News

POST TYPE

EDITORIAL

တည်ဆောက်သူနှင့် ဖျက်ဆီးသူ ကွဲပါစေ(Daily, Vol-4/No-171)
27-Oct-2016
ယနေ့ မြန်မာနိုင်ငံ၏ အခြေအနေမှာ အစစအရာရာ ပြန်လည် ပြုပြင် တည်ဆောက်နေဆဲ၊ ဒီမိုကရေစီ အသွင် ကူးပြောင်းမှုကာလ ရုန်းကန်ဆဲ၊ အာဏာရှင် စနစ်၏ ဆိုးမွေများစွာကို လိုချင်သည်ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ အမွေဆက်ခံရဆဲ ကာလဟု ဆိုင်နိုင်သည်။

ထိုအခြေအနေတွင် နိုင်ငံတော်ကို တတ်နိုင်သည့်နေရာမှ ဝိုင်းဝန်းကူညီ တည်ဆောက်သူများ၏ အားမှာ အထူး အရေးပါလှသလို မည်သည့်လက်တွေ့ အကူအညီမျှ မပေးဘဲ ဘေးထိုင်၊ ဘုပြောနေသူများ၏ အန္တရာယ်လည်း ရှိနေပေသည်။

နိုင်ငံတော်အတွက် အထူး အန္တရာယ်ရှိသည်မှာ ကိုယ်ပိုင် အရည်အချင်း၊ စွမ်းဆောင်ရည် မရှိသည့်အပြင် စိတ်ထားနှင့် ခံယူချက် သေးသိမ် နိမ့်ပါးသူများ၏ အနှောင့်အယှက်၊ အတားအဆီးပင် ဖြစ်သည်။

ဒုတိယ ကမ္ဘာစစ်ပြီးစ၊ လွတ်လပ်ရေး ရပြီးနောက် အာရှတွင် ထွန်းသစ်စ နိုင်ငံအဖြစ် တစ်ပေး၊ ခန့်မှန်းခံရသည့် မြန်မာနိုင်ငံသည် အလားအလာ ကောင်း များစွာ ရှိခဲ့သော်လည်း သမိုင်းကြောင်း တစ်လျှောက် အစဉ်အလာ ကဲ့သို့ ဖြစ်နေသော အုပ်စုတိုက်ပွဲများ၊ အကွဲအပြဲများက နောက်သို့ ပြန်ဆွဲနေခဲ့သည်။

ပိုဆိုးသည်မှာ ဗိုလ်ချုပ်အောင်ဆန်း ကဲ့သို့ နိုင်ငံထူထောင်သူ၊ လွတ်လပ်ရေး ဗိသုကာမျိုးကိုပင် ပုဂ္ဂိုလ်ရေး အားပြိုင်မှုနှင့် ပုဂ္ဂိုလ်ရေး ကဲလွန်းသော နိုင်ငံရေးများကြောင့် လုပ်ကြံ သတ်ဖြတ်သည်အထိ မိုက်မဲ ဆိုးရွားခဲ့ခြင်း ဖြစ်သည်။

ခေတ်နောက်ကျနေသော လက်ဝဲ အကျိုးအပြတ်ဝါဒ မှိုင်းမိကာ မြန်မာ့ နိုင်ငံရေး အင်အားစုများအကြား ရန် ငါ စည်း ခြားမှုများ၊ အုပ်စုတိုက်ပွဲများ အမြဲလိုလို ဖြစ်ပွားခဲ့ပြီး အားလုံး စည်းလုံး ညီညွတ်သော တပ်ပေါင်းစု နိုင်ငံရေးဆီသို့ မရောက်နိုင်ခဲ့ဘဲ တပ်မတော်၏ ဗိုလ်ကျ ဦးဆောင်မှုအောက်သို့ မလွှဲမရှောင်သာ ရောက်ရှိခဲ့ရသည်။

