News

POST TYPE

EDITORIAL

စိုက်ပျိုး၊ ဖန်တီးပြီး စီးပွားရှာပါ (Daily,Vol-4/No-173)
29-Oct-2016
တစ်လောလေးက အင်ဒိုနီးရှားရဲ့ ကျွန်းတစ်ကျွန်းမှာ ဝါးနဲ့ ဆောက်ထားတဲ့ ဘန်ဂလို ဟိုတယ် တစ်ခုကို ရောက်သွားတဲ့ မိတ်ဆွေ တစ်ယောက် သူ့အွန်လိုင်း လူမှုရေး ကွန်ရက်ပေါ်ကတစ်ဆင့် တွေ့လိုက်ရတော့ အတော်ကြီး နှစ်သက် သဘောကျမိတဲ့အပြင် အားကျစိတ်လည်း ဖြစ်သွားမိတယ်။

တောအုပ်ထဲမှာရှိတဲ့ အဲဒီ ဘန်ဂလိုလေးက ဟိုတယ် တစ်ခုရဲ့ လိုအပ်ချက် အားလုံးနီးပါးကို ဝါးနဲ့ချည်း တည်ဆောက်၊ ဖန်တီး၊ ပြင်ဆင် ပေးထားတာ သိပ်ကြည့်လို့ ကောင်းသလို ကိုယ်တိုင်ကိုယ်ကျ သွားပြီး တည်းခိုနေထိုင်ချင်စိတ် ပေါက်သွားအောင် ဆွဲဆောင်မှု ရှိလွန်းတယ်။

ဆောက်ထားတဲ့ ဗိသုကာ လက်ရာကလည်း အင်ဒိုနီးရှား ရိုးရာပုံစံကဲတဲ့ ခေတ်မီမီ ဒီဇိုင်းဖြစ်နေတဲ့အတွက် ပတ်ဝန်းကျင်နဲ့ အဆောက်အအုံက စာဖွဲ့လောက်အောင်ကို ပလဲပနံသင့်လှတယ်။ 

အဲဒီ ဘန်ဂလိုလေးကို ကြည့်လိုက်တာနဲ့ နိုင်ငံခြား ခရီးသွားတွေကို သေချာပေါက် ဆွဲဆောင်နိုင်မယ်ဆိုတာ သိလိုက်တယ်။ အင်ဒိုနီးရှား နိုင်ငံက အခုနောက်ပိုင်း ကမ္ဘာလှည့် ခရီးသွားတွေကို အဆွဲဆောင်နိုင်ဆုံး အရှေ့တောင် အာရှနိုင်ငံ တစ်ခုဖြစ်လာတာကို သတိပြုမိတယ်။

တကယ်တော့ ကျွန်တော်တို့ နိုင်ငံမှာလည်း လူသူ အရောက်အပေါက် နည်းပြီး ရင်သပ် ရှုမောလောက်စရာ သဘာဝ အလှအပတွေ ရှိနေသေးတဲ့ နိုင်ငံ တစ်ခုဖြစ်တဲ့အတွက် အင်ဒိုနီးရှားက ဝါးဘန်ဂလိုလေးလို သဘာဝ အခြေခံ ခရီးသွား လုပ်ငန်းလုပ်လို့ အကောင်းဆုံး နေရာတွေ အများကြီး ပိုင်ဆိုင်ထားတာကို တစ်ဆက်တည်း သတိပြုမိသွားတယ်။

ကျွန်တော်တို့နိုင်ငံရဲ့ အတိတ် ဆယ်စုနှစ် ငါးခုလောက်ကို ပြန်ကြည့်မယ်ဆိုရင် ဒေသတွင်းမှာ တရုတ်နိုင်ငံပြီးရင် ဝါးအပေါဆုံး နိုင်ငံထဲမှာ ပါခဲ့ပေမယ့် အခုနောက်ပိုင်း ဆယ်စုနှစ် နှစ်စုလောက်ကစပြီး လမ်းဖောက်၊ ရော်ဘာစိုက် အကြောင်းပြချက်တွေနဲ့ အဖိုးတန်ဝါးတောတွေ ကုန်သလောက် ဖြစ်နေပါရောလား။

အဝေးကြီး မကြည့်နဲ့။ ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး ဖောက်တော့ အရင်က ကွန်မြူနစ်တွေ တောခိုခဲ့တဲ့ အင်မတန် နက်လှတဲ့ သစ်တောကြီးတွေ၊ ဝါးတောကြီးတွေ ပြိုက်ခနဲ ကုန်သွားတာသာကြည့်။

