News

POST TYPE

EDITORIAL

မက်ကိန်းလို စစ်မှုထမ်းဟောင်း နိုင်ငံရေးသမားကောင်း (Daily, Vol-6/No-118)
26-Aug-2018
အမေရိကန် နိုင်ငံရေးလောကတွင် ဩဇာကြီးမားသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သော ဆီနိတ်တာ ဂျွန်မက်ကိန်း အသက် ၈၁ နှစ်အရွယ်တွင် ပြင်းထန်ဆိုးရွားသည့် ဦးနှောက်ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားပြီဖြစ်ပါသည်။ ဂျွန်မက်ကိန်း၏ နာရေးသတင်းကို နိုင်ငံတကာမီဒီယာများ၊ အထူးသဖြင့် အနောက်ကမ္ဘာ မီဒီယာများက သူ၏သမိုင်းအတ္ထုပ္ပတ္တိနောက်ခံထားကာ ဖော်ပြခဲ့ကြရာ၌ ယခင်သမ္မတအိုဘားမားနှင့်ပတ်သက်၍ ထူးခြားသောဖြစ်ရပ်တစ်ခုကို အမှတ်မထင် တွေ့လိုက်ရပေသည်။

ယင်းမှာ လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် သမ္မတရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးပွဲတစ်ခု၌ အမေရိကန်အမျိုးသမီးကြီးတစ်ဦးက အိုဘားမားကို အယုံအကြည် မရှိကြောင်း၊ အကြောင်းမှာ အိုဘားမားသည် အာရပ်အနွှယ်ဖြစ်နေသောကြောင့်ဖြစ်ကြောင်း ရီပတ်ဘလီကန်ထောက်ခံသူ ပရိသတ်အလယ်တွင် မိုက်ကရိုဖုန်းကိုင်၍ မတ်တတ်ထပြောဆိုခဲ့မှုကို ဂျွန်မက်ကိန်းက ပြတ်ပြတ်သားသား ငြင်းဆိုခဲ့မှုပင်ဖြစ်သည်။ ဂျွန်မက်ကိန်းက ယင်းအမျိုးသမီးကြီး၏ လက်ထဲက မိုက်ကရိုဖုန်းကို ပြန်ယူလိုက်ပြီး အိုဘားမားသည် သိက္ခာရှိသည့် အိမ်ထောင်ဦးစီးယောက်ျားတစ်ယောက်၊ သိက္ခာရှိသည့် နိုင်ငံသားတစ်ယောက်ဖြစ်ကြောင်း ချက်ချင်းဆိုသလိုတုံ့ပြန်လိုက်သည်။ ထို့နောက် အိုဘားမားနှင့် ၎င်းသည် အခြေခံကျသည့်အရေးကိစ္စများနှင့်ပတ်သက်၍ သဘောထားအမြင်ချင်း မတူညီသူများသာဖြစ်ကြောင်း၊ သို့အတွက်ကြောင့် ယခုလိုမဲဆွယ်စည်းရုံးမှုပြုနေရခြင်းဖြစ်ကြောင်း မက်ကိန်းက ရှင်းပြခဲ့သည်။

အမေရိကန် နိုင်ငံရေးလောက၏ အမြင့်ဆုံးရာထူးတစ်ခုလည်းဖြစ်၊ မြန်မာတို့၏ အဆိုအရဆိုပါက စကြဝတေးမင်းကဲ့သို့ ဩဇာအာဏာပြင်းထန်သည့် ရာထူးမျိုးလည်းဖြစ်သည့် အမေရိကန်သမ္မတရာထူးအတွက် အပြိုင်အဆိုင် မဲဆွယ်သည့်ကာလတွင် မိမိကိုထောက်ခံသူတစ်ဦးက မိမိ၏ပြိုင်ဘက်ဖြစ်သူအပေါ် ပုဂ္ဂိုလ်ရေးဆန်ဆန် ထိုးနှက်နှိမ်ချခြင်းမျိုးကို အသားမယူ အမြတ်မထုတ်ဘဲ အိုဘားမားအား ဂုဏ်သိက္ခာရှိသူတစ်ဦးအဖြစ် ကာကွယ်ပြောဆိုသွားခြင်းကို ကြည့်မည်ဆိုပါက ၎င်း၏ စိတ်နေသဘောထား မည်မျှအတိုင်းအတာအထိ လူကြီးလူကောင်းဆန်သည်၊ အဆင့်အတန်းမြင့်သည့် နိုင်ငံရေးသမားဖြစ်သည် ဟူသောအချက်ကို တွေ့မြင်ရပါသည်။ အမေရိကန်ရေတပ်တက္ကသိုလ်တွင်ဘွဲ့ရခဲ့ပြီး ၁၉၈၁ ခုနှစ်အထိ စစ်မှုထမ်းခဲ့ရုံမျှမက ဗီယက်နမ်စစ်ပွဲတွင် စစ်သုံ့ပန်းပါဖြစ်ခဲ့ဖူးသည့် ဂျွန်မက်ကိန်းအနေနှင့် ပြိုင်ဘက်နိုင်ငံရေးသမား အိုဘားမားသည် ၎င်းလောက် တိုင်းချစ်၊ ပြည်ချစ်(မျိုးချစ်) ပုဂ္ဂိုလ်မျိုးမဟုတ်နိုင်ဟု စစ်မှုထမ်းဟူသည့် အရှိန်အဝါသုံးကာ ထိုးနှက်နိုင်သည့် အခြေအနေတွင် ရှိခဲ့သော်လည်း မထိုးနှက်ဘဲ ပြိုင်ဘက်ကောင်းတစ်ဦးအဖြစ် တလေးတစား ကာကွယ်သွားသည်မှာလည်း ချီးမွမ်းစရာပင်ဖြစ်ပေသည်။

