News

POST TYPE

EDITORIAL

ပြဿနာတွေကို ရေတို၊ ရေရှည် ခွဲပြီး ဖြေရှင်းပါ (Daily, Vol-5/No-105)
13-Aug-2017
ဒီနေ့ မြန်မာလူမှုပတ်ဝန်းကျင်မှာ လူအများစု စိုးရိမ်ထိတ်လန့်နေတဲ့ကိစ္စက အရင်ကထက်စာရင် အမှုအခင်းတွေ သိပ်များလာတာကိုပါ။ အဲဒီလို များလာတဲ့အပြင် ကြားရသလောက် မှုခင်းတွေက သမားရိုးကျ ကိစ္စတွေတင်မကဘဲ တကယ့်ကို စိတ်မသက်မသာ ဖြစ်စရာ၊ ချောက်ချား တုန်လှုပ်ဖွယ်ရာ၊ မကြားဝံ့ မနာဖွယ်ရာ၊ စက်ဆုပ် ရွံရှာဖွယ်ရာ၊ အော့နှလုံးနာစရာ အမှုအခင်းတွေ တဖြည်းဖြည်း များများလာတယ်။

ဒါကို အပေါ်ယံ ကြည့်ရင်တော့ တရားဥပဒေ စိုးမိုးမှုမရှိလို့၊ အရေးယူ အပြစ်ပေးနိုင်မှု အားနည်းလာလို့၊ ပြည်သူလူထု တည်ငြိမ်၊ အေးချမ်း၊ လုံခြုံရေးအတွက် တာဝန်ရှိတဲ့သူတွေ တာဝန် လျော့ရဲလာလို့ ဆိုတဲ့ အကြောင်းတရားတွေကြောင့်လို့ မြင်ကြမယ်။ အဲဒီလို မြင်တာ မှားတယ်လို့ မဆိုနိုင်သလို ယတိပြတ် မှန်တယ်လို့လည်း ပြောလို့မရပြန်ဘူး။

ဘာ့ကြောင့်လဲဆိုတော့ အရင်းခံ အကြောင်းတရားက အဲဒါ တစ်ခုတည်း မဟုတ်လို့ပဲ။ အဓိကကျတဲ့ အရင်းခံ အကြောင်းတရားတွေထဲမှာ နိမ့်ကျပြီး ခေတ်မမီတော့တဲ့ ပညာရေး၊ အခြေခံ လူတန်းစားတွေ နာလန် မထူနိုင်လောက်အောင် ကျဆင်းနေတဲ့ စီးပွားရေး၊ တည်ငြိမ်မှု ရှိနေသယောင် ဖြစ်နေပေမယ့် လိပ်ခဲတည်းလည်း ဖြစ်နေဆဲ နိုင်ငံရေး၊ တစ်ဖက်သတ်ဆန်ပြီး ခေတ်နောက်ကျနေတဲ့ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံး၊ လုပ်နည်း အဟောင်း၊ အသစ်တွေ၊ အဲဒီအချက်တွေနဲ့ ဆက်စပ်ပြီး လူနေမှု အဆင့်အတန်း နိမ့်ကျနေတာရဲ့ အကျိုးဆက်ဖြစ်တဲ့ ကျန်းမာရေးအသိ ခေါင်းပါးမှုနဲ့ ရောဂါဘယ ထူပြောမှု၊ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းချက်ဆိုပြီး အချက်တွေ ထွက်လာမယ်။ 

အဲဒီအချက်တွေကို ကြည့်ရင် ရေရှည် အချိန်ယူပြီး ပြန်ထူထောင်တည်ဆောက်ရမယ့် နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေး ကိစ္စကို ခဏ ဖယ်ကြည့်လိုက်ရင် အချိန်တိုအတွင်း မဖြစ်မနေ မြန်မြန်ဆန်ဆန် အကောင်အထည် ဖော်ရမယ့် စီးပွားရေးကိစ္စက အဓိက အကျဆုံးလို့ ပြောရမယ်။ ပိုက်ဆံမရှိရင် နိုင်ငံရေးကိစ္စ၊ ငြိမ်းချမ်းရေး ကိစ္စအပြင် တခြားဘာမှ ဟုတ်တိပတ်တိ လုပ်လို့ မရဘူး မဟုတ်လား။

