News

POST TYPE

EDITORIAL

ဓားစာခံ အနာဂတ် ခေါင်းဆောင်များ(Daily,Vol-4/No-174)
30-Oct-2016
ပခုက္ကူမြို့မှ ကိုယ်ပိုင် အထက်တန်းကျောင်း သို့မဟုတ် ပုဂ္ဂလိက အထက်တန်းကျောင်း တစ်ကျောင်းတွင် ကျောင်းဆရာ ဖြစ်သူက ဒသမတန်း ကျောင်းသား ပါးစပ်အတွင်း ဖားပြုတ်ထည့်ကာ ပါးရိုက်သည့်အပြင် ညစ်ညမ်းစွာ ဆဲဆိုအပြစ် ပေးသည့်သတင်းမှာ များစွာ အံ့အားသင့် စိတ်ပျက်ဖွယ် ကောင်းသော သတင်း ဖြစ်သည်။

မိဘအုပ်ထိန်းမှုအောက် အရွယ်သာ ရှိသေးသူ ကျောင်းသား တစ်ဦးအပေါ် ဤသို့ ရက်စက်စွာ ပြုမူခြင်းမှာ အပြစ်ရှိ၍ အပြစ်ပေး အရေးယူခြင်းထက် ကျောင်းသားကို အောက်တန်းကျကျ သေးသိမ်နုံနဲ့စွာ နှိပ်စက်ခြင်း မည်ပေသည်။

ယင်းသို့ စိတ်နှင့် ရုပ်ပိုင်းဆိုင်ရာ နှစ်မျိုးစလုံး အဆင့်အတန်း နိမ့်ကျသူ တစ်ဦး၏ လုပ်ရပ်ကို လျစ်လျူ ရှုထားသည့် ထိုကျောင်းနှင့် အရေးယူ အပြစ်မပေးဘဲ ထိုလုပ်ရပ်ကို တရားဝင် ခွင့်ပြုသကဲ့သို့ ဖြစ်နေခဲ့သည့် မြို့နယ် တာဝန်ရှိသူများ၏ တာဝန်မဲ့မှုကလည်း များစွာ အထင်သေးစရာ ဖြစ်စေခဲ့သည်။

ထိုနည်းတူစွာ အခြားသော ပုဂ္ဂလိက သို့မဟုတ် ကိုယ်ပိုင် အထက်တန်း ကျောင်းအချို့တွင်လည်း ကျောင်းသူ၊ ကျောင်းသားများအပေါ် မတော်မတရား ကျင့်ခြင်း၊ သွေးထွက်သံယို ရိုက်နှက်ခြင်း၊ ပါးရိုက် ခြိမ်းခြောက်ခြင်းကဲ့သို့ ရက်စက်မှုများ ကြားသိနေရပေသည်။

ထိုကဲ့သို့ သတင်းများ ဆက်တိုက်ဆိုသကဲ့သို့ ထွက်ပေါ်နေခြင်းမှာ ကောင်းသည့်လက္ခဏာ မဟုတ်သည့်အပြင် အခြား မှန်မှန်ကန်ကန် စည်းကမ်းတကျ လည်ပတ်နေသော ပုဂ္ဂလိက အထက်တန်းကျောင်းများကိုလည်း ရောနှော၍ နာမည် ပျက်စေသည်။

ပိုဆိုးသည်မှာ ထိုသို့ ထင်ရာစိုင်းနေသော ပုဂ္ဂလိကကျောင်း တစ်ကျောင်းမျှကိုပင် တရားဥပဒေ စိုးမိုးမှု ရှိစေရန် မထိန်းကျောင်းနိုင်သော၊ တရားဥပဒေနှင့်အညီ စီရင်ဆုံးဖြတ်နိုင်စွမ်း မရှိသော၊ ကျူးလွန်သူများကို အခွင့်အရေးပေး ထားသကဲ့သို့ ဖြစ်နေသော အခြေအနေအပေါ် သက်ဆိုင်ရာ နစ်နာသူ ကျောင်းသား မိဘများ၊ ဒေသခံများနှင့် ပြည်သူ တစ်ရပ်လုံးက အယုံအကြည် နည်းသွားနိုင်ခြင်း ပင်ဖြစ်သည်။

မြန်မာနိုင်ငံသားများသည် ငွေကြေးဖြင့်ဖြစ်စေ၊ အခမဲ့ ဖြစ်စေ၊ အစိုးရ ဝန်ထမ်း တာဝန်အရဖြစ်စေ မိမိတို့ကို စေတနာ၊ မေတ္တာအပြည့်ဖြင့် သင်ကြား ပြသပေးသူ ဆရာ၊ ဆရာမများအပေါ် မိဘနှင့် တစ်ဂိုဏ်းတည်း ထား၍ နာခံ၊ လေးစား၊ ရိုသေ တတ်သည့် စရိုက်သဘာဝ ရှိကြသူများ ဖြစ်သည်။

