News

POST TYPE

EDITORIAL

နိုင်ငံတည်ဆောက်ရာတွင် ဓမ္မမစ္ဆရိယ ကင်းရန်လို (Daily, Vol-5/No-106)
13-Aug-2017
ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းအတွင်းက အမေရိကန် ပြည်ထောင်စု၊ Cornell University မှ မြန်မာနိုင်ငံသူ သိပ္ပံပညာရှင်တစ်ဦး ကင်ဆာသုတေသနအတွက် ၂၀၁၇ 2017 Pershing Square Prize in Cancer Research ဆုရရှိခဲ့ပြီး အဆိုပါဆုသည် ကင်ဆာရောဂါ တိုက်ဖျက်ရေးတွင် တီထွင်ဆန်းသစ်သော သုတေသနများ ပြုလုပ်နိုင်ရန် ကူညီပံ့ပိုးပေးသည့် အစီအစဉ် တစ်ရပ်ဖြစ်ရာ လွန်စွာ ဝမ်းမြောက်ဖွယ် ကောင်းသော သတင်းတစ်ရပ်ဟု ဆိုရပါမည်။ အသက် ငယ်ရွယ်ပြီး ယခုလို ထူးချွန် ထက်မြက်သည့် မြန်မာနိုင်ငံသူ သိပ္ပံပညာရှင်တစ်ဦး ယင်းဆုရရှိသည့် သတင်းကိုအဆိုပါ Cornell University တွင်သာမက ကမ္ဘာကျော် Oxford နှင့် Harvard တက္ကသိုလ်၏ ဝက်ဘ်ဆိုက်များတွင်ပါ ဝမ်းမြောက် ဂုဏ်ပြုသည့်သတင်း ဖော်ပြခဲ့ကြသည်ကိုလည်း တွေ့ရပါသည်။ 

အဆိုပါသတင်း ထွက်ပေါ်လာသည်မှာ သတင်းပတ် နှစ်ပတ်ကျော်ခန့် ကြာမြင့်သွားပြီ ဖြစ်သော်လည်း အခြား အရေးကြီးသည့် ကိစ္စရပ်များကြောင့် ယခုအခါမှ မြန်မာနိုင်ငံသူ သိပ္ပံပညာရှင်နှင့် ကင်ဆာသုတေသနဆုအကြောင်း ရေးသားရခြင်း ဖြစ်ပါသည်။ နှစ်ပတ်တာ ကာလအတွင်း အဆိုပါ သိပ္ပံပညာရှင်၏ မိတ်ဆွေ သူငယ်ချင်းများသာမက ၎င်းငယ်စဉ်က နေခဲ့သော အခြေခံပညာ ကျောင်းများမှ ကျောင်းသားဟောင်းများ၏ လူမှုကွန်ရက် စာမျက်နှာများ ပေါ်တွင်လည်း ဝမ်းမြောက်ဂုဏ်ယူကြောင်း ရေးသား ဖော်ပြခဲ့ကြပါသည်။ ၎င်း၏ မိတ်ဆွေ သူငယ်ချင်းများ သာမက ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်ကြီးများက ဝမ်းမြောက်ဝမ်းသာ ဖြစ်မည်ဆိုလျှင်လည်း ဖြစ်သင့်ဖြစ်ထိုက်သည်ဟုပင် ဆိုရမည်။ အကြောင်းမှာ မြန်မာနိုင်ငံလို ပညာရေးကဏ္ဍ သာမက အခန်းကဏ္ဍ အသီးသီးတွင် ဖွံ့ဖြိုးမှုနိမ့်ကျနေသည့် တိုင်းပြည်တစ်ပြည်မှ ယခုလို ထူးချွန်ထက်မြက်သည့်၊ ကမ္ဘာသိ သိပ္ပံပညာရှင်တစ်ဦး ပေါ်ထွန်းသည့်ကိစ္စမှာ ဖြစ်နိုင်ခဲသည့် အကြောင်းအရာ ဖြစ်နေခြင်းကြောင့်ပင်။

