News

POST TYPE

EDITORIAL

အနာနှင့်ဆေး တည့်စေချင် (Daily, Vol-6/No-132)
11-Sep-2018

မည်သည့်အဖွဲ့အစည်း၊ အသင်းအပင်းမဆို ရေရှည်တည်တံ့ခိုင်မြဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံးအချက်မှာ မိမိတို့အဖွဲ့အစည်း၏ အခြေအနေမှန်ကို ပကတိအတိုင်း သိရှိခြင်းဖြစ်သည်။ 

အခြေအနေမှန်ကိုပကတိအတိုင်း အပိုအလိုမရှိ သိရှိခြင်းအားဖြင့် မည်သည့်နေရာတွင် အားသာချက်များရှိနေပြီး မည်သည့်နယ်ပယ်တွင် အားနည်းချက်များရှိကာ မည်မျှဆုံးရှုံး၊ အောင်မြင်နေကြောင်း မြင်တွေ့နိုင်မည်ဖြစ်သည်။ 

သို့မှသာ အားနည်းချက်များကိုမည်သို့ပြင်ဆင်ပြုပြင်မည်၊ အားသာ ချက်များကိုမည်သို့ထိန်းသိမ်းမည်၊ ပိုကောင်းစေရန် အားထုတ်မည်၊ ဆုံးရှုံးမှုများ နည်းသွားစေရန်ကြိုးစားမည်၊ အောင်မြင်မှုများ ပိုများလာစေရန်ကြံဆမည် စသဖြင့် ရေရှည်တည်တံ့ရေးနှင့် အောင်မြင်ဖွံ့ဖြိုးရေး လုပ်ဆောင်နိုင်သည်။ ဆေးပညာ၊ ဆေးလောက စကားဖြင့်ပြောရပါက ဝေဒနာခံစားနေရသော လူနာကိုဆေးမကုသခင် မည်သည့်ရောဂါ ဖြစ်ပွားနေကြောင်း သိရှိရန်ဦးစွာ အားထုတ်ရသည်။ လူနာ၏ အသက်အရွယ်၊ လိင်အမျိုးအစား၊ အလုပ်အကိုင်၊ နေထိုင်၊ စားသောက်မှုပုံစံ၊ ယခင်က ဖြစ်ပွားခဲ့ဖူး၊ ကုသခဲ့ဖူးသော ရောဂါများ၊ လက်ရှိမှီဝဲနေသော ဆေးဝါးများ၊ လက်ရှိခံစားနေရသည့်ဝေဒနာ၏အသွင်သဏ္ဌာန်၊ ပြင်ပသွင်ပြင်လက္ခဏာ၊ ခန္ဓာကိုယ်အတွင်းမှ တုံ့ပြန်မှု၊ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးမှု စသည့်တို့ကို စိတ်ရှည်လက်ရှည် အချိန်ပေး မေးမြန်း၊ စုံစမ်း၊ စစ်ဆေးရသည်။

ထိုသို့မေးမြန်း၊ စစ်ဆေးပြီး ရရှိလာသော အချက်အလက်များကိုမူတည်ကာ မည်သည့်ရောဂါဖြစ်နိုင်ကြောင်း ကောက်ချက်ချကာ ထိုရောဂါနှင့် သင့်တော်သော ဆေးဝါး၊ အာဟာရများကို ကုသညွှန်ကြားရသည်။

ဤနေရာတွင်များစွာ အရေးကြီးသည့်အချက်မှာ လူနာနှင့်ဆရာဝန်အကြား ထိမ်ချန်၊ ဖုံးကွယ်ထားခြင်းမျိုး တတ်နိုင်သမျှ မရှိရေးနှင့် အခြေအနေကို အမှန်အတိုင်း ဖြေဆို၊ ရှင်းပြရေးဖြစ်သည်။

တစ်ခါတစ်ရံ လူနာဘက်က ထိမ်ချန်ထားသော ကိစ္စရပ်တစ်ခုခု ဆရာဝန်ဘက်က မေးမြန်းရန် သို့မဟုတ် လူနာကိုအသိပေးရန် ပျက်ကွက်မှုတစ်ခုခုကြောင့် ယင်းတစ်ခုခုက လူနာ၏ အခြေအနေ ပိုဆိုးသွားခြင်း သို့မဟုတ် အသက်ဆုံးသွားသည်အထိ အန္တရာယ်ရှိနိုင်ခြင်းမျိုး ကြုံရတတ်သည်။

လူနာနှင့်ဆရာဝန်အကြား အပြန်အလှန် ယုံကြည်မှု၊ ပွင့်လင်းရိုးဖြောင့်မှု ရှိမှသာ ရောဂါဇာစ်မြစ်၊ အခြေအနေမှန်ကို သိရှိနိုင်ပြီး သက်သာပျောက်ကင်း စေရန်ကုသနိုင်ရေး အထောက်အကူပြုမည်ဖြစ်သည်။

အဖွဲ့အစည်းတစ်ခု၊ နိုင်ငံရေးပါတီတစ်ရပ်၊ အစိုးရတစ်ဖွဲ့သည်လည်း ထို့အတူပင်။ အခြေအနေမှန်ကိုသိရှိရန် မကြိုးစားဘဲစာရွက်ပေါ် ရှိဟန်ပြ၊ ဗန်းပြ၊ ရုပ်ပြ စီမံကိန်းများ၊ အရည်အချင်းနှင့် လုပ်ရည်ကိုင်ရည်ထက် မိမိအလိုကျ အလိုလိုက်အကြိုက်ဆောင်၊ မြှောက်ပင့်ချီးပတတ်သူ အချောင်သမားများ တင်ပြနေသည့် အကောင်းချည်းသက်သက် သတင်းများကိုသာ သာယာနေပါလျှင် ဖြစ်နေသော ရောဂါနှင့်ကုသသော ဆေးလွဲချော်ကာ လူနာနှင့်တူသော မိမိ အဖွဲ့အစည်း၊ ပါတီ၊ အစိုးရအဖွဲ့ သာမက နိုင်ငံတော်နှင့် နိုင်ငံသားများပါ အန္တရာယ်ရှိကြောင်း သိစေလိုရင်းဖြစ်သည်။

အယ်ဒီတာ (၁၁-၉-၂၀၁၈)