News

POST TYPE

EDITORIAL

လူနှင့်မူ (Daily, Vol-6/No-270)
19-Feb-2019

ခေါင်းဆောင်မှုနှင့်ပတ်သက်လျှင် ရှုထောင့်မျိုးစုံ၊ ချဉ်းကပ်မှုမျိုးစုံမှကြည့်၍ ပညာရှင်များစွာက အဓိပ္ပာယ်၊ သီအိုရီထုတ်၊ ရှင်းလင်းဖွင့်ဆိုကြသည့်အနက် မိမိကို ခေါင်းဆောင်တင်မြှောက်ထားသူများ၊ သို့မဟုတ် အများ၏ လိုလားမှုကို အခါခပ်သိမ်း မဖယ်ရှားခြင်း၊ လက်ခံစဉ်းစားခြင်း၊ အကောင်အထည်ဖော် အရေးယူပေးခြင်းသည်လည်း ပါဝင်သည်။

ခေါင်းဆောင်မှု အတတ်ပညာနှင့် စီမံခန့်ခွဲမှု စွမ်းရည်သည် နယ်ပယ်အသီးသီးတွင် အထူးအရေးကြီးသော နေရာတွင်ရှိနေပြီး အထူးသဖြင့် အာဏာနိုင်ငံရေးနယ်ပယ်တွင် ပြည်သူက ဆန္ဒမဲပေး ရွေးချယ်မြှောက်ထားသော ပါတီ၊ အစိုးရခေါင်းဆောင်တို့ဆိုလျှင် နိုင်ငံနှင့်ချီ၊ လူ့အဖွဲ့အစည်းနှင့်ချီ၍ စီမံခန့်ခွဲရသည့်အတွက် ပိုအရေးကြီးသည်။

ခေါင်းဆောင်တို့မည်သည် မိမိ ဦးဆောင်သော အဖွဲ့အစည်းကို လူဖြင့် စီမံခန့်ခွဲခြင်းထက် မူချမှတ်၍ စီမံခန့်ခွဲရခြင်းမှာ အများလက်ခံ သဘောပေါက်ထားသည့် နည်းလမ်းဖြစ်သည်။ လူ အခြေခံစဉ်းစားရာတွင် အမှားအယွင်း၊ အလွဲအချော်များအပြင် အဂတိလေးပါးနှင့် မလွတ်ကင်းသော နောက်ဆက်တွဲ ပြဿနာများစွာရှိသောကြောင့် ဖြစ်သည်။

မိသားစုတစ်စုမှသည် နိုင်ငံတော်အဆင့်၊ လူ့အဖွဲ့အစည်းအဆင့်အထိ သူ့အတိုင်းအတာနှင့်သူ စီမံခန့်ခွဲ အုပ်ချုပ်ရသည့်အခါ ကိုယ်စီကိုယ်ငှ ရှိနေသော အခြေခံရပ်တည်ချက်၊ ခံယူချက်များကိုမူတည်ကာ အကောင်အထည် ဖော်မည့်လုပ်ငန်းများအတွက် နည်းလမ်း၊ တာဝန်ပေးခန့်ထားသူများအတွက် အရည်အချင်းသတ်မှတ်ချက်၊ ၎င်းတို့နှင့်သက်ဆိုင်သော စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ၊ ထိုအချက်များနှင့် မညီညွတ်ပါက အရေးယူမည့် နည်းလမ်းအဆင့်ဆင့် တိကျစွာ ရေးဆွဲပြဋ္ဌာန်းထားရသည်။

တစ်နည်းအားဖြင့် အဖွဲ့အစည်းအတွင်း စီမံခန့်ခွဲ အုပ်ချုပ်မှုဆိုင်ရာ အခြေခံမူများ၊ စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများ တိကျခိုင်မာစွာ ရှိနေရမည်ဖြစ်ပြီး မည်သူ့ကိုမဆို ထိုမူများအတိုင်း စီမံခန့်ခွဲ၊ အရေးယူ၊ အပြစ်ပေး၊ ချီးမြှင့်၊ မြှောက်စားရသည်။

