News

POST TYPE

EDITORIAL

ရန်ကုန်မြို့တော်ကို အိုးမဲသုတ်နေသူတွေ (Daily,Vol-4/No-167)
22-Oct-2016
ရန်ကုန်မြို့တော်ကို အိုးမဲသုတ်နေသူတွေ

အခုနောက်ပိုင်း ရန်ကုန်မြို့တော်က ပန်းခြံ၊ ကစားကွင်း၊ ကန်ဘောင်လို နေရာမျိုးတွေမှာ ညပိုင်းဆို လူငယ်တွေ ဝိုင်းဖွဲ့ပြီး အရက်သေစာ သောက်စားနေကြတာ မြင်ရတာ အတော့်ကို အရုပ် ဆိုးလွန်းတယ်။

ပိုဆိုးတာက သောက်စား၊ ပျော်ပါးပြီး မြင်မကောင်းအောင် ရှုပ်ပွထားခဲ့တဲ့ အမှိုက်တွေ နေရာအနှံ့ ပြန့်ကြဲနေတာပဲ။ မြေနီကုန်း လမ်းဆုံက ပန်းခြံမှာဆို အမှိုက်ပုံးက လက်တစ်ကမ်းမှာ ရှိနေလျက်နဲ့ အမှိုက်တွေ ဖွာလန်ကြဲနေအောင် စည်းကမ်းမဲ့ ပစ်ထားခဲ့တာ။

အင်းလျား ကန်ပေါင်ပေါ်မှာလည်း ဘာထူးလဲ။ အုပ်စုလိုက်၊ အုပ်စုလိုက် ဝိုင်းဖွဲ့သောက်စားနေကြတာ သာမန်ရိုးရိုး အုပ်စုဖွဲ့ထိုင်တဲ့ သူတွေတောင် ရောနာမည်ပျက်စရာ ဖြစ်နေတယ်။

ကမ္ဘာ့ အသန့်ရှင်းဆုံး၊ ကမ္ဘာ့ စည်းကမ်း အတင်းကျပ်ဆုံး စင်ကာပူ နိုင်ငံမှာတောင် အရင်က လမ်းဘေးမှာ၊ ပလက်ဖောင်းမှာ၊ ပန်းခြံမှာ ထိုင်ပြီး အရက်သောက်တာ အရင်က ဘင်္ဂလားဒေ့ရှ်ကလာတဲ့ အောက်ခြေ လုပ်သားတွေပဲ ရှိတယ်။ 

နောက်ပိုင်း မြန်မာအောက်ခြေ လုပ်သားတွေ အရောက်အပေါက် များလာတော့ လမ်းဘေး ပလက်ဖောင်းနဲ့ ပန်းခြံတွေမှာ ထိုင်ပြီး အရက်သောက်၊ အမှိုက်ဖွတဲ့သူတွေက မြန်မာတွေ ထိပ်ဆုံးက ဖြစ်နေတယ်။ တော်ပါသေးတယ်။ တာဝန်သိစိတ်ရှိပြီး နိုင်ငံကြီးသား ပီသတဲ့ စင်ကာပူရောက် မြန်မာကျောင်းသား လူငယ်တွေက အမှိုက်တွေ လိုက်ကောက်ပြီး သိက္ခာ ဆယ်ပေးနေလို့။

အခု အဲဒီလို အညံ့စား စရိုက်က ရန်ကုန်မြို့အထိပါ ကူးစက်ပြီး အများ ပြည်သူနဲ့ဆိုင်တဲ့ နေရာတွေမှာ လူရမ်းကား တစ်စုက အနိုင်ကျင့် သိမ်းပိုက်ပြီး အပန်းဖြေလာတဲ့ ပြည်သူတွေကို စော်ကားမော်ကား လုပ်နေသလိုပဲ။

မန္တလေးမှာတော့ အဲဒီလို အများပြည်သူနဲ့ ဆိုင်တဲ့ နေရာတွေမှာ အရက်သေစာ သောက်စားတာမျိုး မလုပ်ဖို့၊ လုပ်ခဲ့ရင် ဒဏ်ငွေနဲ့ ထောင်ဒဏ် ချမှတ်မယ်ဆိုပြီး မန္တလေး တိုင်းဒေသကြီး အစိုးရကတော့ ကြေညာချက် ထုတ်ခဲ့ပြီးပြီ။

မန္တလေးထက် အဆမတန် ပိုဆိုးနေတဲ့ ရန်ကုန်ကတော့ အခုအချိန်အထိ ဘေးမဲ့ပေးထားသလို ဖြစ်နေတာ ကျွန်တော် သိပ်ဘဝင်မကျချင်ဘူး။ ဒီကြားထဲ အခုချိန်အထိ တိုက်ရိုက် ခန့်ထားခ့ရတဲ့ မြို့တော်ဝန်ဆိုတဲ့သူက ပြည်သူတွေဆီက တက်လာတဲ့ စောဒကတွေကို မချေမငံတောင် ပြန်တုံ့ပြန်နေသေးတယ်။

