News

POST TYPE

EDITORIAL

ဘေးမဲ့တော၌ ဆင်စီးခြင်း
12-Feb-2019



မနက်အိပ်ရာအနိုး ပြတင်းမှတစ်ဆင့် အပြင်သို့လှမ်းကြည့်ရာ ဘန်ဂလို ဝန်းကျင်တစ်ခုလုံး မြူတွေဖုံးနေသည်။ ဘာကိုမျှ သဲသဲကွဲကွဲမမြင်ရ။ နံနက်ခင်းအလင်းသည် မြူခိုးတွေကြားမှာ ပျောက်နေသည်။ ဟိုဘက်မှာ စမ်းချောင်းရှိသလား၊ လျှိုမြောင်ရှိသလား၊ တောနက်ကြီးတွေရှိနေသလား ဘာမျှမသိရ။ အဖြူရောင် မြူခိုးတွေသာ ဟိုတယ် ဘန်ဂလိုအနီးတစ်ဝိုက်မှာ လွှမ်းခြုံနေသည်။ နံနက်အရုဏ်ဦးအချိန်မို့ ရာသီဥတုက စိမ့်နေအောင်အေးသည်။ အဆောင်တစ်ခုနှင့်တစ်ခုအကြား ဖောက်ပေးထားသော အုတ်လမ်းကလေး အတိုင်း စားသောက်ခန်းရှိရာသို့ လာခဲ့သည်။ နံနက်စာ ကော်ဖီနှင့်ပူရီ၊ ပေါင်မုန့်၊ ကြက်ဥ၊ လိမ္မော်သီး၊ ငှက်ပျောသီးများ တည်ခင်းထားပြီး ကြိုက်ရာ ထည့်စားရုံပင်။ မစ္စတာကီရှောက “ခင်ဗျားတို့ကို ဆင်နဲ့လိုက်ပြမယ်”ဟု ဆိုသည်။ ရာသီဥတုက အေးစိမ့်နေပြီး တောထဲ တောင်ထဲမှာ စောစောစီးစီး လှည့်ပတ်သွားဖို့ ဆန္ဒမရှိ။ ဆင်စီးတာကလည်း သိပ်အဆန်းတကြယ် မဟုတ်၍ “မလိုက်တော့ပါဘူး” ဟု ငြင်းလိုက်သည်။ ဖြစ်နိုင်လျှင် ခတ္တမန္ဒူသို့ တိုက်ရိုက်ခရီးဆက်စေချင်သည်။ သူတို့ကလည်း သည်ကိုခေါ်လာဖို့ စကတည်းက အစီအစဉ်ဆွဲထားပြီးဖြစ်သည်။ ဆာဖာရီဟိုတယ်တစ်ခု၏ အလုံးစုံ ဏခေုေါန အရ တည်းခိုမည်။ သဘာဝပတ်ဝန်းကျင်ကို လှည့်ပတ်ပြသမည်။ ဟိုတယ်အနီးဝန်းကျင်မှာ မြူတွေ ပိုမိုသိပ်သည်းလာ၍ သူတို့လည်း ထိုအစီအစဉ်ကို ပထမလက်လျှော့လိုက်သည်။ “မြူတွေ တအားကျနေတယ်။ ဘာမှ မြင်ရမှာမဟုတ်ဘူး” 