ယင်းအခြေအနေကို အခွင့်ကောင်း ယူကာ ကျောင်းသား၊ ကျောင်းသူများအပေါ် ဖက်ဆစ်ပုံစံ နှိပ်စက်ညှဉ်းပန်း အပြစ်ပေး အရေးယူသူတို့သည် ဆရာအဖြစ် နာမည် မခံသင့်တော့ဘဲ ဥပဒေအရ တရားစွဲဆို၊ အရေးယူခံစေခြင်း သို့မဟုတ် စိတ်ရောဂါကု ဆေးရုံသို့ ပို့လွှတ်ကုသမှု ခံယူစေခြင်း ကဲ့သို့ တုံ့ပြန်မှုမျိုးပင် လိုအပ်နေပေသည်။

စင်စစ်အားဖြင့် ကိုယ်ပိုင်ဆိုသော အမည်နာမကို အလွဲသုံးစား လုပ်ကာ တင်းကျပ်သော ကိုယ်ပိုင် စည်းကမ်း၊ စည်းမျဉ်းများဖြင့် ကျောင်းသား၊ ကျောင်းသူများကို အကျဉ်းသားများသဖွယ် အုပ်ချုပ်နေသော ကိုယ်ပိုင် အထက်တန်း ကျောင်း ခေါ် ပုဂ္ဂလိက အထက်တန်းကျောင်းများအပေါ် အခြေခံပညာ ဦးစီးဌာန သို့မဟုတ် ပညာရေး ဝန်ကြီးဌာန၏ ထိန်းသိမ်း ကြီးကြပ်မှု အားနည်းချက်ကြောင့် ထိုကဲ့သို့ ဖြစ်ရပ်ဆိုးများ ပေါ်ပေါက်နေခြင်း ဖြစ်သည်။

ထို့အပြင် ကိုယ်ပိုင် အထက်တန်းကျောင်း အချို့သည် ယနေ့အချိန်အထိ အက်ဆေး၊ စာစီစာကုံးကဲ့သို့ မိမိဘာသာ အားထုတ် ရေးသားရမည့် အရာမျိုးတွင်ပင် ပုံစံကျ စကေးကိုက်၊ လှေနံဓားထစ်အသွင် ရေးသားစေခြင်း ကဲ့သို့ သင်ကြားနည်းဆိုင်ရာ ပြဿနာများကလည်း ပညာရေး ဝန်ကြီးဌာန၏ စီမံခန့်ခွဲမှု အားနည်းချက်ကို ပေါ်လွင်စေသော အချက်ဖြစ်သည်။

တစ်နည်းဆိုရသော် ထိုကဲ့သို့ ပရမ်းပတာ ဖြစ်နေသော ကိုယ်ပိုင် အထက်တန်းကျောင်းများ ထင်ရာစိုင်း ခွင့်ပြုသကဲ့သို့ ဖြစ်နေခြင်းမှာ ပုဂ္ဂလိက အထက်တန်းကျောင်းများဆိုင်ရာ ဥပဒေ၏ အားနည်း၊ ချို့ယွင်းချက်၊ ပညာရေး ဝန်ကြီးဌာန၏ တာဝန်သိ၊ တာဝန်ယူ၊ တာဝန်ခံမှုနှင့် စီမံခန့်ခွဲမှု အရည်အချင်း တို့ကို မီးမောင်း ထိုးပြနေခြင်း ဖြစ်သည်။ 

ယင်းအားနည်းချက်များကို အချိန်မီ မပြင်ဆင်နိုင်ပါက အနာဂတ် မြန်မာနိုင်ငံ၏ သားကောင်း ရတနာများ သို့မဟုတ် အနာဂတ်၏ ခေါင်းဆောင်လောင်းများကို အစိုးရပညာရေး စနစ်၏ အနှစ်ငါးဆယ်ကျော် အစမ်းသပ်ခံ သားကောင် ဖြစ်စေရုံသာမက အတ္တကြီးသော ပုဂ္ဂလိက ကျောင်းများ၏ ဓားစာခံ ဖြစ်သွားစေရန် တမင် လွှတ်ပေးထားသကဲ့သို့ ဖြစ်သွားနိုင်ကြောင်း သိစေအပ်ပေသည်။ 

အယ်ဒီတာ (၃ဝ-၁ဝ-၂ဝ၁၆)


  • VIA