ပညာရေးနယ်ပယ်နှင့် အနေစိမ်းသူများ အနေနှင့် အဆိုပါ မြန်မာသိပ္ပံပညာရှင် အမျိုးသမီးတစ်ဦး ကင်ဆာသုတေသနဆုရသည့်သတင်းကို မန်ယူ ဘောလုံးအသင်း အနိုင်ရသည့် သတင်းမျိုး၊ Myanmar Idol မည်သူရသွားသည်ဟူသော သတင်းမျိုးလောက် စိတ်ဝင်စားကြမည် မဟုတ်ပေ။ နိုင်ငံတကာ ပညာရေးနှင့် မြန်မာနိုင်ငံမှ ထူးချွန်ထက်မြက်သူများအကြောင်း စိတ်ဝင်စားသူများ အတွက်တော့ သတင်းကြီးတစ်ခု သေချာပေါက် ဖြစ်ပါလိမ့်မည်။ အကြောင်းမှာ မြန်မာနိုင်ငံတွင် နိုင်ငံတကာ တက္ကသိုလ်ကြီးများသို့ ပညာသင်ဆု ရရှိကာ သွားရောက် ပညာသင်ယူသူ များစွာရှိသည့်တိုင် ယခုလို ထူးချွန်ထက်မြက်ပြီး ထိပ်တန်း တက္ကသိုလ်ကြီးများ၊ ပညာရှင်ကြီးများ၏ ချီးမွမ်းခြင်းခံရသော ပညာရှင်မျိုးဆက် နှစ်အတန်ကြာ အဆက်ပြတ်နေခြင်းကြောင့်ပင်ဖြစ်သည်။ တစ်နည်းဆိုရလျှင် မြန်မာနိုင်ငံတွင် နေထိုင်ကာ ပညာသင်ယူသွားကြသည့် ကမ္ဘာသိ မြန်မာပညာရှင်များ မပေါ်ထွန်းခဲ့သည်မှာ နှစ်အတန်ကြာခဲ့ပြီ ဖြစ်သည်ဟု ဆိုရပါမည်။ ဥပမာပြရလျှင် ကွယ်လွန်သူ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်းမှာ ကမ္ဘာသိ ပညာရှင်တစ်ဦးပင် ဖြစ်ပေသည်။ နိုင်ငံတကာတွင် သွားရောက် ပညာသင်ယူခဲ့သော နိုင်ငံရေး သိပ္ပံပါရဂူဘွဲ့ရသူ မြန်မာနိုင်ငံသားအချို့၏ အဆိုအရ ယခုအခါ Anthropology ဟုခေါ်သည့် မနုဿဗေဒ ပညာရပ်တွင်မူ ကမ္ဘာသိ ပညာရှင်မျိုး မထွက်ပေါ်သေးကြောင်း၊ ထိုသို့ ထွက်ပေါ်လာအောင် လူငယ် မျိုးဆက်များကို အားပေးအားမြှောက် ပြုလုပ်သင့်ကြောင်း သိရပါသည်။

ယခုကင်ဆာ သုတေသနဆု ရရှိသွားသူ မြန်မာနိုင်ငံသူ သိပ္ပံပညာရှင် အမျိုးသမီးနှင့်ပတ်သက်၍ ဂုဏ်ယူဝမ်းမြောက်ကြောင်း လူမှုကွန်ရက်များတွင် ချီးမွမ်းပြောဆိုမှုများ အသီးသီး ထွက်ပေါ်လာခဲ့သော်လည်း အချို့မှာမူ ၎င်း၏ ဖခင်ဖြစ်သူမှာ ယခင် အစိုးရလက်ထက်က ဝန်ကြီးတစ်ဦး ဖြစ်ခဲ့ဖူးသောကြောင့် ပုတ်ခတ် ပြောဆိုကြသည်ကိုလည်း တွေ့ရပါသည်။ ဝမ်းနည်းစရာ ကောင်းလွန်းလှသည်မှာ အဆိုပါ သိပ္ပံပညာရှင် အမျိုးသမီး တက်ရောက်ခဲ့သည့် တက္ကသိုလ်များမှာ မြန်မာနိုင်ငံသား အားလုံးနီးပါး သိထားကြသည့်အတိုင်း ဖခင်ဖြစ်သူ မည်သူမည်ဝါ ဟူသောဂုဏ်ပုဒ်ဖြင့် အရည်အချင်းကို အကဲဖြတ် အမှတ်ပေးသည့် ခပ်ညံ့ညံ့ တက္ကသိုလ်များ မဟုတ်ဘဲ မိမိအမှန်တကယ် အရည်အချင်းရှိပါမှ လူတော တိုး၍ရနိုင်သော နယ်ပယ်များဖြစ်သည်ကို မသိသောကြောင့် ဖခင်ဖြစ်သူ မည်သူမည်ဝါ ဆိုသောကိစ္စဖြင့် ပုတ်ခတ်ပြောဆိုကြခြင်း ဖြစ်ပါသည်။ အဓိကပြောလိုသည်မှာ နိုင်ငံတည်ဆောက်ရာတွင်လည်းကောင်း၊ နိုင်ငံတစ်ခု၏ ပုံရိပ်ကိုမြှင့်တင်ရန် ကြိုးပမ်းရာတွင်လည်းကောင်း အရည်အချင်းပြည့်ဝသည့် လူတော်လူကောင်း မြောက်မြားစွာ လိုအပ်ရုံသာမက ကမ္ဘာသိ ပညာရှင်များ ပေါ်ထွန်းရန် မဖြစ်မနေ လိုအပ်သလို အဆိုပါ ပညာရှင်များ ပေါ်ထွန်းရေးကို လူပုဂ္ဂိုလ်နိုင်ငံရေး၊ အုပ်စုစွဲအရေး စသည်တို့ဖြင့် မတိုင်းတာကြရန်နှင့် အသိဉာဏ် ကြီးမားသူ ပညာရှင်များ ပေါ်ထွန်းမည့်ကိစ္စကို မလိုလားသည့် စိတ်နေစိတ်ထားများ ကင်းစင်ကြရန် လိုအပ်ကြောင်း ဖော်ပြလိုရင်းဖြစ်ပေသည်။  

အယ်ဒီတာ (၁၃-၈-၂၀၁၇)


  • VIA