News

POST TYPE

EDITORIAL

အခွင့်အလမ်းနှင့် ထိုက်တန်ပါစေ (Daily, Vol-5/No-107)
14-Aug-2017
အမေရိကန်ပြည်ထောင်စုသို့ မြန်မာ့စိုက်ပျိုးရေး ထွက်ကုန်များ တင်ပို့ရောင်းချနိုင်မည့် အခြေအနေနှင့်ပတ်သက်၍ မြန်မာနိုင်ငံဘက်မှ ယင်းနယ်ပယ်နှင့် သက်ဆိုင် ပတ်သက်သူများအား အမေရိကန်သံရုံး တာဝန်ရှိသူတို့က တွေ့ဆုံဆွေးနွေးခဲ့ခြင်းမှာ အခွင့်အလမ်း တံခါးတစ်ခု ပေါ်လာခြင်းဖြစ်သည်။

အခွင့်အလမ်း ဆိုသည်မှာ အမြဲမပြတ် ရှိနေတတ်သည့် အရာမဟုတ်သည့်အတွက် အခြေအနေ၊ အချိန်အခါအရ ပေါ်လာသည့် အခွင့်အလမ်းကို အမိအရ  ဖမ်းဆုပ်နိုင်ရန် အရေးကြီးလှသည်။

ဒီမိုကရေစီ အသွင်ကူးပြောင်းစ မြန်မာနိုင်ငံသည် စနစ်ပြောင်းကာလတွင် အခွင့်အလမ်းနှင့် စိန်ခေါ်မှုများက နယ်ပယ်အလိုက် တစ်ခုပြီးတစ်ခု ပေါ်ပေါက်လျက်ရှိပေသည်။ ကုန်ခဲ့သည့် ၂၀၁၀ ခုနှစ်နောက်ပိုင်း ပေါ်ပေါက်လာခဲ့သော အခွင့်အလမ်းနှင့် စိန်ခေါ်မှုများကို ဆုပ်ကိုင်နိုင်ခဲ့သည်အချို့ ရှိသလို စိန်ခေါ်မှုများကို မရင်ဆိုင်နိုင်သောကြောင့် သို့မဟုတ် မိမိတို့ဘက်က အခွင့်အလမ်းနှင့် ထိုက်တန်သော အရည်အချင်း၊ ပြင်ဆင်မှု မရှိခဲ့သောကြောင့် လက်လွှတ်ခဲ့ရသည်များလည်း ရှိခဲ့သည်။ 

သို့သော် နှစ်ပေါင်းများစွာ ဆန်စပါးကို အဓိက စိုက်ပျိုး၍ တစ်ချိန်က ကမ္ဘာ့ဆန် အများဆုံး တင်ပို့ခဲ့သော နိုင်ငံအဖြစ် နာမည်ကျော်ခဲ့သော်လည်း ယနေ့အချိန်အထိ အရန်သင့်သုံး ဆန်ပြုတ်ထုပ်ကိုပင် နိုင်ငံခြားမှ တင်သွင်းနေရခြင်း၊ ကမ္ဘာ့ဒုတိယမြောက် ပဲအများဆုံး ထုတ်လုပ်တင်ပို့သည့် နိုင်ငံဖြစ်ခဲ့သော်လည်း ယနေ့အထိ ပဲအမျိုးမျိုးကို အနိမ့်ဆုံးအဆင့် ပဲစည်သွတ်ဘူးကိုပင် နိုင်ငံတကာ ဈေးကွက်သို့ မရောင်းချနိုင်သေးခြင်း စသည့်အခြေအနေကို သတိပြုသင့်ပေသည်။ 

ဆန်ပြုတ်ထုပ်နှင့် ပဲစည်သွတ်ဘူးတို့မှာ နည်းပညာအားဖြင့် မမြင့်မားလှသော သာမန် ကုန်ချောထုတ်လုပ်ငန်းမျိုး မဆိုထားနှင့် ဆန်နှင့်ပဲအမျိုးမျိုး၊ သားငါး၊ ပုစွန်တို့ကိုပင် ဓာတုဓာတ်ကြွင်း အာနိသင် မကင်းစင်သောကြောင့် သို့မဟုတ် စံချိန်စံညွှန်း မမီသောကြောင့် သက်ဆိုင်ရာ နိုင်ငံအချို့မှ ပြန်ပို့ခံရသည့် အခြေအနေမှာမူ အခွင့်အလမ်းများကို လက်လွှတ်ရခြင်းမှာ မထူးဆန်းလှဟု ဆိုစရာ ဖြစ်နေပေသည်။

ဆိုလိုသည်မှာ အခွင့်အလမ်းများ မည်မျှရှိစေကာမူ မိမိဘက်က ထိုအခွင့်အလမ်းနှင့် ထိုက်တန်စေရန် အဆင်သင့် ဖြစ်မနေပါက အခွင့်အလမ်းများ အချည်းအနှီး ဖြစ်သွားမည်ဟု ဆိုလိုခြင်းဖြစ်သည်။

ယင်းအခြေအနေတို့မှာ အတိတ်က ခါးသီးစွာ ဖြတ်သန်းလာခဲ့သော စနစ်ဆိုးများကြောင့်ဟု ယိုးမယ်ဖွဲ့ အကြောင်းပြနိုင်သော်လည်း ယနေ့ခေတ်ပြောင်း၊ စနစ်ပြောင်းကာလသို့ ရောက်လာချိန်တွင်မူ ယင်းအကြောင်းပြချက်ပေးရုံမျှ ဖြင့် တာဝန်ကို ရှောင်လွှဲရန် မသင့်တော်တော့ပေ။

ပေါ်လာသော အခွင့်အလမ်းများကို ချက်ချင်း အမိအရ ဖမ်းဆုပ်နိုင်ခြင်း မရှိစေကာမူ အတိတ်က အမှားများကို သင်ခန်းစာယူကာ မိမိတို့၏ အရည်အချင်းနှင့် စွမ်းဆောင်ရည်များကို အခွင့်အလမ်းများနှင့် ထိုက်တန်စေရန် စနစ်တကျ ဗျူဟာချ၍ လေ့ကျင့်ပြင်ဆင်ထားရန် အထူး လိုအပ်ကြောင်း တိုက်တွန်း အကြံပြုလိုရင်းဖြစ်သည်။

အယ်ဒီတာ (၁၄-၈-၂၀၁၇)


  • VIA