တစ်နာရီလောက်ကြာတော့ မြူတွေ အနည်းငယ်ပါးလျားစပြုလာသည်။ “ကဲ ဆင်စီးကြရအောင်”ဟု မစ္စတာကီရှောက ခေါ်ပြန်သည်။ ထပ်ခါ တလဲလဲပြောနေ၍ စိတ်မပါတပါနှင့်ပဲ ဆင်စီးမည့်နေရာသို့ လာခဲ့ကြသည်။ မိမိတို့ မြန်မာအဖွဲ့၊ သီရိလင်္ကာအဖွဲ့နှင့် ကျန်သူများအတွက် ဆင်သုံးစီး အသင့်ပြင်ထားသည်။ ဘန်ဂလိုအစွန်း လေသာဆောင်ပေါ်ကတစ်ဆင့် အသင့်လာရပ်သော ဆင်ပုခက်ပေါ် တစ်ယောက်ပြီးတစ်ယောက် တက်ကြရသည်။ အသက်အရွယ်ကြီးပြီဖြစ်သော သီရိလင်္ကာပရက်စ်ကောင်စီဥက္ကဋ္ဌလိုပဲ မိမိတို့ဥက္ကဋ္ဌကလည်း တုန်တုန်ချိချိနှင့် ဆင်ပေါ်တက်သည်။ ဆင်ပုခက် တစ်ခုပေါ် လူလေးယောက် ခွထိုင်ကြသည်။ ပြီးခဲ့သည့် တစ်နှစ်က ထိုင်းနိုင်ငံ၊ ပတ္တရားမှာ တစ်ကြိမ် ဆင်စီးဖူးသော်လည်း ယခုပုံစံနှင့်မတူ။ ထိုင်းမှာက ဆင်ကို အလှဆင်ထားပြီး ကြော့ကြော့မော့မော့လေး ထိုင်လိုက်ရုံပင်။ ယခုကျတော့ ဟိုတယ် ဘန်ဂလိုက စထွက်ကတည်းက လှုပ်လီလှုပ်လဲ့နှင့်ထွက်လာရာ မြစ်ကမ်းနားတစ်ခုကို ဘွားခနဲရောက်လာသည်။ မြစ်ကမ်းဘေးက သွားမည်ထင်သော်လည်း ဆင်က မြစ်ထဲဆင်းသွားသည်။ မြူခိုးတွေပျံနေသော မြစ်ထဲကို တစ်လှမ်းချင်း နွံတွေကိုနင်းပြီး ဆင်းသွားရာ ကျောချမ်းလှသည်။ ထိုင်နေရင်း အသည်းတယားယား ဖြစ်မိသည်။ ပြုတ်မကျအောင် ပုခက်လက်တန်းကို မြဲမြဲကိုင်ထားရသည်။ မြစ်ဆိုသော်လည်း ရေက အနက်ကြီးမဟုတ်။ ဆင်ခြေထောက်မြုပ်ရုံမျှ ဖြစ်သည်။ ရေထဲတစ်လှမ်းချင်းသွား နေသောဆင်ကြီး ဘယ်အထိသွားမလဲမသိ။ သူတို့က သည်လမ်းကို သွားနေကျဖြစ်ဟန်တူသည်။ ဆင်ထိန်းသည် ဆင်ကို တစ်ချက်တစ်ချက်ငေါက်၍ မောင်းနှင်နေသည်။ နံနက်ခင်းရာသီဥတုက အေးစိမ့်နေသည်။ မြူခိုးများ ပါးသွားပြီဖြစ်၍ ပတ်ဝန်းကျင်ကို မြင်ရသည်။ မိမိတို့ရောက်နေသောနေရာမှာ မြစ်ကမ်းအနီးက ကိုင်းတောကြီးတစ်ခုဖြစ်သည်။ လှမ်းကြည့်လိုက်လျှင် ဟိုတယ်ဘန်ဂလိုတွေကို အဝေးမှမြင်နေရသည်။ သူတို့ ဘယ်ကိုခေါ်လာမှန်းမသိပါ။ ဆင်သုံးစီးသည် ကိုင်းတောထဲမှာ တရွေ့ရွေ့။ ဆင်ပေါ်မှနေ၍ ကျယ်ပြောသော ကိုင်းတောကြီးနှင့် ရေစီးနေသောမြစ်ကို ဆီးမြင်ရသည်။ ဟိုးဘက်မှာ တောအုပ်။ ကိုင်းတောအစပ်မှာ မြစ်။ လူငါးယောက်ကို ကျောကုန်းပေါ်တင်ထားပြီး တစ်လှမ်းချင်းသွားနေသောဆင်ကြီးကိုပဲ သနားနေမိသည်။ သို့သော် ခွန်အားကြီးမားသော ဆင်တွေအတွက်တော့ လေးလံပုံမရပါ။ ဆင်ထိန်းလူငယ်သည် ဆင်ကိုငေါက်ကာ ကိုင်းတောထဲမှာ မောင်းနှင်နေသည်။ ခဏအကြာတွင် ကိုင်းတောအလယ်ရောက်လာသည်။ “ဟော ဟိုမှာတွေ့လား ... ကြံ့ကြီး” မိမိတို့နှင့်အတူပါလာသော စကားပြန်ရာဒေ့ဗ်က ကိုင်းတောအလယ် တစ်နေရာကို လက်ညှိုးထိုးပြသည်။ ကျွဲကြီးတစ်ကောင် အရွယ်ပမာဏခန့်ရှိသည့် အရောင်မွဲမွဲနှင့် ကြံ့တစ်ကောင် ရပ်နေသည်။ အဖော်မပါ။ ရွှံ့လူးထားသောကြံ့ကြီးမှာ ဒဏ်ရာတစ်ခုကို တွေ့ရသည်။ မိမိတို့ ဓာတ်ပုံရိုက်ရန် ရှေ့တိုးသွားသောအခါ ထွက်ပြေးသွားသည်။ ဤကြံ့များမှာ ရှားပါးသော ဦးချိုတစ်ချောင်းပါ ဟိမဝန္တာကြံ့များဖြစ်သည်။ ဤသစ်တောကြိုးဝိုင်းနယ်မြေအတွင် ကြံ့များနှင့်အတူ အခြားသော သားရဲတိရစ္ဆာန်များကို ထိန်းသိမ်းစောင့်ရှောက်ထားသည်။