တကယ်တော့ ဒီလို ကိစ္စမျိုးတွေမှာ အဓိက သက်ဆိုင်တာက မြို့တော် စည်ပင်သာယာရေး ကော်မတီတွေပဲ။ စည်ပင်သာယာ ဥပဒေထဲမှာကို အများ ပြည်သူပိုင် နေရာတွေနဲ့ ပတ်သက်ပြီး ပြဋ္ဌာန်းထားတဲ့ ပုဒ်မတွေ ရှိတယ်။ အဲဒီပုဒ်မတွေကို မသုံးဘဲ ပစ်ထားနေတယ်လို့ ထင်တယ်။

ရန်ကုန်မြို့တော်ရဲ့ အသည်းနှလုံး ဒါမှမဟုတ် အထိမ်းအမှတ် သင်္ကေတလိုဖြစ်နေတဲ့ အင်းလျားကန်စောင်းလို၊ မြကျွန်းသာလို၊ ပြည်သူ့ရင်ပြင်လို နေရာမျိုးတွေမှာ သစ်ပင်တွေ ခုတ်၊ ကန်ထဲကို ကျူးပြီး အထပ်မြင့်တိုက်တွေ ဆောက်နေတာကိုတောင် ငွေမျက်နှာနဲ့၊ မကင်းရာ မကင်းကြောင်းနဲ့၊ အာဏာနဲ့ ဖိအားပေးလို့ ခွင့်ပြုပေးခဲ့သေးတာ။ ပန်းခြံတွေမှာ အရက်သောက်တာလောက်တော့ စာဖွဲ့နေနဲ့လို့ ပြောရမလို ဖြစ်နေတယ်။

တကယ်တော့ ဒီလို လုပ်ရပ်တွေက မြို့တော်အင်္ဂါရပ်၊ မြို့တော်ဂုဏ်သိက္ခာ နဲ့ မညီညွတ်သလို၊ တစ်ဦးချင်းစီရဲ့ အဆင့်အတန်း၊ နိုင်ငံသားအားလုံးရဲ့ ဂုဏ်သိက္ခာ ကိုလည်း ကျဆင်းစေတယ် ဆိုတာကို ဒီလူငယ်တွေ သတိပြုမိပုံ မရဘူး။

ခေတ်ဆိုး၊ ခေတ်ပျက်ကြီးမှာ ကြီးပြင်းလူလား မြောက်လာခဲ့တဲ့ လူငယ်တွေ ဖြစ်တဲ့အတွက် ကိုယ့် အပြုအမူက လွတ်လပ်ခွင့်ကို အလွဲအသုံးချနေမှန်း၊ လမ်းပေါ်တက် ဆေးရိုးလှမ်းနေမှန်း၊ ကိုယ့်အရှက် ကိုယ်ပြန်ခွဲနေမှန်း မသိကြတာ နားလည်ပေးနိုင်သေးတယ်။

ဒါကို သိသိကြီးနဲ့ ဒီနေ့အထိ လက်လွတ်စပယ် ခွင့်ပြုပေးနေတဲ့ မြို့တော် စည်ပင်နဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူတွေကိုတော့ ဘာရည်ရွယ်ချက်နဲ့ ဒီလို မမြင်ချင်ယောင် ဆောင်နေတာလဲလို့ မေးစရာ ရှိတယ်။

အာဏာရှင် စနစ်နဲ့အတူ မလုပ်၊ မရှုပ်၊ မပြုတ်၊ ခေါ်ရင်လာ၊ ခိုင်းတာလုပ်၊ ခံမပြောနဲ့ ဆိုတဲ့ မူအောက်မှာ ခေါက်ရိုး ကျိုးနေတဲ့သူတွေက ဒီမိုကရေစီနည်းနဲ့ ရွေးကောက် တင်မြှောက်ခံရတဲ့ အစိုးရနဲ့ အဲဒီအစိုးရကို မဲပေးရွေးလိုက်တဲ့ ပြည်သူတွေကို တမင် ရည်ရွယ်ချက်နဲ့ နာမည်ပျက်အောင် လုပ်၊ မထေမဲ့မြင် ပြုနေသလိုပဲ။ 

လမ်းပေါ်ထွက် ဆေးရိုး လှမ်းတဲ့ပုံစံ စည်းကမ်းမဲ့နေတဲ့ လူငယ်တွေကိုလည်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အမှိုက် ကောက်ပြပြီး နိုင်ငံသားတွေ စည်းကမ်းမဲ့ အမှိုက် မပစ်အောင်၊ စည်းကမ်း လိုက်နာလာအောင်၊ စေတနာ့ ဝန်ထမ်းစိတ် ရှိလာအောင် ရှေ့ဆောင်လမ်းပြ ပေးခဲ့တာက အချည်းအနှီး ဖြစ်မနေပေဘူးလား တစ်နည်းပြောရရင် ရန်ကုန်မြို့တော်ရဲ့ မျက်နှာကို အိုးမဲသုတ်သလို ဖြစ်မနေဘူးလားလို့ မေးစမ်းပါရစေ။

အယ်ဒီတာ ( ၂၂ - ၁ဝ - ၂ဝ၁၆ )



  • VIA