News

POST TYPE

EDITORIAL

အမှားရှိလျှင် အမှန်ပြင် (Daily, Vol-5/No-103)
09-Aug-2017
မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များအတွင်း အကျဉ်းကျနေကြသူ များစွာအနက် အများစုမှာ ကိုယ်တိုင် ပြစ်မှုကျူးလွန်သူများဖြစ်ပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားစေသည့် ပစ္စည်းသက်သေ၊ လူသက်သေများ ခိုင်လုံနေခြင်းကြောင့် ကိုယ်တိုင်ဝန်ခံ၍ဖြစ်စေ၊ မငြင်းနိုင်သောကြောင့် ဖြစ်စေ ပြစ်ဒဏ် ကျခံနေရသူ အများစုဖြစ်နေခြင်းမှာ သဘာဝ ကျသော်လည်း ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ မှားယွင်းပြစ်ဒဏ် ချခံနေရသူအချို့လည်း ရှိနေခြင်းမှာမူ များစွာ စဉ်းစားသုံးသပ်သင့်လှသည်။

တရားစီရင်ရေး နယ်ပယ်တွင် အပြစ်ရှိသူ အယောက်တစ်ရာကို အကြောင်းကြောင်းကြောင့် ပြစ်ဒဏ်စီရင်နိုင်ခြင်း မရှိဘဲ လွတ်မြောက်နေလင့်ကစား အပြစ်မဲ့သူတစ်ဦးကို မှားယွင်း၍ ပြစ်ဒဏ် မချမိစေရန် အထူးသတိပြု ဆင်ခြင်ရလေ့ရှိကြောင်း အထူးပြုပြောဆိုလေ့ ရှိသည်ကို တရားရေးလောက အပါအဝင် ယင်းနှင့် နီးစပ်သူ အများအပြား သိရှိထားကြသည်။ 

သို့သော် လက်တွေ့နယ်ပယ်တွင်မူ ထိုအချက်နှင့် များစွာ ဆန့်ကျင်နေသော အမှုကိစ္စများ လိုအပ်သည့် အရေအတွက်ထက် အဆများစွာ ပိုမိုတည်ရှိနေကြောင်း သက်ဆိုင်ရာ နယ်ပယ်အတွင်း ရှိသူများ သိရှိထားကြပြီးဖြစ်သည်။ 

အထူးသဖြင့် စနစ်ဆိုး ကျင့်သုံးခဲ့သော ကာလတစ်လျှောက် ပါးစပ်ဖျားမှ ထွက်ပေါ်သော စကားကိုပင် ဥပဒေကဲ့သို့ မှတ်ယူကာ အပြစ်ရှိသူဟု ဥပဒေကြောင်းအရ ဆုံးဖြတ်ပေးရန် အငြင်းပွားဖွယ် ရှိနေသည့် အမှုကိစ္စများစွာ ရှိခဲ့ပြီး ယနေ့အချိန်အထိ မြန်မာနိုင်ငံ အနှံ့အပြားရှိ အကျဉ်းထောင်များအတွင်း ထိုကဲ့သို့ အငြင်းပွားဖွယ် အပြစ်ဒဏ် စီရင်ခံနေရသူများ ရှိနေပေသည်။

အပြစ် ကျူးလွန်ထားခြင်း မရှိဘဲ သို့မဟုတ် ကျူးလွန်ထားသည့် ပြစ်ဒဏ်နှင့် မလျော်မကန်သည့် ပြစ်ဒဏ်များ ချမှတ်ခံထားရသူများဘက်က ကြည့်လျှင် လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေးအရ များစွာ နစ်နာလှသည့်အပြင် လူ့ဂုဏ်သိက္ခာအရလည်း ဆုံးရှုံးမှုများ ရှိနေပေသည်။