ချောင်းကိုဖြတ်၍ တစ်ဖက်ကမ်း သစ်တောအုပ်ထဲရောက်သွားတော့ သမင်တစ်အုပ် လှစ်ခနဲ ဖြတ်ပြေးသွားတာကို မြင်ရသည်။ ကောင်ရေ သုံးလေးဆယ်လောက်ရှိမည့် သမင်လေးတွေက မြန်လှသည်။ ဆင်တစ်ကောင်၏ ကျောကုန်းပေါ်ကနေ၍ သဘာဝတောအုပ်တစ်ခုကို ဖြတ်သန်းကြည့်ရှုရသည်မှာ ဆန်းကြယ်သော ခံစားမှုတစ်မျိုးဖြစ်သည်။ မြက်ရိုင်းတောတွေ၊ ချုံပုတ်တွေကြားမှာ ဆင်တွေက လျင်လျင်မြန်မြန်သွားတတ်ကြသည်။ ကိုင်းတောကြီးတွေ၊ ရွှံ့နွံတွေကြားမှာလည်း အခက်အခဲမရှိ တိုးပြီးသွားနိုင်ကြသည်။ 

တစ်နာရီလောက် လှည့်ပတ်ကြည့်ရှုကြပြီးနောက် ဟိုတယ်သို့ ပြန်လာခဲ့ကြသည်။ မောလည်းမောသွားသည်။ လူက ဆင်ပေါ်ထိုင်လိုက် သွားရုံဖြစ်သော်လည်း စိတ်က ပင်ပန်းသလိုခံစားရသည်။ ဘာပဲဖြစ်ဖြစ် လုပ်ရခဲသောအလုပ်တစ်ခု (ဆင်စီးခြင်း) ကို လုပ်လိုက်ရ၍ အတွေ့အကြုံသစ်တစ်ခုတော့ ရလိုက်သည်။ နံနက် ၉ နာရီခန့်မှာ တိုက်ဂါးလန်းဆာဖာရီ ဟိုတယ်မှ ပြန်ထွက်လာကြသည်။ သည်ဒေသတစ်ဝိုက်က မြေပြန့်ဖြစ်ပြီး ရှုခင်းများ အလွန်သာယာသည်။ လမ်းဘေးဝဲယာတစ်ဖက်တစ်ချက်မှာ အဝါရောင် မုန်ညင်းခင်းတွေကို မျက်စိတစ်ဆုံးမြင်ရသည်။ နီပေါကျေးလက်က သည်ဘက်မှာတော့ အလွန်လှပသည်။ နာရီဝက်ခန့်အကြာတွင် မြို့ကြီးတစ်မြို့သို့ ရောက်လာသည်။ “ဘာရတ်ပူရ်မြို့” ။ နီပေါနိုင်ငံ၏ စတုတ္ထအကြီး ဆုံးမြို့ဖြစ်သလို မြေပြန့်မှာရှိသော မြို့တစ်မြို့လည်းဖြစ်သည်။ နီပေါနိုင်ငံတောင်ဘက်၊ အလယ်ပိုင်းတွင်တည်ရှိသော ဤမြို့က အလျင်အမြန်တိုးတက် နေသောမြို့ဟုဆိုသည်။ လမ်းတွေကျယ်ပြီး အဆောက်အအုံတွေ ကောင်းမွန်သည်။ အစီအစဉ်အရ မြို့တော်ဝန်နှင့် တွေ့ဆုံနှုတ်ဆက်ကြမည်။ မြို့တော်ခန်းမအဆောက်အအုံတစ်ခုထဲသို့ ဝင်ရောက်လာပြီး ဒေသခံတာဝန်ရှိသူများက မိမိတို့ကို အသင့်ကြိုဆိုသည်။ 