အိမ်ထောင်စု တစ်ခု၊ မိသားစု တစ်စုကိုပဲ ကြည့်လေ။ မိသားစု တစ်ခုလုံးရဲ့ စား၊ ဝတ်၊ နေ၊ ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကိစ္စတွေ အားလုံးကို ကိုယ့်မှာ ရှိတဲ့ ဝင်ငွေ အတိုင်းအတာကို မူတည်ပြီး သုံးရတယ်။ ရတဲ့ဝင်ငွေက ထမင်းနပ်မှန်အောင် စားဖို့ရယ်၊ မိုးလေလုံအောင်လောက် နေဖို့ရယ်၊ အရှက်လုံအောင် ဝတ်ဖို့ရယ်နဲ့တင် ကုန်သွားရင် အသိဉာဏ်၊ ဆင်ခြင်တုံတရား တိုးရေး ပညာရှာဖို့၊ မကျန်းမာရင် ဆေးကုဖို့၊ လူမှုရေးကိစ္စနဲ့ အလှူအတန်းလုပ်ဖို့ ဘယ်ရှိတော့မလဲ။

ပညာနည်းလို့ ဝင်ငွေများများရတဲ့ အလုပ်အကိုင် အခွင့်အလမ်း မရှိတာကြောင့် ပညာကတော့ အခြေခံအကျဆုံး ဆိုပေမယ့် အဲဒီပညာသင်ဖို့ကို မတတ်နိုင်လို့ အသက်ရှင်သန် ရပ်တည်ဖို့ ဝင်ငွေ အရင် ရှာနေရတဲ့သူတွေ ဒီတိုင်းပြည်မှာ အများဆုံး ဖြစ်နေတယ်လေ။ ဗိုက်ဆာလာတဲ့အခါ အစာအာဟာရ ဖြည့်တင်းဖို့က နံပါတ်တစ် ဖြစ်လာတယ်။ အဲဒီတော့ အကောင်း၊ အဆိုး၊ အမှား၊ အမှန် မဝေခွဲနိုင်တော့ပဲ သာမန်၊ ခိုး၊ ဝှက်၊ လောင်းကစားမှုတွေကတစ်ဆင့် ဒီထက်ကြီးတဲ့ ဒုစရိုက်မှုတွေအထိ ကျူးလွန်လာတော့တာပေါ့။

ပွင့်ပွင့်လင်းလင်းနဲ့ တည့်တည့် ပြောရရင်တော့ ဆင်းရဲမွဲတေမှုဆိုတဲ့ ချောက်ကမ်းပါးထဲက မြန်မာပြည် ရုန်းမထွက်နိုင်သေးသရွေ့ ဒုစရိုက်မှုတွေ ထူပြောပြီး အမှုအခင်းတွေနဲ့ နပန်းလုံးနေရဦးမှာပဲ။ ဆင်းရဲတွင်း နက်နေနေတာက ပြည်သူလူထုတင်မကဘူး။

ပြည်သူတွေကို ကာကွယ် စောင့်ရှောက်ပေးရမယ့်သူတွေ၊ ပြည်သူတွေကို ဝန်ဆောင်မှုပေးရမယ့် ပြည်သူ့ဝန်ထမ်းတွေ ကိုယ်တိုင် နောက်ကျော မလုံကြဘူး။ တာဝန်အရ ပြည်သူတွေအတွက် ထမ်းဆောင်ပေးကြရမယ့်သူတွေ ဖြစ်နေပေမယ့် သူတို့ရဲ့ ကိုယ်ပိုင်မိသားစု စား၊ ဝတ်၊ နေ၊ ရေး ခက်ခဲ ကြမ်းတမ်းနေရင် သူတို့ ထမ်းရမယ့် တာဝန် ဘယ်ကျေပွန်တော့မလဲ။ မကျေပွန်တဲ့အပြင် သူတို့ ကိုယ်တိုင်လည်း အကျင့်ပျက် ခြစားမှု ဝဲဩဃထဲမှာ ရှိနေမယ်။

အဲဒီအတွက် အစိုးရတွေမှာ ပြည်သူတွေ အတွက်တင် တာဝန်ရှိတာ မဟုတ်ဘူး။ ပြည်သူ့ဝန်ထမ်း ဖြစ်လာဖို့ အားယူနေဆဲ နိုင်ငံ့ဝန်ထမ်း၊ အစိုးရအမှုထမ်းတွေ ကိုယ့်အလုပ်ကို နောက်ကျောလုံလုံ၊ စိတ်ပါလက်ပါ၊ အားထည့် လုပ်နိုင်ဖို့အတွက်လည်း တာဝန်ရှိတယ်။