အာဏာရှင် အစိုးရများ အုပ်ချုပ်စဉ်ကာလက ထိုကဲ့သို့ အငြင်းပွားဖွယ် မှားယွင်းတရားစီရင်မှုများ အရေအတွက် များပြားစွာ ရှိခဲ့ခြင်းကို သဘောမတူသော်ငြား အထိုက်အလျာက် နားလည် လက်ခံပေး၍ ရသော်လည်း ပြည်သူ လူထုက ရွေးကောက် တင်မြှောက်ထားသော အရပ်သားစစ်စစ် အများစု ပါဝင်သော အာဏာသုံးရပ် ကိုယ်စားပြု အစိုးရဖြစ်နေလျှင်မူ များစွာ အရုပ်ဆိုးသွားစေနိုင်ပေသည်။ 

ထို့အပြင် နိုင်ငံတကာနှင့် ဒေသတွင်း အဖွဲ့အစည်းများဟု ဆိုနိုင်သည့် ပွင့်လင်းလွတ်လပ်၍ လူ့အခွင့်အရေးကို လေးစားလိုက်နာသော လူမှုအသိုင်း အဝိုင်းနှင့် ထိတွေ့ဆက်ဆံ၊ ဝင်ဆံ့လာချိန်တွင် ဥပဒေနှင့်မညီသော သို့မဟုတ် ဥပဒေကြောင်းအရ အငြင်းပွားဖွယ် ဖြစ်နေသော မှားယွင်းပြစ်ဒဏ်ချ အရေးယူနေမှုများ နည်းနိုင်သမျှ နည်းပါးစေရန် အထူးဂရုပြုသင့်လှသည်။ 

ဖြစ်နိုင်ပါက ထိုကဲ့သို့ မှားယွင်းပြစ်ဒဏ်ချ၊ အရေးယူခံနေရသူများ၏ အမှုကိစ္စများကို စနစ်တကျ ပြန်လည် စစ်ဆေးကာ အမှုမှန် ပေါ်ပေါက်စေခြင်းဖြင့် ၎င်းတို့ ကျူးလွန်ထားခြင်း မရှိသည့် အမှုအခင်းများအတွက် အပြစ်ဒဏ် ကျနေရခြင်းမှ လွတ်မြောက်ခွင့် ရရှိနိုင်သော အခွင့်အရေး ပေးအပ်သင့်ပေသည်။ 

ဒီမိုကရေစီ ရေခံ၊ မြေခံများ ရင့်သန်လာသည်နှင့်အမျှ နောင်တွင် လွှတ်တော်များ၊ အစိုးရများ၊ နိုင်ငံရေး ပါတီများသည် အာဏာနိုင်ငံရေးကိစ္စ (ဝါ) မိမိတို့ ရွေးကောက်ပွဲ အနိုင်ရရှိရေးကိစ္စနှင့် ရွေးကောက်ပွဲ အနိုင်ရရှိပြီးပါက အာဏာတည်မြဲရေး ကိစ္စတို့ဖြင့်သာ သက်တမ်း တစ်ခုပြီးတစ်ခု ကျော်ဖြတ်သွားနိုင်သည့်အတွက် ပြည်သူလူထု၏ အားကိုးရာ အစစ်အမှန်မှာ ဖြောင့်မတ်သော တရားရေးမဏ္ဍိုင်နှင့် ကျင့်ဝတ်သိက္ခာနှင့် ပြည့်စုံသော သတင်းမီဒီယာ အပါအဝင် အရပ်ဘက် လူ့အဖွဲ့အစည်းများ အပေါ်တွင်သာ အားကိုးရရှိတော့မည်ဖြစ်သည်။ 

ထိုအတွက် ယခုကတည်းကပင် ပြည်သူလူထုက စိတ်ချအားကိုးထိုက် သော၊ လေးစားယုံကြည်ထိုက်သော၊ တရားမျှတသည့် ဥပဒေများနှင့်အညီ ရိုးသားဖြောင့်မတ်မှု အပြည့်ရှိသော မှားယွင်းမှုများကို ပြင်ဆင်တည့်မတ်နိုင်သော တရားရုံးများ၊ သတင်းမီဒီယာများနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများအဖြစ် လေ့ကျင့်ပြင်ဆင်ထားသင့်ကြောင်း အကြံပြု တိုက်တွန်းအပ်ပေသည်။

အယ်ဒီတာ (၉-၈-၂၀၁၇)


  • VIA