မိမိတို့ လာမည်ဖြစ်၍ သူတို့အသင့်ပြင် စောင့်ဆိုင်းနေပုံရသည်။ အစည်းအဝေးခန်းမဆောင်မှာ မိမိတို့ ဧည့်သည်များကတစ်ဖက်၊ ဒေသခံ အစိုးရအဖွဲ့ဝင်များကတစ်ဖက် ထိုင်ကြသည်။ အခမ်းအနား စတင်ချိန်အထိ မြို့တော်ဝန် ရောက်ရှိမလာသေး။ သူတို့အခေါ်က Mayor ဖြစ်သည်။ မြို့တော်အုပ်ချုပ်ရေးမှူးဖြစ်သလို အစိုးရအဖွဲ့ခေါင်းဆောင်လည်းဖြစ် သည်။ ဘာရတ်ပူရ်မြို့တော်ဝန် (သို့မဟုတ်) အုပ်ချုပ်ရေးမှူးက အမျိုးသမီး တစ်ဦးဖြစ်သည်။ အမည်က “ရေနူ ဒါဟဲလ်”။ မော်ဝါဒီ နီပေါကွန်မြူနစ်ပါတီ ခေါင်းဆောင် “ပွတ်ရှ်ပတ် ကာမယ်ဒါဟဲလ်” ၏ သမီးဖြစ်သည်။ အခမ်းအနား စပြီး ဆယ့်ငါးမိနစ်လောက်ကြာတော့မှ သူမရောက်လာသည်။ အသက်သုံးဆယ်ကျော်၊ လေးဆယ်ဝန်းကျင်ခန့်သာ ရှိသေးသည်။ ငယ်ရွယ်သူလည်းဖြစ်၊ အမျိုးသမီးတစ်ဦးလည်းဖြစ်သူကို မြို့တော်အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ထားသည့်အတွက် အံ့အားသင့်ရသည်။

မြို့တော်တာဝန်ရှိသူတွေက ဘာရတ်ပူရ်မြို့အကြောင်းကို ပါဝါပွိုင့်တွေနှင့် ရှင်းပြသည်။ မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်လိုစီမံကိန်းတွေ ချမှတ်အကောင်အထည်ဖော်နေကြပုံကို ပြောပြသည်။ ကမ္ဘာလှည့်ခရီးသွားများဆွဲဆောင်ရေး၊ မြို့တော်၏ လမ်းပန်းဆက်သွယ်ရေးနှင့် မြို့တော်အုပ်ချုပ်ရေးအဖွဲ့က ပြည်သူတွေနှင့် ဘယ်လိုပူးပေါင်းဆောင်ရွက်နေသည်ကို ပြောပြသည်။ သိလိုသည်များကို မေးနိုင်သည်ဆို၍ ပြန်လည် မေးမြန်းကြသည်။ သည်အထဲမှာ အတက်ကြွဆုံးက မိမိတို့ မီဒီယာကောင်စီ ဒု-ဥက္ကဋ္ဌ စာရေးဆရာ ထက်မြက်ဖြစ်သည်။ 

