News

POST TYPE

EDITORIAL

မုန်တိုင်းက ပေးသော အဆိုးနှင့် အကောင်း (Daily, Vol-4/No-170)
27-Oct-2016
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော အားကောင်းသည့် မုန်တိုင်းငယ် တစ်ခု မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ ကမ်းရိုးတန်းဘက်သို့ ဦးတည်လာနေကြောင်း သက်ဆိုင်ရာ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနအပြင် ပုဂ္ဂလိက သတင်းမီဒီယာများက လူထုထံ အချိန်နှင့်တစ်ပြေးညီ ပုံမှန်အသိပေး ထုတ်ပြန်နိုင်ခဲ့ခြင်းမှာ အထူး အားရစရာ ဖြစ်ခဲ့သည်။ 

ထို့အပြင် မုန်တိုင်း ကျရောက်ဖွယ် ရှိသည့်ဒေသများ (အထူးသဖြင့် ဧရာဝတီတိုင်းဒေသကြီး) ရှိ ထောင်နှင့်ချီသော ပြည်သူလူထုကို မုန်တိုင်းလွတ်ရာ မုန်တိုင်း ခိုလှုံရာ စခန်းများသို့ အချိန်မီ ပို့ဆောင်နိုင်ခဲ့ခြင်း၊ ဘေးကင်းစေခဲ့ခြင်းမှာလည်း များစွာ ဝမ်းမြောက်ဖွယ်သတင်း ဖြစ်သည်။ 

၂ဝဝ၈ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူဦးရေ သိန်းဂဏန်းကျော် သေဆုံးကာ သောင်းနှင့်ချီသော အိုးအိမ်၊ အဆောက်အအုံ၊ ပစ္စည်းများ ပျက်စီး ဆုံးရှုံးခဲ့ပြီးနောက် ဧရာဝတီတိုင်းဒေသကြီး၏ အောင်မြင်သော စီမံခန့်ခွဲမှုနှင့် ကြိုတင် ကာကွယ်ရေး၊ အချိန်မဆိုင်း ဆောင်ရွက်နိုင်မှုကို အသိအမှတ် ပြုရမည် ဖြစ်သည်။ 

မြန်မာနိုင်ငံ တစ်ဝန်းတွင် ရေကြီးရေလျှံမှုများ ၂ နှစ် ဆက်တိုက် ဖြစ်ပွားခဲ့သော်လည်း ဧရာဝတီတိုင်းဒေသကြီးကဲ့သို့ ကြိုတင်ပြင်ဆင်မှု မရှိခဲ့ခြင်းမှာလည်း သတိပြု ဆင်ခြင်ဖွယ်ဖြစ်သည်။ 

ဤနေရာတွင် မုန်တိုင်းနှင့်ပတ်သက်သော အချက်အလက်များကို အမြဲမပြတ် စောင့်ကြည့်ကာ ဖြစ်ပေါ် တိုးတက်မှုမှန်သမျှကို ၎င်း၏ အွန်လိုင်းလူမှုရေး ကွန်ရက် စာမျက်နှာမှတစ်ဆင့် ပြည်သူလူထုကို ထုတ်ပြန် သတိပေးနေသော မိုး/ဇလ အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းလွင်၏ ဆောင်ရွက်ချက်မှာ အထူးပင် ထိရောက်မှုရှိကြောင်း အသိအမှတ် ပြုလိုပေသည်။

မိုး/ဇလကမူ ဦးထွန်းလွင်၏ အွန်လိုင်း လူမှုရေး ကွန်ရက် စာမျက်နှာကဲ့သို့  စဉ်ဆက်မပြတ် ထုတ်ပြန်နိုင်ခြင်း မရှိဘဲ ဦးထွန်းလွင်၏ စာမျက်နှာတွင်သာ မုန်တိုင်းမှာ အနီရောင်အဆင့်မှ လိမ္မော်ရောင်၊ ယင်းမှတစ်ဆင့် အဝါရောင်သို့ ပြောင်းလဲကာ အန္တရာယ် မရှိတော့ကြောင်း စဉ်ဆက်မပြတ် ထုတ်ပြန်ပေးခဲ့သည်ကို တွေ့ရသည်။ 

သတင်းမီဒီယာများ၏ ကြိုတင် အသိပေးမှု၊ မိုးလေဝသ သတင်း၊ မုန်တိုင်း သတင်းများ ဖော်ပြမှုတို့မှာ ယခင့်ယခင်နှစ်များထက်စာလျှင် (အထူးသဖြင့် ၂ဝဝ၈ ခုနှစ် နောက်ပိုင်း) ပိုမို အားကောင်းလာသော်လည်း မုန်တိုင်း အခြေအနေကို ပုံမှန် စောင့်ကြည့်ကာ အန္တရာယ် အဆင့်အတန်း သတ်မှတ်ချက် ဖြစ်ပေါ် ပြောင်းလဲမှု၊ အန္တရာယ်ကင်း အခြေအနေ ရောက်ရှိမှုတို့ကိုမူ ယခုထက်ပို၍ အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ် ထုတ်လွှင့် အသိပေးရန် လိုဦးမည်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ယခုတစ်ကြိမ် မုန်တိုင်းသည် သဘာဝ ဘေးအန္တရာယ် ဟူသော အဆိုး သို့မဟုတ် အနုတ်လက္ခဏာ သဘောတရား အခြေအနေများ သယ်ဆောင်လာသော်ငြား ယင်းသတင်းကြောင့် ဌာနဆိုင်ရာ၊ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်း၊ စေတနာ့ ဝန်ထမ်းပြည်သူများ၊ သတင်းမီဒီယာများ၏ တာဝန်ယူမှု၊ တာဝန်သိမှုနှင့် ပြည်သူလူထု၏ ပူးပေါင်း ဆောင်ရွက်မှုတို့ကို မြှင့်တင် ပေးနိုင်ခြင်းတည်းဟူသော “အကောင်း” သို့မဟုတ် အပေါင်းလက္ခဏာ အခြေအနေများကိုလည်း မွေးဖွားပေးကြောင်း အထူး ဖော်ပြလိုပေသည်။ 

အယ်ဒီတာ(၂၅-၁ဝ-၂ဝ၁၆) 


  • VIA