News

POST TYPE

EDITORIAL

အန္တရာယ်ရှိသော စကားလုံးများ (Vol-4/No-172)
27-Oct-2016

စကားလုံးများ၊ အသုံးအနှုန်း၊ ဝေါဟာရများအပေါ် နားလည်မှု အလွဲကြောင့် နိုင်ငံရေးတွင် ရှေ့မရောက်ဘဲ တန့်နေခြင်း၊ နောက်ပြန်သွားခြင်းတို့ ကြုံရတတ်သည်။

ထို့အတူ စကားလုံး အချို့ကြောင့်လည်း ပို၍ ရှုပ်ထွေးသွားကာ ညှိနှိုင်း မရသော နိုင်ငံရေး သဘောထား ကွဲလွဲမှုမှတစ်ဆင့် စစ်ပွဲများ ဖြစ်ပွားသည်အထိ ပြဿနာ ကြီးသွားတတ်သည်။ 

နှုတ်က ထွက်သော စကားလုံး ဝေါဟာရ အသုံးအနှုန်းကြောင့် အသက်သေသည်အထိ ဖြစ်သွားတတ်ကြောင်း ရှေးမြန်မာ ပညာရှိများက “နှုတ်ကြောင့်သေ၊ လက်ကြောင့်ကြေ”ဟူသော ဆိုရိုးစကား ဖော်ထုတ်ထားခဲ့ခြင်း ဖြစ်ပုံရသည်။ 

ယနေ့ မြန်မာ့နိုင်ငံရေးသည် နှစ်ပေါင်းများစွာ စနစ်အမျိုးမျိုး၏ အဖိအနှိပ် အထုအထောင်း ဒဏ်ကြောင့် များစွာ ကျိုးလွယ်၊ ပဲ့လွယ် အကဲဆတ်သော အခြေအနေတစ်ရပ်တွင် ရှိနေသည်။ 

တိုင်းရင်းသား လူမျိုးစု အသီးသီးတွင်လည်း ထိုစနစ်တို့၏ ရိုက်ခတ်မှုကြောင့်၊ မကျေနပ်ချက်များ၊ နာကြဉ်းချက်များ၊ စိတ်ဒဏ်ရာများ၊ သိမ်ငယ်စိတ်များ ကိုယ်စီကိုယ်ငှ ရှိနေကြသည်။ 

နှစ်ပေါင်း ခုနစ်ဆယ်နီးပါး ကြာမြင့်နေပြီဖြစ်သော ပြည်တွင်းစစ်တွင် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် တိုက်ခိုက်နေကြသော တပ်မတော် အပါအဝင် တိုင်းရင်းသား လက်နက်ကိုင ်အဖွဲ့များအသီးသီးတွင်လည်း အထိမခံနိုင်သော၊ အကဲဆတ်သော စကားလုံးများ ရှိနေတတ်သည်။ 

ငြိမ်းချမ်းမှု တည်ဆောက်ရေး လုပ်ငန်းများ အသည်းအသန် ကြိုးစား အကောင်အထည် ဖော်နေသော ယနေ့ကာလမျိုးတွင် အင်အားစု  တစ်ခုနှင့် တစ်ခုအကြား သို့မဟုတ် မိမိတို့ အင်အားစု၊ အဖွဲ့အစည်းအပေါ် နားလည်မှု လွဲသွားစေမည့် စကားလုံး အသုံးအနှုန်များ အထူးသတိထားရန် လိုပေသည်။ 

အကယ်၍ မလွှဲမရှောင်သာဘဲ နားလည်မှု လွဲစေမည့် စကားလုံးများ ပါဝင်သွားခဲ့သည် ရှိလျှင်လည်း ပို၍ တင်းမာသည့်ဘက်သို့ ရောက်သွားစေမည့် ပြင်းပြင်းထန်ထန် မှတ်ချက်များ၊ ရန်မီးပွားစေမည့် လှုံ့ဆော်သွေးထိုး၊ ဘေးတီးမှုများ တတ်နိုင်သမျှ ရှောင်ရှားရန် လိုပေသည်။ 

အထူးသဖြင့် ဘုံရန်သူရှာ လက်ညှိုးထိုးကာ နိုင်ငံတော်နှင့် နိုင်ငံသား အားလုံးနှင့် သက်ဆိုင်သော နိုင်ငံ့အင်အားများကို ကိုယ်ကျိုးအတွက် အသုံးချခြင်း၊ အချင်းချင်းအကြား ရန်တိုက်ပေးခြင်းမျိုးဖြင့် တောမီးရှို့မည့်သူများ ရှိနေတတ်ခြင်းကို အထူး သတိချပ်သင့်ပေသည်။ 

လတ်တလောအားဖြင့် နောက်ကွယ်တွင် တရုတ်နိုင်ငံ၏ အကူအညီ အထောက်အပံ့ ရှိနေသည်ဟု အခိုင်အမာ ယူဆဖွယ်ရာ ရှိနေသည့် “ဝ”တပ်ဖွဲ့များ၏ လုပ်ရပ်နှင့် အကြောင်းကြားစာပါ အသုံးအနှုန်းတို့အပေါ် မူတည်ကာ သွေးဆူ၊ ရန် မီးပွားစေမည့် အဓိပ္ပာယ်ကောက်ယူမှုများက ငြိမ်းချမ်းရေးကြိုးပမ်းမှုလုပ် ငန်းများကို ပြဿနာ ရှုပ်ထွေးသွားစေနိုင်ကြောင်း သတိပြုမိစေလိုရင်းဖြစ်သည်။

 

အယ်ဒီတာ (၂၇-၁ဝ-၂ဝ၁၆)



  • VIA