News

POST TYPE

EDITORIAL

ရွှေကျင်ရှိ လွှတ်တော်ကိုယ်စားလှယ်နှင့် ပညာရေးမှူးတို့ ၆၆ (ဃ) ဖြင့် အပြန်အလှန်အမှုဖွင့်
23-Jul-2018
တောင်ငူ၊ ဇူလိုင်၂၂

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်ပညာရေးမှူးတို့သည် လူမှုကွန်ရက်ပေါ်၌ တင်ထားသည့်စာသားများအတွက် ဇူလိုင် ၂၁ ရက်နေ့က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တစ်ဦးကိုတစ်ဦး အပြန်အလှန်အမှုဖွင့်လှစ်ခဲ့ကြကြောင်း ရွှေကျင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

“လက်ရှိမှာ အမှုဖွင့်ထားတယ်ဆိုတာ ဟုတ်ပါတယ်။ ဝန်ကြီးဌာနတွေက လူတွေဆိုတော့ ကျွန်တော်ကလည်း အထက်ကို ဆက်လက်တင်ပြထားပြီး ရဲလုပ်ငန်းတွေ လုပ်ဆောင်နေဆဲပါ”ဟု ရွှေကျင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောဆိုသည်။

လူမှုကွန်ရက်ပေါ်တွင် ပညာရေး ဝန်ထမ်းများ လစာငွေဖျက်တောက်ခံရခြင်းသည် လာဘ်စားခြင်း တစ်မျိုးဖြစ်သည်ဟု ရွှေကျင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်းက ဇူလိုင် ၁၂ ရက်နေ့က လူမှုကွန်ရက်စာမျက်နှာပေါ်တင်ခဲ့သည်ကို ရွှေကျင်မြို့နယ်ပညာရေးမှူး ဦးစိုးသိန်းမှ ScreenShot (သက်သေ) ယူ၍ မခိုင်လုံဘဲ စွပ်စွဲပြောဆိုခြင်းသည် အသရေဖျက်မှုပုဒ်မ ၅၀၀ နှင့် တရားစွဲဆိုနိုင်ကြောင်း လူမှုကွန်ရက်ပေါ် ပြန်လည်တင်ခဲ့ကြခြင်းဖြစ်သည်။

“သူတို့ဘက်က ဘယ်လိုပုံစံနဲ့ ဖွင့်တယ်ဆိုတာမသိရသေးတော့ ကျွန်တော်လည်း ပြောမရသေးပါဘူး။ အမှုဖွင့်ထားတာ ဟုတ်ပါတယ်” ဟု ရွှေကျင်မြို့နယ် ပညာရေးမှူး ဦးစိုးသိန်းက ပြောဆိုသည်။

သဘောရိုးနှင့် ရေးသားထားသည့် စာသားများကို ScreenShot ယူ၍ ၎င်း (ဦးစိုးသိန်း) ၏ လူမှုကွန်ရက်စာမျက်နှာပေါ်ပြန်တင်ပြီး ခြိမ်းခြောက်ပြောဆိုသည့်အတွက် ၆၆ (ဃ) ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ရွှေကျင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်းက ပြောကြားသည်။

ဇူလိုင် ၂၁ ရက်နေ့က ဒေါ်လှလှဝင်းက ဦးစိုးသိန်းကို ရွှေကျင်မြို့မရဲစခန်းတွင် (ပ) ၈၉၂/ ၁၈ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဃ ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး ညပိုင်းတွင် ဦးစိုးသိန်းက(ပ) ၈၉၃/ ၁၈ ဖြင့် ပြန်လည်အမှုဖွင့်ခဲ့ကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ကို သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်ခြင်းများပြုလုပ်၍ ရနိုင်သော်လည်း ဖမ်းဆီးချုပ်နှောင်ခြင်းနှင့် ဝရမ်းထုတ်ခြင်းများ ပြုလုပ်မည်ဆိုပါက လွှတ်တော်ဥက္ကဋ္ဌထံ အသိပေးခွင့်ပြုချက် တောင်းခံရမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကြည်ဇင်က ပြောကြားသည်။

R-15