“နီပေါနိုင်ငံဟာ ဘုရင်စနစ်ကို တော်လှန်ပြီး ဒီမိုကရေစီကို ကူးပြောင်းခဲ့တယ်။ ကျွန်တော်တို့နိုင်ငံဟာလည်း စစ်အာဏာရှင်စနစ်ကို တွန်းလှန်ပြီး ဒီမိုကရေစီစနစ်ကို သွားနေတယ်။ နီပေါနဲ့ ကျွန်တော်တို့နဲ့ မတူညီတဲ့အချက်က နီပေါမှာ ဒီမိုကရေစီစနစ် အကောင်အထည်ဖော်နေနိုင်ပြီဖြစ်ပေမယ့် ကျွန်တော်တို့က ခုချိန်ထိ စစ်မှန်တဲ့ ဒီမိုကရေစီကို မရသေးပါဘူး။ နီပေါ နိုင်ငံရဲ့ ဖြတ်သန်းခဲ့တဲ့နိုင်ငံရေးအခြေအနေကို သိချင်ပါတယ်” ဟု မေးမြန်းသည်။ 

မြို့တော်ဝန် ရေနူဒါဟဲလ်မှာ ထင်ရှားသော နီပေါကွန်မြူနစ်ပါတီ ခေါင်းဆောင် ကာမယ် ဒါဟဲလ်၏ သမီးတစ်ဦးဖြစ်ရာ သူမတွင် ဖြတ်သန်း ခဲ့ရသော ကွန်မြူနစ်တော်လှန်ရေး အတွေ့အကြုံရှိသည်။ နီပေါနိုင်ငံသမိုင်းကိုပြောလျှင် မြန်မာ့နိုင်ငံရေးလိုပဲ အတော်ပင်ရှုပ်ထွေးသည်။ လူအတော်များများ သတိပြုမိချင်မှ ပြုမိမည်ဖြစ်သော အချက်တစ်ခုမှာ ယနေ့ နီပေါ အစိုးရအဖွဲ့ကို နီပေါကွန်မြူနစ်ပါတီက ဦးဆောင်နေခြင်းဖြစ်သည်။ နီပေါ နိုင်ငံသည် တရုတ်၊ ဗီယက်နမ်၊ မြောက်ကိုရီးယား၊ ကျူးဘားတို့လို တစ်ပါတီအာဏာရှင်စနစ် မဟုတ်သော ကွန်မြူနစ်နိုင်ငံဟု ခေါ်ဆိုလို့ရသည်။ နီပေါနိုင်ငံက ကွန်မြူနစ်ပါတီကြီးစိုးသော “ဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ” ဖြစ်သည်။ ပါတီစုံဒီမိုကရေစီ၊ ပါလီမန်စနစ်ကိုကျင့်သုံးသော်လည်း အဓိက အာဏာရပါတီမှာ “နီပေါ ကွန်မြူနစ်ပါတီ” ဖြစ်သည်။ 

မြန်မာနိုင်ငံလိုပင် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်အတွင်း နီပေါနိုင်ငံရေးက အလှည့်အပြောင်းများလှသလို မတည်ငြိမ်မှုများစွာ၊ အစိုးရအဖွဲ့ အပြောင်းအလဲများစွာ ရှိခဲ့သည်။ ၁၉၉၆ ခုနှစ်မှ စတင်သော နီပေါပြည်တွင်းစစ်က ၂၀၀၆ ခုနှစ်အထိ ဆယ်နှစ်ကြာခဲ့ပြီး လူ့အသက်ပေါင်း ၁၂၀၀၀ ဆုံးရှုံးခဲ့ရသည်။ “ဟိန္ဒူ ဘုရင့်နိုင်ငံ” တစ်ခုအဖြစ် နှစ်ပေါင်းများစွာ တည်ရှိခဲ့သော နီပေါတွင် ၂၀၀၈ ခုနှစ်မှစ၍ ဘုရင်စနစ် လုံးဝချုပ်ငြိမ်းသွားပြီး နောက်ဆုံးဘုရင် ဘီရိန္ဒရာမှာ နန်းတော်ထဲမှ ဆင်းပေးခဲ့ရသည်။ စည်းမျဉ်းခံ ဘုရင်စနစ်နေရာတွင် ဒီမိုကရေစီဖက်ဒရယ်စနစ်က အစားထိုး ဝင်ရောက်ခဲ့သည်။ တိတိကျကျပြောရလျှင် လက်ရှိ နီပေါနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၁၅ ခုနှစ်ကျမှ ပြဋ္ဌာန်းနိုင်ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် ဘုရင်စနစ် ဖျက် သိမ်းခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်အထိ “ယာယီဖွဲ့စည်းပုံ အခြေခံဥပဒေ” ဖြင့်သာ အုပ်ချုပ်ခဲ့သလို ထိုအတောအတွင်း အာဏာပြိုင်ဆိုင်မှုတွေ၊ ငြိမ်းချမ်းရေးသဘောတူညီမှုဆိုင်ရာ ပြဿနာတွေ များစွာရှိခဲ့သည်။ 

