News

POST TYPE

EDITORIAL

သတိပြုရမည့် မရေရာ မသေချာမှုများ (Weekly, Vol-12/ No-40)
29-Oct-2016
အရာရာတိုင်းတွင် အပြောင်းအလဲများ၊ တိုးတက်၊ ဆုတ်ယုတ်မှုများက မျက်စိတစ်မှိတ် အတွင်းမှာပင် ဖြစ်ပျက် သွားတတ်သောကြောင့် မျက်မှောက် ကမ္ဘာကြီးကို Uncertain World မရေရာ မသေချာသော ကမ္ဘာကြီးဟု ကင်ပွန်းတပ်ကြသည်။

လူတို့၏ လောဘက စေစားသောကြောင့် ယခင့် ယခင် နှစ်များထက်စာလျှင် ကမ္ဘာမြေကြီး၏ ဖြစ်တည်မှုများ ချည့်နဲ့ ယိမ်းယိုင်လာခြင်း၊ ကမ္ဘာကြီး ပိုပူနွေးလာခြင်းနှင့်အတူ သဘာဝ ဘေးဒဏ်များ၊ ရာသီဥတု ဖောက်ပြန်မှုများကလည်း မရေရာ မသေချာမှုများကို ဦးတည်စေပေသည်။

တစ်ချိန်တည်းမှာပင် ကမ္ဘာပေါ်ရှိ နိုင်ငံ အသီးသီး အနေနှင့်လည်း နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှု၊ နိုင်ငံရေး တည်ငြိမ်မှု၊ နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ယခင့်ယခင်ထက် ပို၍ ပြိုင်ဆိုင်မှုကြီးစွာ ကြုံလာကြရသည်။

မြန်မာနိုင်ငံသည် ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း ဖြစ်ပေါ်ခဲ့သော ကမ္ဘာလုံးဆိုင်ရာ အပြောင်းအလဲများ၏ ဒဏ်ကို ကမ္ဘာ့ နိုင်ငံ အသီးသီး နည်းတူ ကြုံတွေ့ခဲ့ရသော်ငြား သဘာဝ ဘေးအန္တရာယ်များမှလွဲလျှင် ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ ချိတ်ဆက်မှုများနှင့် အတန်ငယ် လွတ်ကင်း နေခဲ့သောကြောင့် ယင်းနယ်ပယ်များတွင် သက်သာရာရခဲ့သည်။

သို့သော် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်စေလိုသော် ကမ္ဘာလုံးဆိုင်ရာ ဆက်နွှယ်မှုများတွင် မဖြစ်မနေ ပါဝင်ရန် လိုအပ်သောကြောင့် အခြား နိုင်ငံများနည်းတူ မရေရာ မသေချာမှုများကို မဖြစ်မနေ ရင်ဆိုင်ရကြမည် ဖြစ်သည်။

မရေရာ မသေချာမှုများကို သာမန်အားဖြင့် ကြည့်ပါက အခက်အခဲဟု ဆိုနိုင်သော်လည်း အခြား တစ်ဖက်တွင် ယင်း အခက်အခဲများကို အခွင့်အလမ်းအဖြစ် ပြောင်းလဲ အသုံးချနိုင်ပါက နိုင်ငံ၏ အဆင့်အတန်းကို တစ်မဟုတ်တည်း ပြောင်းလဲ တိုးတက် သွားစေနိုင်ပေသည်။

သို့သော် နိုင်ငံအတွင်းတွင် မျက်မှောက် ကမ္ဘာကြီး၏ ရေအလျင်ကို ခံစားနားလည်နိုင်ပြီး အပြောင်းအလဲနှင့် လိုက်လျောညီထွေ ရှိမည့် မူဝါဒများ၊ စီမံကိန်းများ၊ လက်တွေ့ အကောင်အထည် ဖော်နိုင်မည့် နည်းနာများကို အချိန်ကိုက် ချမှတ်၊ ဆောင်ရွက်နိုင်သော စီမံခန့်ခွဲသူများနှင့် လူ့စွမ်းအား အရင်းအမြစ်တို့ အဆင်သင့် ရှိနေရန် လိုပေသည်။

ဆိုလိုသည်မှာ နိုင်ငံ၏ နယ်ပယ် အသီးသီးအလိုက် စီမံခန့်ခွဲ ဦးဆောင်နိုင်မည့် သူများကို လူမှန်၊ နေရာမှန် ဖြစ်ရန် တာဝန်ပေး ခန့်ထားခြင်း၊ ပြည်တွင်း၊ ပြည်ပမှ နိုင်ငံသား ပညာရှင်၊ ပညာတတ်၊ အထူးပြု ကျွမ်းကျင်သူများကို သူ့နေရာနှင့်သူ အသုံးချခြင်းတို့ဖြင့်သာ ကြုံလာမည့် အခက်အခဲများကို ရင်ဆိုင်နိုင်မည်ဟု ဆိုလိုရင်း ဖြစ်သည်။

အထူးသဖြင့် မိမိနိုင်ငံ၏ ပထဝီ မြေမျက်နှာပြင်၊ သဘာဝ သယံဇာတများ၊ လူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာ အားသာချက်၊ အားနည်းချက်တို့ကို အခြေခံကာ မိမိနိုင်ငံအတွက် အသင့်လျော်ဆုံးဖြစ်မည့် နယ်ပယ်စုံ၊ ထောင့်စုံ စဉ်းစားရှာဖွေ ရေးဆွဲထားသော လမ်းပြမြေပုံ တစ်ရပ် အသင့်ရှိနေရန် လိုအပ်လှသည်။

သို့မဟုတ်ပါက အသည်းအသန် ပြိုင်ဆိုင်မှုများကြောင့် မရေရာ မသေချာမှုများ တင်းကျမ်းပြည့်နေသော ကမ္ဘာကြီးတွင် ရှင်သန် ရပ်တည်ရန် မဆိုထားနှင့်။ မိမိနိုင်ငံ အတွင်း၌ပင်လျှင် မရေရာ မသေချာမှုများနှင့် နပန်းလုံး နေရမည်ဖြစ်ကြောင်း သိစေလိုရင်း ဖြစ်သည်။

အယ်ဒီတာ(၂၆-၁ဝ-၂ဝ၁၆)


  • VIA