News

POST TYPE

EDITORIAL

အဆိုးနှင့် အကောင်း (Daily, Vol-5/No-102)
08-Aug-2017
လောကတွင် လူတို့သည် မိမိ မနှစ်သက်၊ သဘော မကျသော၊ မဖြစ်ချင်သော၊ မရချင်၊ မလိုချင်သော အမှုကိစ္စများ ကြုံတွေ့ရခြင်းကို “အဆိုး”ဟု သတ်မှတ်လေ့ရှိပြီး ယင်းနှင့် ဆန့်ကျင်ဘက်တို့ကိုမူ “အကောင်း”ဟု မှတ်ယူတတ်ကြသည်။

မည်သူမဆို အဆိုးများကို မလိုချင်ဘဲ အကောင်းများသာ မြင်တွေ့လိုတတ်ကြသည့်အတွက် အဆိုးကြုံရသည့်အခါတိုင်း ကံဆိုးမှုဟု ရှုမြင်ကာ အကောင်းကြုံသည့်အခါတွင်မှ ကံကောင်းသည်ဟု ယူဆကြသည်။

သို့သော် လောကဓမ္မတာ သို့မဟုတ် နိယာမများအရ မည်သူမဆို အဆိုးချည်း၊ အကောင်းချည်းသာ ကြုံတွေ့နိုင်ခြင်း မရှိဘဲ မလိုချင်သော အဆိုးများကိုလည်း အကောင်းနှင့်အတူ မဖြစ်မနေ ရင်ဆိုင်ကြရမည်ဖြစ်သည်။
 
ထို့ကြောင့် တစ်ခါတစ်ရံ အဆိုးဟု ထင်ရသည့် ကိစ္စရပ်များမှာ မျှော်လင့်မထားဘဲ အကောင်းဖြစ်သွားတတ်ခြင်းမျိုး ရှိတတ်သည့်အတွက် တစ်စုံတစ်ဦးကို အဆိုးကြုံရစေရန် သို့မဟုတ် အကောင်းတွေ့စေရန် တမင်ရည်ရွယ်၍ ပြုမူကြံစည်ခဲ့သော်ငြား ယင်းအဆိုး၊ အကောင်း ရည်ရွယ်ချက်နှင့် ဆန့်ကျင်သော ရလဒ်များ ဖြစ်ပေါ်သွားစေတတ်သည်။

များစွာ အရေးကြီးသည့်အချက်မှာ တစ်ဖက်မှ မည်သို့သော ရည်ရွယ်ချက်မျိုးရှိသည်ဖြစ်စေ ယင်းကို လက်ခံရသော ကာယကံရှင်အနေနှင့် “အကောင်း”အဖြစ်သာ မှတ်ယူ၍ မိမိအတွက် ကံကောင်းစေသော ရလဒ်များ ထွက်ပေါ်လာစေရန် အရာရာတိုင်းကို စိတ်ကောင်း၊ နှလုံးကောင်းဖြင့် ခံယူကျင့်သုံး အသုံးချနိုင်စေရေးပင် ဖြစ်သည်။

မည်သူမဆို မိမိကျူးလွန်၊ ပြုမူထားသော စေတနာကံနှင့် ထိုက်တန်သည့် အကျိုးရလဒ်မျိုးသာ ရရှိနိုင်သောကြောင့် ယနေ့ ကြုံတွေ့နေရသော အဆိုး၊ အကောင်းဟု အမည် တပ်ထားသော အရာများသည် အတိတ် သို့မဟုတ် မကြာ မတင်ခင်ကာလက မိမိတို့ ကျူးလွန်ခဲ့သော အပြုအမူ “ကံ”များအတိုင်း ကြေးမုံပြင်ကဲ့သို့ ပြန်ထင်ဟပ်ခြင်း ဖြစ်သည်။

ထို့ကြောင့် အကောင်းရလဒ်များဆိုပါက ဆက်လက် ထိန်းသိမ်းသွားနိုင်ခြင်း သို့မဟုတ် ပိုကောင်းသော ရလဒ်များအဖြစ် ပြောင်းလဲစေနိုင်ခြင်း၊ အဆိုး ဆိုပါက သံသရာ တစ်လျှောက်လုံး အကြွေးအဖြစ် မဆပ်ရစေရန် အကောင်းအဖြစ် ပြောင်းလဲနိုင်ခြင်းတို့မှာ တစ်ဦးချင်းစီ၏ ခံယူထားသော အဆုံးအမနှင့် ဆောက်တည် ကျင့်ကြံအပ်သော လက်တွေ့လုပ်ရပ်များနှင့် သက်ဆိုင်ကြောင်း သိစေလိုရင်း ဖြစ်သည်။

အယ်ဒီတာ (၈-၈-၂၀၁၇)


  • VIA