနှီးမြှုပ်နှံလျက်ရှိပြီး ထားဝယ် ရေနက်ဆိပ်ကမ်းတွင်လည်း ရင်းနှီးမြှုပ်နှံရန် အလားအလာများ ရှိနေပြီဖြစ်သည်။ 

ထို့အတူ ယနေ့ကာလတွင် ဒေသတွင်း စီးပွားရေးအရ မဟာပြိုင်ဘက်များအဖြစ် ရောက်ရှိလာပြီး အတိတ် ကာလများကလည်း မကျေမချမ်းစရာ သမိုင်းဖြစ်စဉ်များ ရှိခဲ့သော တရုတ်နှင့် ဂျပန်နိုင်ငံအကြား မြန်မာပြည်သူများ၏ ကြည်ဖြူမှုအရရော စီးပွားရေး ဖွံ့ဖြိုးမှုအတွက်ပါ မြန်မာနိုင်ငံနှင့် ဂျပန် ဆက်ဆံရေးမှာ တရုတ်နှင့် မြန်မာ ဆက်ဆံရေးထက် ပို၍ ချောမွေ့ ပြေပြစ်ဖွယ် ရှိနေပေသည်။ 

မည်သို့ပင်ဖြစ်စေ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းဖြင့် စတင်ခဲ့သော ဂျပန်- မြန်မာ ဆက်ဆံရေးသည် ဗိုလ်ချုပ်၏သမီး ဒေါ်အောင်ဆန်းစုကြည် လက်ထက်သို့ ရောက်ရှိလာချိန်တွင် မည်သည့်ကာလနှင့်မျှ မတူ နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးမှု၊ ပူးပေါင်း ဆောင်ရွက်မှု၊ အပြန်အလှန် ကူညီမှုများ ဆတက် ထမ်းပိုး တိုးတက် အောင်မြင်နိုင်စေကြောင်း ယုံကြည် မျှော်လင့်အပ်ပေသည်။ 

အယ်ဒီတာ (၂-၁၁-၂ဝ၁၆)



  • VIA