ယနေ့အချိန်အထိ မြန်မာ့နိုင်ငံရေးတွင် နိုင်ငံရေးပါတီများအကြား၊ တိုင်းရင်းသား လက်နက်ကိုင်များအကြား၊ ဒီမိုကရေစီအရေး လှုပ်ရှားခဲ့သူများ အကြား၊ ကျောင်းသား အင်အားစုများအကြားတို့တွင် သာမက အာဏာရ ပါတီအတွင်း၌ပင် ပုဂ္ဂိုလ်ရေးအားပြု နိုင်ငံရေးများ ကြီးစိုးလွန်းသောကြောင့် ဖြုတ်၊ ထုတ်၊ သတ် ပုံစံ အုပ်စုတိုက်ပွဲများ ကြုံတွေ့နေရဆဲ ဖြစ်သည်။

မြန်မာ့နိုင်ငံရေးတွင် လူပုဂ္ဂိုလ် တစ်ဦး၊ အဖွဲ့အစည်း တစ်ရပ်ကို ပြည်သူလူထုနှင့် ရန်တိုက်ပေးလိုလျှင် တစ်နည်းအားဖြင့် နိုင်ငံရေးအရ လုပ်ကြံလိုလျှင် ပြည်သူလူထု အများစု အော့နှလုံးနာနေသည့် အာဏာရှင်များနှင့် တစ်ဂိုဏ်းတည်းသားများအဖြစ် သတင်းလွှင့်၊ ပုံဖော်ပေးလိုက်ခြင်းမှာ အလွယ်အကူဆုံး၊ အထိရောက်ဆုံး၊ လူထုကို အစည်းရုံးနိုင်ဆုံး၊ အလွယ်ကူဆုံး နည်းလမ်းဖြစ်သည်။

ထို့အတူ ယနေ့အချိန်ကဲ့သို့ ဒီမိုကရေစီ အင်အားစုများ အာဏာ သုံးရပ်တွင် နေရာအများစု ရယူထားနိုင်ချိန်မျိုးတွင် အာဏာရ ပါတီအပြင် အခြားသော ယင်းနှင့် မိတ်ဖက် အဖွဲ့အစည်းများ၊ နိုင်ငံရေး အင်အားစုများအတွင်း သို့မဟုတ် ယင်းတို့အကြားတွင် အရည်အချင်း မရှိဘဲ လူရာဝင်စေသော နည်းလမ်းမှာ တစ်စုံတစ်ဦး သို့မဟုတ် အဖွဲ့အစည်း တစ်ရပ်ကို နိုင်ငံရေးအရ လုပ်ကြံခြင်းပင်ဖြစ်သည်။

အကျိုးဆက်မှာ နိုင်ငံတော်ကို တည်ဆောက်ပြုပြင်ရမည့် အချိန်မျိုး၌ အဓိက ကျသော အဖွဲ့အစည်းများတွင် အရည်အချင်းရှိသူများ နိုင်ငံရေးအရ လုပ်ကြံခံရပြီး ဘေးထွက်၊ ဖယ်ကြဉ်ခံရကာ ထိုသို့ လုပ်ကြံသူများကသာ အဓိက နေရာများတွင် နေရာယူလာခြင်း ဖြစ်သည်။ 

အားလုံးကို မဆိုလိုသော်လည်း အဓိက ဒီမိုကရေစီ အင်အားစုများ၊ နိုင်ငံရေး ပါတီများတွင် မိမိ၏ အရည်အချင်းနှင့် စွမ်းဆောင်ရည်ကို အများထက် သာလွန်စေရန် မြှင့်တင် တည်ဆောက်ထားခြင်း၊ မိမိစိတ်ထားကို မြင့်မားနေစေရန် အဆုံးအမ ခံယူထားခြင်း မရှိဘဲ ပုဂ္ဂိုလ်ရေး လုပ်ကြံမှုများဖြင့် မိမိကိုယ်ကိုယ် အရေးပါ အရာရောက်သူဖြစ်ကြောင်း ပြသရန် ကြိုးစားနေသူများပါလာပါက သက်ဆိုင်ရာ အဖွဲ့အစည်းအတွက်သာမက နိုင်ငံတော်အတွက်ပါ နစ်နာလှကြောင်း သိစေလိုရင်း ဖြစ်သည်။
 
အယ်ဒီတာ (၂၆-၁ဝ-၂ဝ၁၆)


  • VIA