News

POST TYPE

EDITORIAL

သံစဉ်အသစ်၊ တီးလုံးအသစ်နှင့် ကြားနေကျ သီချင်းတစ်ပုဒ် (Daily,Vol-4/No-168)
24-Oct-2016
ယမန်နေ့က နေပြည်တော်၌ ကျင်းပခဲ့သော အစိုးရ၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒများ ရှင်းလင်းပွဲတွင် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များ မျှော်လင့်နေသည့် အသေးစိတ် မူဝါဒရေးရာများထက် ကနဦး ထုတ်ပြန်ထားသော စီးပွားရေး မူဝါဒ ၁၂ ချက်ကို အကျယ်သဘော ရှင်းလင်းခြင်း၊ လိုအပ်ချက်များအပေါ် အကြံပြုခြင်းနှင့် ရည်မှန်းချက်၊ ခံယူချက်၊ ရပ်တည်ချက်ပိုင်းဆိုင်ရာများ၊ စံနှုန်းများကို အသားပေး ရှင်းလင်းသွားခြင်းများသာ ဖြစ်ခဲ့သည်။

ခံယူချက်၊ ရပ်တည်ချက် အပိုင်းတွင် မြန်မာ့စီးပွားရေးကို ကမ္ဘာက သိရန် ဖြောင့်မှန်စွာ လုပ်ဆောင်ရမည် ဆိုသော ဒေါ်အောင်ဆန်းစုကြည်၏ ပြောစကားမှာ အာဏာရှင် စနစ်အောက်တွင် နည်းလမ်း အမျိုးမျိုးဖြင့် နိုင်ငံ၏ အခြေအနေနှင့် မလျော်ညီစွာ အဆမတန် ကြီးထွားလာခဲ့သော မြန်မာစီးပွားရေး လုပ်ငန်းရှင်များကို တစ်နည်းတစ်ဖုံ သတိပေးနေသည့် သဘောဟု ယူဆဖွယ်ရာ ရှိသည်။

ထူးခြားချက် အနေနှင့် ဒေါ်အောင်ဆန်းစုကြည်က အစိုးရသစ် အုပ်ချုပ်ရေး တာဝန်ယူပြီး ခြောက်လအတွင်း မြန်မာ့စီးပွားရေး တိုးတက်မှု နှေးကွေးကြောင်း ဝန်ခံသွားခဲ့ခြင်းနှင့် အစိုးရသစ်၏ စီးပွားရေး မူဝါဒများ ရှင်းလင်း ပြတ်သားမှု မရှိကြောင်း ပြောဆိုချက်များကို သိရှိကြောင်း၊ ၎င်းကိုယ်တိုင်လည်း မူဝါဒများကို ပြောဆိုရသည်မှာ အားရကျေနပ်မှု မရှိကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုသွားခဲ့ခြင်းဖြစ်သည်။

နောက်ထပ် ထူးခြားချက်မှာ ယခင်အခမ်းအနား တက်ရောက်ရန် ဖိတ်ကြားရာတွင် အခွန်ထမ်းဆောင်မှု အများဆုံး ပမာဏအလိုက် လုပ်ငန်းရှင်များကို အစဉ်အတိုင်း ဖိတ်ကြားခြင်းဖြစ်သော်လည်း ယင်းစာရင်းတွင် မပါဝင်သော အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး နေရွှေသွေးအောင် တက်ရောက်ခဲ့ခြင်းဖြစ်သည်။

အခမ်းအနားတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ရှင်းလင်း သွားကြသော်လည်း ကုန်ခဲ့သည့် ငါးနှစ်သက်တမ်း ကာလနှင့် ယင်းမတိုင်မီ ကာလများက အခြေအနေများ၊ လိုအပ်ချက်များ၊ အကြံပြုချက်များနှင့် များစွာ မကွာခြားလှပေ။

မြန်မာ့စီးပွားကဏ္ဍ ဖွံ့ဖြိုးရေးအလို့ငှာ ရေတိုနှင့် ရေရှည်အတွက် တိကျ၊ ခိုင်မာ၊ ထူးခြား၊ ပြတ်သားသော မူဝါဒ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူများ ချက်ချင်း ဆုံးဖြတ်ချက် ချနိုင်မည့် ဆွေးနွေးမှုများ မတွေ့ရသေးကြောင်း ပြောဆိုမှုများ ရှိခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီး မစ္စတာ ရောဘတ်ချွား ပြောဆိုသွားခဲ့သော အကြံပြုချက်များမှာမူ လက်ရှိ အစိုးရအတွက်ရော စီးပွားရေး လုပ်ငန်းရှင်များအတွက်ပါ အထူး သတိပြုဖွယ် အဖိုးတန် အချက်များ ဖြစ်သည်။

စင်ကာပူသံအမတ်ကြီးက မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေရန်မှာ စိတ်ချ ယုံကြည်ရသော သတင်း အချက်အလက် အားနည်းခြင်း၊ ရင်းနှီးမြှုပ်နှံခွင့်ပြု လုပ်ငန်းများ စီစဉ် ဆောင်ရွက်မှုနှင့် အခြေခံ အဆောက်အဦဆိုင်ရာ လုပ်ငန်းများ စီမံဆောင်ရွက်မှု အဆင့်ဆင့်တို့တွင် နှေးကွေး လေးလံခြင်း၊ ပြည်ဝင်ခွင့် ဗီဇာ ခက်ခဲကာ ရက်တိုတောင်းခြင်းတို့ဖြစ်ကြောင်း ထောက်ပြ အကြံပြု သွားခဲ့သည်။

သို့သော် ၎င်း၏ အကြံပြုချက်မှာ လက်ရှိ အစိုးရအပြင် ယခင်အစိုးရများ၏ အားနည်းချက်ကို ကွက်ကွက်ကွင်းကွင်း ပေါ်လွင်နေသောကြောင့်ပင်လော မသိနိုင်ဘဲ ပုဂ္ဂလိက သတင်းမီဒီယာ အချို့တွင်သာ ဖော်ပြခဲ့ပြီး နိုင်ငံပိုင် အစိုးရ အာဘော် သတင်းစာများတွင် ထည့်သွင်း ဖော်ပြထားခြင်း မရှိခဲ့ခြင်းမှာမူ နားမလည်နိုင်စရာ ဖြစ်ခဲ့သည်။

မည်သို့ပင်ဖြစ်စေ ငြိမ်းချမ်းရေးနည်းတူ အရေးကြီးသောကြောင့် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း အကောင်အထည် ဖော်ရမည့် စီးပွားရေး နယ်ပယ်ကို အစိုးရအဖြစ် တာဝန်ယူပြီး ခြောက်လအကြာတွင် ယခုကဲ့သို့ အခမ်းအနားဖြင့် ရှင်းလင်း ပြောဆိုခြင်း၊ အကြံပြုချက်များကို နားထောင်ခြင်းမှာ ဒေသတွင်းတွင်ရော ကမ္ဘာပေါ်တွင်ပါ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး နယ်ပယ် တစ်ခုအတွက် ကြားနေကျ သီချင်းကို သံစဉ်အသစ်ဖြင့် တီးခတ်လိုက်သကဲ့သို့ အပေါင်းလက္ခဏာ ဆောင်သော မျှော်လင့်ချက် ရောင်ခြည် တစ်ခုဟု မှတ်ယူရမည်ဖြစ်သည်။

အယ်ဒီတာ (၂၃-၁ဝ-၂ဝ၁၆)


  • VIA