News

POST TYPE

EDITORIAL

ရမ်းဗြဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ကို ပြည်နယ်အစိုးရအဖွဲ့က ၆၆ (ဃ) ဖြင့် အမှုဖွင့်
03-Jun-2018
စစ်တွေ၊ ဇွန် ၃

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် ဇွန်လ ၃ ရက်က အမှုဖွင့်လိုက်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဦးသန်းမောင်ဦးက ဇွန်လ ၂ ရက်တွင် လူမှုကွန်ရက် ဖေ့စ်ဘုတ်ခ်စာမျက်နှာတွင် “ငါတို့ ရခိုင်ပြည်က တိုင်းနှင့်ပြည်နယ် (၁၄) ခုထဲမှာ} ခေါင်းစဉ်ဖြင့် ရခိုင်ပြည်နယ်၏ ဖြစ်ပေါ်နေမှုများကို ဝေဖန်ရေးသားထားသည့်အပြင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်ချက်ရာခိုင်နှုန်းကို ရေးသားရာ၌ အောင်ချက် ရာခိုင်နှုန်းကို မှားယွင်းဖော်ပြသဖြင့် အမှုဖွင့်ရခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်သန်းမြင့်က ရှင်းပြသည်။

“ကျွန်တော်တို့ပြည်နယ်ရဲ့ အောင်ချက်ရာခိုင်နှုန်းကို အလွဲဖော်ပြထားတယ်။ ကျွန်တော်တို့က ဝန်ထမ်းဆိုတော့ အပေါ်က တာဝန်ပေးရင် လုပ်ဆောင်ရတာပေါ့၊ ဒီကိစ္စနဲ့ပတ်သက်လို့လည်း သိပ်မပြောချင်ဘူး”ဟု ၎င်းကဆိုသည်။

တိုင်းနှင့် ပြည်နယ် ၁၄ ခု၏ အောင်ချက် ရာခိုင်နှုန်းများကို လူမှုကွန်ရက်ပေါ်သို့ ပထမတင်ရာ၌ ရခိုင်ပြည်နယ်၏ အောင်ချက်ရာခိုင်နှုန်း မှားယွင်းခဲ့သဖြင့် ထပ်မံ၍ Edit လုပ်ကာ ပြန်တင်လိုက်ကြောင်း၊ အဆိုပါ ပိုစ့်မှာ မည်သူတစ်ဦးတစ်ယောက်ကိုမျှ တိုက်ခိုက်ခြင်းမရှိဘဲ တစ်ပြည်နယ်လုံးကို နှိုးဆော်ခြင်းသာဖြစ်ကြောင်း ဆက်သွယ်ရေးပုဒ်မဖြင့် အမှုဖွင့်ခံရသည့် ရမ်းဗြဲမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမောင်ဦးက ပြောသည်။ 

“အာဏာရှင်ဆန်တာပေါ့၊ မတရားဘူး၊ သူတို့ ဒီမိုကရေစီအစိုးရပဲ ဒီလောက်လေး ထောက်ပြတာတောင် မရဘူးပေါ့။ သူတို့ကိုလည်း ဝေဖန်အပုပ်ချတာ မဟုတ်ဘူး၊ ကျွန်တော်တို့ပြည် ဒီလိုဖြစ်နေပြီ ကြိုးစားဖို့လိုတယ်လို့ နှိုးဆော်တာပဲ”ဟု ၎င်းကဝေဖန်သည်။ 

လတ်တလောတွင် ရဲစခန်း၌ အမှုဖွင့် ခံထားရသော်လည်း အမှုနှင့်ပတ်သက်၍ တစ်စုံတစ်ရာ အကြောင်းကြားလာခြင်း မရှိသေးကြောင်း ၎င်းကဆိုသည်။ 

၆၆ (ဃ) ဖြင့် အမှုဖွင့်ခံထားရသူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်မှာ ရခိုင်အမျိုးသားပါတီ (ANP) မှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်သည်။

ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ကို အမှုဖွင့်လှစ်မှုနှင့်ပတ်သက်၍ စစ်တွေ မြို့မ ရဲစခန်းနှင့် စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ဖုန်းမကိုင်ပေ။

စည်ပင်သာယာရေး ဝန်ကြီး(ဟောင်း) ဖြစ်သူ ဦးမင်းအောင်သည် ဝန်ကြီးတာဝန်မှ ရပ်စဲခံရမည့် အချိန်အတောအတွင်း၌ မြောက်ဦးမြို့နယ် ရခိုင်အမျိုးသားပါတီ (ANP) မှ ဗဟို ကော်မတီဝင်တစ်ဦးကိုလည်း ဆက်သွယ်ရေးပုဒ်မဖြင့် အမှုဖွင့်လှစ်ခဲ့ဖူးသည်။

R-22