News

POST TYPE

EDITORIAL

အညွန့် ခူးစားနေသူများ (Daily,Vol-4/No-176)
02-Nov-2016

စက်သုံးဆီ လက်ကားဈေးများ ကျဆင်းနေသော်လည်း လက်လီဈေးများ မကျသေးဘဲ တက်ဈေးဖြင့် တင်ရောင်းနေဆဲ အခြေအနေမှာ မြန်မာနိုင်ငံ၏ မပြောင်းလဲသေးသော အရာများစွာအနက် မပြောင်းမလဲ ရှိနေဆဲ ကိစ္စတစ်ခု ဖြစ်သည်။ 

မြန်မာနိုင်ငံအတွင်းသို့ ပမာဏ များစွာ စက်သုံးဆီ တင်သွင်းခွင့် ရရှိနေသူများကို ကြည့်လျှင်လည်း တပ်မတော်ပိုင် စီးပွားရေး ဦးပိုင်လီမိတက်နှင့် လက်တစ်ဆုပ်စာ ခရိုနီလုပ်ငန်းရှင်များသာ ဖြစ်ပြီး နိုင်ငံအနှံ့တွင် နာမည် အမျိုးမျိုး၊ ပုံစံအမျိုးမျိုး၊ စံချိန်စံညွှန်း အမျိုးမျိုးဖြင့် ရောင်းချနေသော စက်သုံးဆီ အရောင်းဆိုင်များမှာ ၎င်းတို့ထံမှတစ်ဆင့် ပြန်လည် ဝယ်ယူ ရောင်းချသူများသာ ဖြစ်သည်။ 

စက်သုံးဆီဆိုင် အားလုံး နီးပါးတွင် ရောင်းချနေသော ဆီအများစုမှာ မြန်မာနိုင်ငံ အတွင်းသို့ တင်သွင်း လာစဉ်ကပင် ဆီအရည်အသွေးနိမ့်များ ဖြစ်သည့်အပြင် အခြင်အတွယ် မမှန်ခြင်း သို့မဟုတ် လီတာ ခိုးခြင်း၊ ပိုညံ့သော ဆီများ ရောနှောခြင်းတို့ ရှိနေလင့်ကစား နိုင်ငံတကာ ပေါက်ဈေးထက် မြှင့်တင် ရောင်းချနေသည်မှာ ယနေ့အချိန်အထိ ဖြစ်သည်။ 

နိုင်ငံတကာ ဝင်ငွေ မရှိသော မြန်မာပြည်သူ အများစုမှာ အရည်အသွေး နိမ့်ကာ၊ အရောအနှောဖြင့် ရောင်းချနေသော လီတာခိုး စက်သုံးဆီများကို နိုင်ငံတကာ ပေါက်ဈေးထက် ပိုပေးဝယ်ယူရသည့်အပြင် ဆီအရည်အသွေး ညံ့ဖျင်းခြင်းကြောင့် ဆီပန့်နှင့် ပလပ်များ မကြာခဏ လဲလှယ်နေရခြင်း၊ အခြားစက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများကြောင့် ပြင်ဆင်ခ အမျိုးမျိုး ကုန်ကျခြင်းတို့ဖြင့် အခါခါ နစ်နာနေကြရပေသည်။ 

နိုင်ငံ၏ စီးပွားရေး အခြေအနေမှာလည်း ကုန်ခဲ့သည့် ငါးနှစ်ကာလထက် နိမ့်ပါးနေသည့်အတွက် ခြုံကြည့်ပါက နိုင်ငံသားတို့၏ ဝင်ငွေမှာ ယခင်နှစ်များထက် လျော့ကျနေချိန်တွင် စက်သုံးဆီ တင်သွင်း ရောင်းချနေသူများမှာမူ အခြေအနေ အားလုံးနှင့် ဆန့်ကျင်စွာ အမြတ်အစွန်း ကြီးစွာ ရနေခြင်းမှာ မဆီမလျော် ရှိလှသည်။ 

ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကို နိုင်ငံတကာသို့ တင်ပို့ ရောင်းချနေသော ထိပ်တန်းနိုင်ငံ စာရင်းဝင် နိုင်ငံမျိုးတွင် ပြည်တွင်းမှ လက်တစ်ဆုပ်စာ ချမ်းသာ ကြွယ်ဝသူ လူတစ်စုက လူလတ်တန်းစား၊ သာမန် ပြည်သူများနှင့် ဆင်းရဲ ကျပ်တည်းလှသော အခြေခံပြည်သူလူထု၏ ချွေးနှဲစာထဲမှ နှိုက်ယူစားသောက်နေသကဲ့သို့ ဖြစ်နေခြင်းမှာ များစွာ ဝမ်းနည်းစရာ ကောင်းလှသည်။ 

ပုဂ္ဂလိက လုပ်ကိုင်ခွင့်ပြုပေးထားသည်ဟု ဆိုသော်လည်း လူနည်းစုကသာ ချုပ်ကိုင်ထားပြီး ကြိုးနီစနစ်နှင့် အကျင့်ပျက် ခြစားမှုများကြောင့် ဆီဆိုင် တစ်ဆိုင် ဖွင့်ရန် ကုန်ကျစရိတ် မြင့်တက်မှုကို ရောင်းချသည့် ဆီအပေါ်မှ အမြတ် ပြန်ယူရန် လုပ်ငန်းရှင်တိုင်းက ကြိုးစားကြသည့်အတွက် နောက်ဆုံးအဆင့် စားသုံးသူ ပြည်သူကသာ ခါးစည်းခံကြရခြင်း ဖြစ်သည်။ 

ပြည်သူက ခါးစည်းခံရခြင်း သာမက လောင်စာဆီ ကုန်ကျစရိတ်နှင့် ချိတ်ဆက်နေသော သယ်ယူ ပို့ဆောင်ရေး၊ ထုတ်လုပ်ရေးနှင့် အခြား ဝန်ဆောင်မှု လုပ်ငန်း များစွာကို အပို ကုန်ကျစရိတ်များ တက်သွားစေခြင်းကြောင့် နိုင်ငံတော်၏ စီးပွားရေး ကဏ္ဍကြီး တစ်ခုလုံးကိုလည်း ထိခိုက်စေသည်။ 

ယင်းပြဿနာကို ဒေသတွင်းနှင့် အိမ်နီးချင်း နိုင်ငံများနည်းတူ နိုင်ငံတကာ လောင်စာဆီ ကုမ္ပဏီကြီး လေးခု သို့မှဟုတ် ငါးခုခန့်ကို မြန်မာနိုင်ငံတွင် တိုက်ရိုက် ရင်းနှီးမြှုပ်နှံခွင့် ပေးလိုက်ခြင်းအားဖြင့် အလွယ်တကူ ဖြေရှင်းနိုင်ပေသည်။ 

နိုင်ငံတကာ လောင်စာဆီ ကုမ္ပဏီကြီးများ ဖြစ်သည့်အတွက် လက်ရှိ ပုံစံကဲ့သို့ အပိုကုန်ကျစရိတ်များ၊ မသမာမှုများ မရှိတော့ဘဲ နိုင်ငံတကာ အရည်အသွေးမီ၊ အခြင်အတွယ်မှန်၊ နိုင်ငံတကာ ပေါက်ဈေးနှင့်အညီ စက်သုံးဆီ ရောင်းချပေးနိုင်ပြီး နိုင်ငံတော်အတွက်လည်း အခွန်ငွေ တစုတစည်းတည်း ရရှိနိုင်ပေသည်။ 

ဤမျှ ရိုးစင်းလွယ်ကူသော ကိစ္စကို ယနေ့အချိန်အထိ ပြုပြင် ပြောင်းလဲခြင်း မရှိသေးဘဲ ယခင်ပုံစံအတိုင်း တက်ဈေးဖြင့် မှိန်းရောင်းဆဲ သံသရာလည် နေခြင်းသည် မြန်မာစားသုံးသူ အခြေခံ ပြည်သူများအပေါ် နိုင့်ထက်စီးနင်းပြုရာ၊ နိုင်ငံတော်၏ စီးပွားရေး နယ်ပယ် တစ်ရပ်လုံးအပေါ် အညွှန့်ခူးစားရာ ရောက်ကြောင်း သိစေအပ်ပေသည်။ 

အယ်ဒီတာ (၁-၁၁-၂ဝ၁၆)



  • VIA