News

POST TYPE

EDITORIAL

၆၆(ဃ)ဖြင့် အမှုဖွင့်ခံထားရသော ရခိုင်ပြည်နယ်လွှတ်တော်အမတ် ယနေ့ ရဲစခန်းသွားရောက်အဖမ်းခံမည်
07-Jun-2018

စစ်တွေ၊ ဇွန် ၇

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်ခံထားရသော ရမ်းဗြဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးသည် ဇွန်လ ၈ ရက်နေ့တွင် စစ်တွေမြို့ရဲစခန်းသို့ သွားရောက်ကာ ဖမ်းဆီးခံမည်ဟု ကာယကံရှင် ဦးသန်းမောင်ဦးက ပြောဆိုသည်။

“ကျွန်တော်ကတော့ ရဲစခန်းသွားပြီး အဖမ်းခံမယ်။ သူတို့က တရားစွဲတယ်ဆိုတော့ ဖြေရှင်းရုံအပြင်မရှိဘူးလေ”ဟု ဦးသန်းမောင်ဦးကပြောသည်။

ဦးသန်းမောင်ဦးသည် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ချက်ရာခိုင်နှုန်းဖော်ပြရာ၌ ရခိုင်ပြည်နယ်၏ အောင်ချက်ရာခိုင်နှုန်း ကိန်းဂဏန်းတစ်ခု မှားယွင်းဖော်ပြခဲ့သဖြင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိန်ထွန်းလှက တရားလိုပြုလုပ်ကာ တရားစွဲဆိုရန် အမှုဖွင့်ထားခြင်း ဖြစ်ကြောင်း ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

ယင်းနောက် ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌထံသို့ သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးရန် ခွင့်ပြုချက်တောင်းခံလာရာ အစည်းအဝေး ကျင်းပနေစဉ်ကာလဖြစ်၍ ခွင့်ပြုချက် မပေးခဲ့ကြောင်း၊ ယခုအခါ ပြည်နယ်လွှတ်တော် အစည်းအဝေး ပြီးဆုံးသွားပြီဖြစ်၍ ၎င်းအား ဖမ်းဆီးစစ်ဆေးရန် ခွင့်ပြုချက် မလိုအပ်ကြောင်း ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ရှင်းပြသည်။

“ဒီနေ့အချိန်ခါ ကျွန်တော်တို့က ခွင့်ပြုချက်ပေးဖို့ မလိုတော့ဘူး။ သူက အစည်းအဝေး ပြင်ပရောက်သွားပြီ၊ သူ့ကို သက်ဆိုင်ရာက စစ်ဆေးပြီးတော့ တရားစွဲတော့လည်း လွှတ်တော်နဲ့ မဆိုင်တော့ဘူး။ အစည်းအဝေး ကျင်းပနေတုန်းကတော့ ခွင့်ပြုချက် မပေးခဲ့ဘူးပေါ့၊ သူ့ကိုလွှတ်ပေးပါ ဘာလုပ်ပေးပါလို့လည်း ပြောလို့မရ ပြစ်မှုမြောက်ရင်တော့ စွဲချက်တင်လိမ့်မယ်”ဟု ၎င်းကပြောသည်။

လွှတ်တော်အစည်းအဝေးသို့ တက်နေသော လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကိုဖြစ်စေ၊ ဥက္ကဋ္ဌ၏ခွင့်ပြုချက် သို့မဟုတ် ဖိတ်ကြားချက်အရ အစည်းအဝေးသို့ တက်ရောက်နေသော ပုဂ္ဂိုလ်တစ်ဦးကိုဖြစ်စေ ဖမ်းဆီးရန်လိုအပ်ပါက ခိုင်လုံသော အထောက်အထားကို ဥက္ကဋ္ဌထံတင်ပြရမည်ဖြစ်ပြီး ဥက္ကဋ္ဌ၏ ကြိုတင်ခွင့်ပြုချက်မရှိဘဲ ဖမ်းဆီးခြင်းမပြုရကြောင်း၊ လွှတ်တော် အစည်းအဝေး ကျင်းပချိန်မဟုတ်လျှင် လွှတ်တော်ကိုယ်စားလှယ် သို့မဟုတ် အဖွဲ့ဝင်တစ်ဦးအား ဖမ်းဆီးပါက ဖမ်းဆီးရခြင်းနှင့် စပ်လျဉ်းသောခိုင်လုံသည့် အထောက်အထားကို ဥက္ကဋ္ဌထံ ဆောလျင်စွာ တင်ပြရမည်ဟု ဥပဒေ၌ပြဋ္ဌာန်းထားကြောင်း ဦးစံကျော်လှက ရှင်းပြသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ လွှတ်တော်အနေနှင့်ဖြစ်စေ၊ ဦးသန်းမောင်ဦးအနေနှင့်ဖြစ်စေ ရခိုင်ပြည်နယ်အစိုးနှင့် ညှိနှိုင်းဆောင်ရွက်သွားရန်မရှိကြောင်း၊ ရဲစခန်းသို့ သွားရောက်ဖမ်းဆီးခံရာ၌ လွှတ်တော်ကိုယ်စားလှယ်များက ဝန်းရံပေးကြမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆိုကြသည်။

အစိုးရသစ်လက်ထက်၌ ဆက်သွယ်ရေးဥပဒေ မပြင်ဆင်ရသေးမီအချိန်က တရားစွဲဆိုခံရသောအမှု ၉၀ ရှိခဲ့ပြီး ဥပဒေပြင်ဆင်ပြီးနောက် တရားစွဲဆိုခံရသည့်အမှု ၂၇ မှုရှိကြောင်း၊ ယခင်အစိုးရလက်ထက်တွင် တရားစွဲဆိုခံရသော အမှုအရေအတွက် ၁၁ မှုသာရှိခဲ့ကြောင်းနှင့် ၂၀၁၈ ခုနှစ် ဇွန်လ ၅ ရက်နေ့ထိ တရားရုံးတင်ကာ တရားစွဲဆိုမှု စုစုပေါင်း ၁၂၈ မှုအထိရှိကြောင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့-အသံက ထုတ်ပြန်ထားသည်။

အဆိုပါ ပုဒ်မ ၆၆(ဃ) သည် အာမခံ ရရှိနိုင်သော ပုဒ်မတစ်ခုဖြစ်ပြီး ဆက်သွယ်ရေးကွန်ရက်တစ်ခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အသေရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းတို့မှ ပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ၂ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၁၀ သိန်းထက် မပို့သော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

R-22