နောက် ငွေဆောင်၊ ချောင်းသာနဲ့ ပုသိမ်ကြားက ရခိုင်ရိုးမအစပ်ကိုလည်း ကြည့်ဦး။ ဘေးမဲ့တောပါမချန် သစ်ခိုးခုတ်တဲ့သူရော၊ ရော်ဘာ စိုက်မယ်ဆိုပြီး အကြောင်းပြပြီးတော့ရော သစ်တောတွေ၊ ဝါးတောတွေ ဘာမှ မကျန်တော့ လောက်အောင် ခုတ်ယူလိုက်ကြတယ်။ ရော်ဘာပင်တွေက မည်ကာမတ္တလေ။

ပြောချင်တာက မြန်မာပြည်မှာ ကျေးလက်ဒေသကနေ မြို့ကြီးတွေအထိ ဝါးအသုံးအစွဲ ကြမ်းလွန်း၊ အခုတ်အယူကြမ်းလွန်း၊ အဖြုန်းအတီး ကြမ်းလွန်းတော့ အရင်က ရွာအပြင်ထွက်ရင် ခုတ်လို့ရနေတဲ့ အဆင့်ကနေ ဆယ်မိုင် ဆယ့်ငါးမိုင်၊ မိုင်သုံးဆယ်လောက်အထိ တောထဲဝင်ပြီး ခုတ်ယူရတဲ့ အဆင့်မျိုး ရောက်သွားပြီဆိုတာ သတိပြုမိစေချင်တာပါ။

တကယ်တော့ ဝါးပင်ဆိုတာ တခြား ကျွန်းသစ်နဲ့ တခြား သစ်မာတွေလို နှစ်အကြာကြီး စောင့်ရတဲ့ အပင်မျိုး မဟုတ်ဘဲ အလေ့ကျ ပေါက်တဲ့အပြင် အကြီးမြန်တဲ့ အပင်မျိုးဖြစ်တဲ့အတွက် အခုလို သဘာဝ ပေါက်ပင်တွေ ခုတ်သုံးနေတာရပ်ပြီး ပြန်စိုက်သုံးသင့်တဲ့ အချိန် ရောက်နေပြီ။

ဝါးကို စနစ်တကျ ပြန်စိုက်ပြီး သုံးရင် စီးပွားရေးအရလည်း တွက်ခြေ ကိုက်၊ စက္ကူလို၊ လက်မှုထည်တွေလို၊ အလှဆင်ပစ္စည်း၊ အမှတ်တရ ပစ္စည်းလို၊ အနုပညာ လက်ရာလို တစ်ဆင့်မြှင့်ကုန်ချော လက်မှုထည်တွေ ထုတ်လုပ်တဲ့ လုပ်ငန်း၊ အဲဒါနဲ့ ဆက်စပ်နေတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း တိုးပွား၊ သားရိုင်း တိရစ္ဆာန်လေးတွေနဲ့ ဝါးတောနဲ့ ကြားက ဂေဟဗေဒစနစ် ထိန်းသိမ်းရင်း သဘာဝ ပတ်ဝန်းကျင်ကို ကာကွယ် စောင့်ရှောက်ရာလည်း ရောက်နိုင်တယ်။

အဲဒီအတွက် သင့်တော်အပ်စပ်တဲ့ ဒေသတွေမှာ လက်တွေ့ အကောင်အထည် ဖော်လို့ရအောင် လွှတ်တော်ကိုယ်စားလှယ်လို ပုဂ္ဂိုလ်မျိုးတွေကတစ်ဆင့် သက်ဆိုင်ရာ အုပ်ချုပ်ရေး၊ အသင်းအဖွဲ့၊ ဘဏ်လုပ်ငန်းတွေဆီက အကူအညီ ရနိုင်တဲ့ ထိရောက်တဲ့ ပံ့ပိုးမှုနဲ့ စီမံကိန်း ချမှတ်ပြီး လက်တွေ့ အကောင်အထည် ဖော်သင့်တဲ့အကြောင်း တိုက်တွန်း အကြံပြုလိုက်ပါရစေ။

အယ်ဒီတာ(၂၉-၁ဝ-၂ဝ၁၆)


  • VIA