News

POST TYPE

EDITORIAL

ကိုယ်ကျိုးအတ္တနှင့် အဖွဲ့အစည်း ဂုဏ်သိက္ခာ (Daily, Vol-5/No-104)
10-Aug-2017
လူပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် အဖွဲ့အစည်း တစ်ရပ်၏ ဂုဏ်သိက္ခာ အဆင့်အတန်း ဆိုသည်မှာ ယင်းလူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းတို့၏ လက်တွေ့လုပ်ရပ်နှင့် ထိုလုပ်ရပ်များသည် အများအကျိုး၊ ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုး မည်မျှကိုယ်စားပြုသနည်းဆိုသော အချက်အပေါ်တွင် ယေဘုယျအားဖြင့် မူတည်သည်။

ထိုအချက်သည် တစ်နည်းအားဖြင့် “ကံ” ကံ၏ အကျိုးဟူသော ဗုဒ္ဓ၏ အဆုံးအမနှင့်လည်း ကိုက်ညီပေသည်။ 

ထိုသို့ မိမိတို့ကိုယ်တိုင် ပြုထားသော အားထုတ်မှု “ကံ”အကြောင်းများကြောင့် ဖြစ်ပေါ်လာသော ရလဒ်ခေါ် အကျိုးတရားများကို မည်သူတစ်ဦးတစ်ယောက်ကမျှ ဖျက်ဆီး၊ နှိမ်ချ၊ ပြောင်းလဲပစ်၍ မရပေ။

ဆိုလိုသည်မှာ မိမိတို့ ကိုယ်တိုင်ပြုထားသော ကံအကျိုးတရားနှင့် ညီမျှသည့် ဂုဏ်သိက္ခာ အဆင့်အတန်းကို မည်သူကမျှ ဖျက်ဆီး၊ နှိမ်ချ၊ ပြောင်းလဲ၍ မတတ်နိုင်ဘဲ မိမိတို့ကိုယ်တိုင်ကသာ တတ်နိုင်သည့် သဘောပင်ဖြစ်သည်။ 

ထို့ကြောင့်ပင် လွန်ခဲ့သော နှစ်ပေါင်း ၂၅၀ဝ ကျော်က ပွင့်တော်မူခဲ့သော ဗုဒ္ဓဘုရားရှင်က သာသနာတော်ကို ပြင်ပ ပယောဂကြောင့် ပျက်စီး၊ ကွယ်ပျောက်မည် မဟုတ်ဘဲ သာသနာတော်အတွင်းရှိ ရဟန်း ပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်များ ကိုယ်တိုင်သာ ဖျက်ဆီး ကွယ်ပျောက်စေမည်ဖြစ်ကြောင်း အတိအလင်း ဟောညွှန်ခဲ့ပြီး ဖြစ်သည်။

ထို့အတူ လူပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်း တစ်ရပ်အပေါ် ပတ်ဝန်းကျင်က ရှုမြင်ပုံနှင့် ထင်မြင်ချက်မှာ ဖြစ်နိုင်ခြေ အမျိုးမျိုး ရှိနေနိုင်သော်လည်း ယင်းအမြင်များထက် ကာယကံရှင် လူပုဂ္ဂိုလ် အဖွဲ့အစည်းက ပတ်ဝန်းကျင်အပေါ် မည်သို့ရှုမြင်၊ သဘောထားသနည်း ဆိုသော အချက်က ပို၍ အဓိက ကျပေသည်။

ယင်းအချက်ကို ရှေးပညာရှိများက မိမိက ပြုံးကြည့်လျှင် ပြုံးသည့် ပုံရိပ်ပေါ်ကာ မိမိက မဲ့ကြည့်ပါက မဲ့သည့်ပုံရိပ်ပေါ်သည့် ကြေးမုံပြင်နှင့် ဥပမာပေး ဆုံးမတတ်ကြသည်။

တစ်ခါတစ်ရံတွင် မလုံမခြုံ ခံစားချက်ရှိသူ သို့မဟုတ် တစ်စုံတစ်ရာကို ကြောက်ရွံ့စိတ် ရှိသူတို့သည် ယင်းတို့ကို ဖုံးကွယ်ထားရန်၊ ဒေါသရန်လိုမှု၊ ရက်စက်မှုတို့ဖြင့် အကာအကွယ်ယူလေ့ ရှိတတ်ကြောင်း စိတ်ပညာဆိုင်ရာ သုတေသန တွေ့ရှိချက်များအရ သိရသည်။

ထို့အပြင် အချို့သော လူပုဂ္ဂိုလ်တို့သည် မိမိ၏ တစ်ကိုယ်ရေ မကျေနပ်မှု၊ အလိုမကျမှု သို့မဟုတ် မိမိ၏ အတ္တကိုယ်ကျိုးကို မိမိပါဝင်နေသော အဖွဲ့အစည်း၏ အကျိုးစီးပွားနှင့် ရောချကာ မိမိနှင့် အယူအဆ ကွဲပြားသူ သို့မဟုတ် အဖွဲ့အစည်းတစ်ရပ်အပေါ် အပြစ်ပုံချလေ့ ရှိတတ်သည်။

ထိုအခါ ရည်ရွယ်မထားသော်ငြား မိမိအဖွဲ့အစည်း၏ ဂုဏ်သိက္ခာ အဆင့်အတန်းကို မိမိအတ္တအတွက် ချနင်းလိုက်သကဲ့သို့ ဖြစ်သွားတတ်သည်။ ထိုကဲ့သို့ ချနင်းမိလိုက်ပါက မိမိ၏ အဖွဲ့အစည်း၏ မူလရှိနေသော အဆင့်အတန်းနှင့် ဂုဏ်သိက္ခာသည် မိမိကြောင့် အစွန်းအထင်း ဖြစ်သွားစေနိုင်သည်။

ထို့ကြောင့် မိမိနောက်တွင် ကိုယ်စားပြု အဖွဲ့အစည်း ရှိနေသူများအနေနှင့် မိမိကိုယ်ကျိုးအတ္တ မကင်းသော ကိစ္စရပ်များ၊ ဆက်နွှယ်သည့် အရေးကိစ္စများ ပေါ်ပေါက်လာပါက အသိတရား၊ သတိတရားဖြင့် ဆင်ခြင်နှလုံးသွင်းပြီးမှသာ ဆုံးဖြတ်ချက်ချကြစေလိုကြောင်း အကြံပြု တိုက်တွန်းလိုရင်း ဖြစ်သည်။

အယ်ဒီတာ (၁၀-၈-၂၀၁၇)


  • VIA