နီပေါနိုင်ငံ၏ ဒီမိုကရေစီအပြောင်းအလဲကို အဓိက ဦးဆောင်ခဲ့သူကား “နီပေါ ကွန်မြူနစ်ပါတီ” (Nepal Communist Party) ဖြစ်သည်။ နီပေါကွန်မြူနစ်ပါတီဟုဆိုလျှင် ရှုပ်ထွေးမှုတွေ ရှိနေသေးသည်။ အဓိက ကွန်မြူနစ်ပါတီနှစ်ခုရှိပြီး “ကွန်မြူနစ်ပါတီ (မော်ဝါဒီ)” နှင့် “ကွန်မြူနစ်ပါတီ (မာ့ခ်-လီနင်ဝါဒီ)” တို့ဖြစ်သည်။ နီပေါဘုရင်စနစ်ကို ပထမဦးဆုံး တွန်းလှန်ခဲ့သူများမှာ မော်ဝါဒီ ကွန်မြူနစ်များဖြစ်သလို ၂၀၀၈ ခုနှစ် ရွေးကောက်ပွဲတွင် မဲအများဆုံး ရရှိခဲ့သူများမှာလည်း နီပေါကွန်မြူနစ်ပါတီ(မော်ဝါဒီ) များသာဖြစ်သည်။ စည်းမျဉ်းခံဘုရင်စနစ် (ထိုစနစ်တွင် ပါလီမန်သည် ဘုရင်၏ ထိန်းချုပ်မှုအောက်တွင်ရှိသည်)။ ထိုမှတစ်ဆင့် အကြွင်းမဲ့ ဘုရင့်အာဏာရှင်စနစ် (ထိုစနစ်တွင် အစိုးရအဖွဲ့၏ အာဏာအရပ်ရပ်ကို ဘုရင်ကသာ ချုပ်ကိုင်ထားပြီး နိုင်ငံရေးပါတီများကို ခွင့်မပြု)။ နီပေါဘုရင် မဟိန္ဒရာ သည် ၁၉၅၉ ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိ နီပေါနိုင်ငံကို ပါတီမဲ့ ဘုရင်စနစ် (အကြွင်းမဲ့ဘုရင့်အာဏာရှင်စနစ်) ဖြင့် အုပ်ချုပ်ခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် မော်ဝါဒီ နီပေါကွန်မြူနစ်များ၏ ဆန့်ကျင်တော်လှန်မှုများကြောင့် မဟိန္ဒရာသည် (ဘုရင်စနစ်ပါဝင်နေသေးသော) ပါတီစုံဒီမိုကရေစီစနစ်ကို ခွင့်ပြုလိုက်ရသည်။ တစ်နည်းအားဖြင့် စည်းမျဉ်းခံဘုရင်စနစ်ဖြစ်သည်။ ထိုစနစ်မှာ ၂၀၀၆ ခုနှစ်တွင် လူထုအုံကြွတော်လှန်မှုဖြင့် ဖျက်သိမ်းပစ်ခဲ့ရာမှ ယနေ့ နီပေါနိုင်ငံတွင် ဘုရင်စနစ်ချုပ်ငြိမ်းသွားခဲ့ရခြင်းဖြစ်သည်။

ချစ်ဝင်းမောင် (၁၀-၂-၂၀၁၉)