“စစ်သားကောင်းတို့ဟူသည် လူသတ်သမားမဟုတ်” (Good Soldiers Are Not Murders) ဟူသော ကမ္ဘာကျော်ဆိုရိုးရှိပါလျှင် စစ်သားကောင်းဟူသည် ဂုဏ်သိက္ခာရှိသော လွတ်လပ်သော နိုင်ငံရေးသမားကောင်းလည်း ဖြစ်နိုင်သည်ဟူသောအချက်ကို ဂျွန်မက်ကိန်းက နှစ်ပေါင်း ၃၀ ကျော်ကြာ ဆီးနိတ်လွှတ်တော်တွင်းမှတစ်ဆင့် သူချစ်သော လူ့အဖွဲ့အစည်းနှင့် နိုင်ငံအတွက် စစ်မှုထမ်းဟောင်း အရပ်သားနိုင်ငံရေးသမားတစ်ဦးအဖြစ် ကြိုးပမ်းလုပ်ကိုင်ပြ သွားခဲ့ပေသည်။ မြန်မာနိုင်ငံတွင်မူ ဒီမိုကရေစီစတင်ဖော်ဆောင်သည့် သက်တမ်းမှာ ၂၀၁၁ ခုနှစ်ကစတင်ရေတွက်မည်ဆိုပါက ဆယ်စုနှစ်တစ်ခုပင် မပြည့်သေးပေရာ ဂျွန်မက်ကိန်းနှင့်တူသည့် စစ်မှုထမ်းဟောင်းလည်းဖြစ် နိုင်ငံရေးသမားကောင်းလည်းဖြစ်သည့် ပုဂ္ဂိုလ်မျိုးကို လက်ညှိုးထိုးပြ၍မရနိုင်သေးပေ။

ဒီမိုကရေစီစနစ်တွင် စစ်မှုထမ်းဟောင်း (စစ်ယူနီဖောင်းချွတ်ပုဂ္ဂိုလ်)များ ပါဝင်ခွင့်မရှိဟု မည်သည့်နိုင်ငံတွင်မျှ သတ်မှတ်ကန့်သတ်ထားခြင်းမျိုးမရှိသလို စစ်မှုထမ်းဟောင်းများ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မှုကို မလိုလားသည့် မဲဆန္ဒရှင်ပြည်သူများလည်း ရှိမည်မဟုတ်ပေ။ တစ်နည်းဆိုပါက ဒီမိုကရေစီနိုင်ငံရေးတွင် စစ်မှုထမ်းဟောင်းဖြစ်ခြင်း မဖြစ်ခြင်းထက် စစ်တပ်လောင်းရိပ် ကင်းလွတ်သော စစ်မှုထမ်းဟောင်းနိုင်ငံရေးသမား ဖြစ်ခြင်း မဖြစ်ခြင်းကို ပြည်သူများက လိုလားခြင်းဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတည်ဆောက်ရေးတွင် အရပ်သားနိုင်ငံရေးသမားများသာမက ဂျွန်မက်ကိန်းလို စစ်တပ်၏ လောင်းရိပ် ကင်းလွတ်စွာဖြင့် မဲဆွယ်စည်းရုံးနိုင်သော စစ်မှုထမ်းဟောင်း နိုင်ငံရေးသမားကောင်းများလည်း လိုအပ်ပါကြောင်း ဖော်ပြလိုရင်းဖြစ်ပေသည်။ 

အယ်ဒီတာ (၂၆-၈-၂၀၁၈)