မိသားစု တစ်စုအတွက်ဆိုရင် ပိုက်ဆံ ဘယ်လိုရှာမလဲ စစဉ်းစားသလိုပေါ့။ ကိုယ့်မိသားစု ရှင်သန်ရပ်တည်ဖို့ ငွေရှာတဲ့အခါ ဘယ်နည်းလမ်း၊ ဘယ်လို အလုပ်မျိုးနဲ့ ရှာမလဲလို့ စဉ်းစားလိုက်တာနဲ့ ကိုယ့်မိသားစုရဲ့ ကျွမ်းကျင်မှုနဲ့ အားသာချက်က ဘာလဲဆိုတာ ပေါ်လာမယ်။ အဲဒီမှာ မိသားစု လတ်တလော ဝင်ငွေရရှိရေးတို့၊ ရှေရည်မှာ တင့်တောင့်တင့်တယ်ဖြစ်ဖို့၊ တည်ငြိမ်ဖို့၊ ချမ်းသာဖို့၊ လှူဒါန်းပေးကမ်းနိုင်ဖို့ အစရှိသဖြင့် စီကာစဉ်ကာ ရှိတယ်။

နိုင်ငံအတွက်လည်း ဒီအခြေခံပုံစံအတိုင်းပဲ ကိုယ့်နိုင်ငံရဲ့ အားသာချက်က ဘာတွေလဲ၊ တည်နေရာ အနေအထားလား၊ ရေ၊ မြေ၊ တော၊ တောင်၊ သဘာဝ အရင်းအမြစ်တွေလား၊ ရာသီဥတုလား၊ စိုက်ပျိုးရေးလား၊ ကုန်ကြမ်းသက်သက် များများ ရောင်းမှာလား၊ ကုန်ချော ထုတ်ရောင်းမှာလား၊ ဒေသတွင်းနိုင်ငံတွေအကြား ကုန်သွယ် အကျိုးဆောင်လုပ်မှာလား၊ ကြားစခန်းထောက်အဖြစ် ဝန်ဆောင်မှုပေးမှာလား၊ အကြီးစား စက်မှုလုပ်ငန်းလား၊ အီလက်ထရွန်နစ်၊ အိုင်တီ နည်းပညာလား၊ လူ့စွမ်းအား အရင်းအမြစ်လား၊ ဘယ်ဈေးကွက်၊ ဘယ်နိုင်ငံတွေကို ဘာတွေ ရောင်းပြီး ဘာတွေ ပြန်ဝယ်မှာလဲ ဒါမှမဟုတ် ထူးထူးခြားခြား လူပုဂ္ဂိုလ် အားသာချက်ရှိသလား၊ ရှိရင် အဲဒီလူပုဂ္ဂိုလ်ကို ဘယ်လိုအသုံးချမှာလဲ စသဖြင့် သေချာမေးခွန်းထုတ် ဖြေကြည့်ထားကြဖို့လိုမယ်။

သေချာတာက အခြေခံ ပြည်သူအများစု ဆင်းရဲတွင်းထဲကနေ တက်နိုင်ပြီ၊ တဖြည်းဖြည်း စားဝတ်နေရေး အထိုက်အလျောက် ပြေလည်လာပြီ၊ အသင့်အတင့် ဝင်ငွေ ကောင်းလာပြီ၊ နိုင်ငံ့ဝန်ထမ်းတွေ၊ ပြည်သူ့ဝန်ထမ်းတွေ နောက်ကျောလုံ သင့်သလောက် လုံလာပြီ ဆိုရင် ဒုစရိုက်မှုနဲ့ အကျင့်ပျက် ခြစားမှုက အလိုလို ကျသွားမယ်ဆိုတာပဲ။

အရေးကြီးတာက ရေတိုနဲ့ ရေရှည်၊ အဓိကနဲ့ သာမည ကွဲဖို့ပါ။ ချက်ချင်း အမြန်လုပ်ရမယ့် ရေတိုကိစ္စတွေကို မေ့ထားပြီး အချိန်ယူ လုပ်ရမယ့် ရေရှည်ကိစ္စကိုချည်း ဇောင်းပေးလွန်းရင်၊ သူ့နေရာနဲ့သူ လူမှန် နေရာမှန် မဖြစ်ရင်၊ ပညာရှင်တွေနဲ့ မီဒီယာ အပါအဝင် အရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ စေတနာပါတဲ့ အကြံပြု တိုက်တွန်းချက်တွေကို လျစ်လျူရှုနေရင် ဘယ်လိုပုံစံမျိုးနဲ့ တက်လာတဲ့ အစိုးရဖြစ်ဖြစ် ဆင်းရဲတွင်းထဲက တိုင်းပြည်နဲ့ ပြည်သူကို မကယ်တင်နိုင်ဘူးဆိုတာ ပြောလိုရင်းပါ။

အယ်ဒီတာ (၁၂-၈-၂၀၁၇)


  • VIA