News

POST TYPE

EDITORIAL

၆၆ (ဃ) နှင့် အမှုဖွင့်ခံထားရသော လွှတ်တော်ကိုယ်စားလှယ် ရဲစခန်းသွားအဖမ်းခံ
08-Jun-2018


စစ်တွေ၊ ဇွန် ၈

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုရန်အမှုဖွင့်ခံထားရသော ရမ်းဗြဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးကယနေ့ စစ်တွေမြို့ရဲစခန်းသို့ သွားရောက်အဖမ်းခံရာတွင် လွှတ်တော်ကိုယ်စားလှယ်အချို့က ဝန်းရံပို့ဆောင်ခဲ့ကြသည်။

ထိုသို့ ဝန်းရံပို့ဆောင်ခဲ့ကြပြီး ၎င်းအားပုဏ္ဏားကျွန်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်နှင့် စစ်တွေမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးသိန်း နှစ်ဦးတို့က အာမခံ ပေးခဲ့ကြသည်။

"ကျွန်တော်ကို ဆယ်တန်းအောင်တဲ့ စာရင်းပေါ့ အဲဒီမှာကိန်းဂဏန်းတွေမှားသွားလို့ ရခိုင်ပြည်နယ် သိက္ခာ ကျအောင်လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တစ်ခုတည်းဖြစ်တယ်" ဟု စွပ်စွဲခံရသော ဦးသန်းမောင်ဦးက ရှင်းပြသည်။

လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် အစိုးရ၏ လိုအပ်ချက်များကို အချိန်အခါမရွေးထောက်ပြနိုင်မှ လွှတ်တော်ကိုယ်စားလှယ်ကောင်းတစ်ယောက်ဖြစ်ကြောင်း ယင်းသို့ထောက်ပြဝေဖန်ခြင်းကို အစိုးတစ်ရပ်အနေဖြင့် အမှားတစ်ခုဖြစ်ကြောင်းမြင်မိလျှင် အစိုးရ၏ အားနည်းချက်ဖြစ်ကြောင်း မြေပုံမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုစားလှယ် ဦးအောင်ဝင်းက သုံးသပ်သည်။

ဦးသန်းမောင်ဦးသည် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် တက္ကသိုလ်ဝင်စာပေးပွဲအောင်မြင်ချက်ရာခိုင်နှုန်း ဖော်ပြရာ၌ ရခိုင်ပြည်နယ်၏ အောင်ချက်ရာခိုင်နှုန်း ကိန်းဂဏန်တစ်ခု မှားယွင်းခဲ့သဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားချက်ကြောင့် ပြည်နယ်ပညာရေးမှူးရုံးက တရားလိုပြုလုပ်ကာ တရားစွဲဆိုရန် ဇွန်လ ၃ ရက်နေ့က အမှုဖွင့်ခြင်းဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

R-22