News

POST TYPE

EDITORIAL

တိုက်နယ်ဆရာဝန်လေးက သင်ကြားပေးသော စိတ်ထား (Daily, Vol-5/No-108)
15-Aug-2017
ကန့်ဘလူမြို့နယ် ချပ်သင်းတိုက်နယ် ဆေးရုံဆရာဝန်ကို ယင်းဒေသခံ ကျူရှင်ဆရာ သုံးဦးက လူကြီးလူကောင်း မဆန်သော ပုံစံဖြင့် အွန်လိုင်းလူမှုရေး ကွန်ရက်ပေါ်မှတစ်ဆင့် တိုက်ရိုက် ထုတ်လွှင့်မေးမြန်းခဲ့သောကိစ္စမှာ ယခုရက်ပိုင်းအတွင်း အထူးလူပြောများသည့် ကိစ္စရပ်ဖြစ်သွားခဲ့သည်။
 
ကျူရှင်ဆရာ လူငယ်သုံးဦး၏လုပ်ရပ်မှာ ၎င်းတို့ သံသယရှိသော ကိစ္စရပ်တစ်ခုနှင့် ပတ်သက်ပြီး အဖြစ်မှန် ဖော်ထုတ်လိုပုံရသော်လည်း ၎င်းတို့ အသုံးပြုသည့်နည်းလမ်း လွဲချော်နေသောကြောင့် ချပ်သင်းတွင်သာ ပြီးပြတ်သွားရမည့်အစား တစ်နိုင်ငံလုံး ပွဲဆူသွားစေခဲ့သည်။ 

၎င်းတို့လုပ်ရပ် မှားယွင်းကြောင်း ပို၍ သိသာ ထင်ရှားသွားစေခဲ့ခြင်းမှာ တိုက်နယ်ဆရာဝန်၏ လူကြီးလူကောင်းဆန်ကာ ဖြူစင်မွန်မြတ်သော စိတ်ထားနှင့် သဘောထားကြီးစွာ ကျေအေးခွင့်လွှတ်မှုတို့ကြောင့်ဟု ဆိုလျှင် မမှားနိုင်ပေ။ 

ယင်းပြဿနာကို လေ့လာကြည့်သည့်အခါ မြင်သာထင်သာရှိသော သတိပြုမိစရာ အချက်နှစ်ချက် တွေ့ရသည်။ ပထမတစ်ခုမှာ အွန်လိုင်းလူမှုရေး ကွန်ရက်ခေါ် ခေတ်ပေါ် မီဒီယာပစ္စည်း သို့မဟုတ် အိုင်စီတီနည်းပညာကို အလွဲအသုံးချခြင်းဖြစ်ပြီး ဒုတိယတစ်ချက်မှာ ရည်ရွယ်ချက်ရှိရှိ အုတ်အော် သောင်းတင်း ဂုဏ်သိက္ခာချရန် ကြိုးပမ်းသူများကိုပင် ဗွေမယူ ခွင့်လွှတ်ပေးသည့် တိုက်နယ်ဆရာဝန်လေး၏ မြင့်မြတ်သော သူတော်ကောင်းစိတ်ထား ဖြစ်သည်။ 

ယနေ့ အွန်လိုင်းမီဒီယာ သို့မဟုတ် အွန်လိုင်း လူမှုရေးကွန်ရက်ကို မရှိမဖြစ် ဘဝတစ်ခုသဖွယ် ပျော်ဝင်စီးမျောနေကြသူများအား ဤပြဿနာက သတိပေးလိုက်ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် အွန်လိုင်းလူမှုရေး ကွန်ရက်သည် “သုံးတတ်လျှင် ဆေး၊ မသုံးတတ်လျှင် ဘေး”ဆိုခြင်းကိုလည်း ယင်းအဖြစ်အပျက်က ထင်ရှားသွားစေခဲ့သည်။ 

ဒေသငယ်တစ်ခုတွင်ပင် အချင်းချင်းအကြား ရှိနေသော မကျေလည်မှု၊ အထင်အမြင် လွဲမှားမှု တစ်ရပ်ကို ယဉ်ကျေး၍ လူကြီးလူကောင်းဆန်သော နည်းလမ်းဖြင့် ညှိနှိုင်းဖြေရှင်းရန် မကြိုးစားဘဲ တစ်ဖက်သား သိက္ခာကျ၊ အရှက်ရသွားစေရန် သို့မဟုတ် မိမိတို့က မှန်ပြီး တစ်ဖက်က မှားယွင်းကြောင်း အလွန်အမင်း လူသိများစေလိုသော ရည်ရွယ်ချက်မျိုးဖြင့် ချဉ်းကပ်ခြင်းမှာ နိုင်ငံတော်တစ်ဝန်း ယနေ့ ရင်ဆိုင်နေရသော ပြဿနာများအတွက် အထူး ရင်လေးစရာ ဖြစ်သွားစေခဲ့သည်။ 

အဆိုးထဲမှ အကောင်း ဖြစ်သွားသည်မှာ တိုက်နယ် ဆရာဝန်လေး၏ အဆင့်အတန်း မြင့်မားလှသော စိတ်ထားဖြစ်သည်။ ယင်းအချက်ကိုလည်း ယနေ့ ခံယူချက်၊ ရပ်တည်ချက်၊ သင်ယူလေ့လာမှု၊ ဖြတ်သန်းမှုတို့ မတူညီကြသည့် အင်အားစုများအကြား လိပ်ခဲတည်းလည်းဖြစ်နေသည့် မြန်မာ့နိုင်ငံရေး သို့မဟုတ် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ ပြဿနာများ ဖြေရှင်းနိုင်ရေးအတွက် သင်ခန်းစာယူ၊ အတုယူသင့်လှသည်။ 

အထူးသဖြင့် အာဏာကိုင်စွဲထားသူများ သို့မဟုတ် ပါဝါအမာကို အထိုင်ပြုထားသူများ အနေနှင့် ပြည်သူလူထု အပါအဝင် လူထုအခြေပြု အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ မီဒီယာများအပေါ် ရန်ငါစည်းခြားသော အမြင်သဘောထားများဖြင့် တင်းမာစွာ ဆက်ဆံတုံ့ပြန်ခြင်းထက် ပို၍ ယဉ်ကျေးသိမ်မွေ့စွာ၊ ပါးနပ်လိမ္မာစွာ သို့မဟုတ် အဆင့်အတန်းမြင့်မြင့် ဂုဏ်သိက္ခာရှိစွာ တုံ့ပြန်ကြရန် တိုက်နယ် ဆရာဝန်ကလေးက သင်ကြားပြသလိုက်ခြင်းဟု ယူဆနိုင်ကြောင်း အဓိက ပြောလိုရင်းဖြစ်သည်။ 

အယ်ဒီတာ  (၁၅-၈-၂၀၁၇)


  • VIA