သာမန် ရပ်ကွက် သာရေး၊ နာရေးအသင်းမှသည် နိုင်ငံတော်အဆင့်အထိ မူချမထားဘဲ လက်သင့်သလို အခြေအနေ၊ အချိန်အခါလိုက်၍ ခေါင်းဆောင် အရိပ်အကဲ၊ ခေါင်းဆောင်၏ အကြိုက်လိုက်၍ လူကိုမူတည်ပြီး စီမံခန့်ခွဲအုပ်ချုပ်ပါက ပြဿနာများဖြင့် နပန်းလုံးကာ အဓိက ပန်းတိုင်မရောက်ဘဲ အချင်းချင်းအကြား မညီမညွတ်ဖြစ်၊ အုပ်စုများကွဲ၊ အုပ်စုကွဲများအကြား အပြန်အလှန် အပြစ်ရှာ၊ လွှဲချ၊ ခြေထိုး၊ အပုပ်ချ၊ တိုက်ခိုက်ဖယ်ရှားရင်း ရှေ့မရောက်ဘဲ ဘေးချော်တိမ်းစောင်းကာ နောက်ဆုံး ဖျက်သိမ်းပျက်စီးသွားတတ်သည်။

ဆိုလိုသည်မှာ “မူဖြင့် စီမံအုပ်ချုပ်ခြင်းမဟုတ်” လူကို ဦးတည်စဉ်းစား ဆုံးဖြတ်၊ စီမံခြင်းကြောင့် သူဌေးအကြိုက်၊ ဆရာအကြိုက်၊ ခေါင်းဆောင်အကြိုက် လုပ်သူ၊ အရည်အချင်းနည်းသူ၊ လက်ညှိုးထောင်၊ ခေါင်းညိတ်၊ အနားပြာများသာ နေရာရသွားတတ်ပြီး အနီးဆုံးအားဖြင့် အဖွဲ့အစည်းကို ထိခိုက်စေသည်။

ထို့ထက်မူ အဖွဲ့အစည်း၏ လွှမ်းခြုံပျံ့နှံ့မှု၊ ကိုယ်စားပြုမှုနယ်ပယ် ကျယ်လျှင်ကျယ်သရွေ့ ထိခိုက်နစ်နာ၊ ဆုံးရှုံးမှု ကြီးမားကျယ်ပြန့်သွားတတ်သည်။ နိုင်ငံတော်နှင့်ချီ လူ့အဖွဲ့အစည်းနှင့်ချီ စီမံခန့်ခွဲနေသော အဖွဲ့အစည်းမျိုးဖြစ်ပါက မျိုးဆက်နှင့်ချီ နစ်နာသွားနိုင်သည်။

အချို့ကိစ္စများသည် အာဏာနိုင်ငံရေးအရပင် ဆန်ရင်းကို နာနာဖွပ်ပြခြင်းဖြင့် လူထုထောက်ခံမှု၊ လူထု၏ ယုံကြည်ကိုးစားမှု ရယူခြင်းမျိုးအပြင် အခွင့်အရေးများစွာ ယူထားသော သို့မဟုတ် အပေါ်စီးကြိုယူထားသော အင်စတီကျူးရှင်းအချို့ သို့မဟုတ် ပြိုင်ဘက်အဖွဲ့အစည်းများ၏ နည်းလမ်းမကျ၊ လွန်ကဲမှုများကို ရင်ဆိုင်တုံ့ပြန်ရန်၊ ထိရောက်စွာ အရေးယူရန် နမူနာပြသည့်သဘောမျိုးလည်း သက်ရောက်ကြောင်း သိစေလိုရင်းဖြစ်သည်။

အယ်ဒီတာ (၁၉-၂-၂၀၁၉)