News

POST TYPE

EDITORIAL

ထောင်တံခါးများကျဉ်း၍ ကျောင်းတံခါးများ ကျယ်စေ (Daily, Vol-5/No-101)
07-Aug-2017
မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ အကျဉ်းထောင် အများစုတွင် လက်ခံနိုင်သော အရေအတွက်ထက် အဆများပြားစွာ မနိုင်ဝန် ထမ်းနေရခြင်းသည် အချိန်ကြာလာသည်နှင့်အမျှ အကျဉ်းထောင် ဝန်ထမ်းများအတွက် အခက်အခဲများ ရှိနေသည့်အပြင် မလိုလားအပ်သော နောက်ဆက်တွဲ ပြဿနာများလည်း ကြုံလာရနိုင်ခြေ ရှိပေသည်။

မြန်မာနိုင်ငံ၏ နာမည် အကျော်ကြားဆုံး အင်းစိန် အကျဉ်းထောင်ကို ကြည့်လျှင် ပုံမှန်အားဖြင့် အကျဉ်းသား ငါးထောင်အတွက် ရည်ရွယ်တည် ဆောက်ထားခြင်း ဖြစ်သော်လည်း လက်ရှိတွင် အကျဉ်းသား တစ်သောင်း နှစ်ထောင်ကျော်ခန့်အထိ လက်ခံထားရသည့်အတွက် များစွာ ကျပ်တည်း သိပ်သည်းလျက်ရှိပေသည်။  
အကျဉ်းထောင်များတွင် မနိုင်ဝန် ထမ်းနေရခြင်း၏ အဓိက အကြောင်းအရင်းမှာ အကျဉ်းသား စုစုပေါင်း၏ ခြောက်ဆယ် ရာခိုင်နှုန်းကျော်မှာ ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ အပါအဝင် အနည်းငယ်မျှသော နိုင်ငံအချို့တွင်သာ ပြစ်မှုကျူးလွန်သူအဖြစ် သတ်မှတ်ထားသူ မူးယစ်ဆေး သုံးစွဲသူများနှင့် ဆက်စပ်ပြစ်မှု ကျူးလွန်ထားသူများ ဖြစ်နေခြင်းပင်။ ဆိုလိုသည်မှာ ကမ္ဘာ့နိုင်ငံ အများစုတွင် မူးယစ်ဆေးသုံးစွဲသူများကို မူးယစ်သားကောင် သို့မဟုတ် ဓားစာခံအဖြစ် သတ်မှတ်ကာ သာမန်ပြစ်ဒဏ်နှင့် လူမှုရေး ပြစ်ဒဏ်များသာ ချမှတ်လေ့ရှိခြင်းကြောင့် မြန်မာနိုင်ငံကဲ့သို့ အကျဉ်းထောင်များအတွင်း မူးယစ်ဆေး သုံးစွဲသူများကို ချုပ်နှောင်ထားခြင်း မရှိခြင်းကို ဆိုလိုသည်။ 

ယင်းအခြေအနေကို သဘော ပေါက်လာသည့်အတွက် မကြာသေးခင်က လွှတ်တော်တွင် မူးယစ်ဆေးဝါး သုံးစွဲသူများကို လူမှုရေး ပြစ်ဒဏ်သာ ချမှတ်နိုင်မည့် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်ထဲရေး ဝန်ကြီးဌာနက တင်သွင်းထားခြင်းဖြစ်သည်။ 

အင်းစိန် အကျဉ်းထောင် အပါအဝင် မြန်မာနိုင်ငံရှိ အကျဉ်းထောင် အများစုမှာ ယခင်က ကျင့်သုံးခဲ့သော စနစ်ဆိုးကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော်လည်း ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှစကာ ပြုပြင်ပြောင်းလဲလာခဲ့သဖြင့် ယခင် ပါလီမန် ဒီမိုကရေစီစနစ် အဆင့်အတန်းမျိုးအထိ မရောက်သေးသော်ငြား ကျန်ခဲ့သည့် အနှစ် ၂၀ ကျော် ကာလထက်စာလျှင် သိသာစွာ ခြားနားသွားခဲ့ပြီဖြစ်သည်။ 

သို့သော် ပြောင်းလဲနေသော အခြေအနေနှင့် အံမဝင်နိုင်သေးသည့် ဆက်စပ် အခြေအနေများအပေါ် မူတည်ကာ ယခုထက်ပို၍ ပွင့်လင်းမြင်သာစွာ ပြုပြင်ပြောင်းလဲရန် လိုအပ်နေပေသေးသည်။ 

အခြားတစ်ဖက်တွင်လည်း အကျဉ်းထောင်များ အတွင်းရှိ အကျဉ်းသား အချို့မှာ အမှန်တကယ် ပြစ်မှုကျူးလွန်၍ အပြစ်ဒဏ်ပေးခံရခြင်း မဟုတ်ဘဲ မှားယွင်း၍သော်လည်းကောင်း၊ တမင်အကွက်ဆင် ချောက်တွန်းခံရ၍သော်လည်းကောင်း၊ တရားခံ အချိန်မီ ရှာမရသဖြင့် အပြစ်တင်မှု၊ တာဝန် ထိခိုက်မှုတို့ကို စိုးရိမ်သူများက ကိုယ်တိုင် ဝန်ခံမထားသည့်အပြင် ပတ်ဝန်းကျင် ခိုင်လုံသော သက်သေများကို ဥပဒေနှင့်အညီ တင်ပြအတည်ပြုနိုင်ခြင်း မရှိဘဲ တရားခံရှာ အလုပ်ပြထားခံရသူများ ဖြစ်နေခြင်းလည်း ရှိနေပေသည်။

ထို့အပြင် ယခုနောက်ပိုင်း အသက် ၁၈ နှစ် မပြည့်သေးသည့် ကလေး သူငယ်များ အပါအဝင်၊ ခိုး၊ ဆိုး၊ နှိုက်၊ လုယက်မှု၊ ကျူးလွန်သူ အများစုသည် အကျဉ်းထောင် အတွင်းသို့ ယင်းပြစ်မှုများဖြင့် အကြိမ်ကြိမ် ဝင်ရောက်နေကြသောကြောင့် ပြောင်းလဲလာသော အကျဉ်းထောင် အုပ်ချုပ်ကြီးကြပ်မှုပုံစံကို  အသားကျ ယဉ်ပါးကာ ထောင်မကြောက်တော့သည့် အခြေအနေ ဖြစ်လာခြင်းကိုလည်း စဉ်းစားသုံးသပ် အဖြေရှာသင့်လှသည်။

စင်စစ်အားဖြင့် အကျဉ်းထောင်များတွင် မနိုင်ဝန်ဖြစ်နေခြင်းမှာ တရား ဥပဒေ စိုးမိုးရေးနှင့် တိုက်ရိုက် အချိုးကျနေသောကြောင့် နိုင်ငံတော် တည်ငြိမ် အေးချမ်းမှု ရှိပါက၊ မှုခင်းများ လျော့နည်း ကျဆင်းကာ အကျဉ်းထောင်များသို့ အကျဉ်းသား ဝင်ရောက်မှု လျော့ကျသွားမည်ဟု ယေဘုယျအားဖြင့် ဆိုနိုင်သည်။

အခြားတစ်ဖက်တွင်မူ ဆင်းရဲကျပ်တည်းကာ အရာရာချွတ်ခြုံကျနေသော နိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်း၊ စီးပွားရေး ဖွံ့ဖြိုးမှု မရှိခြင်း၊ အကျင့်ပျက် ခြစားမှု အမြစ်တွယ်နေခြင်းတို့ကလည်း မှုခင်းများ ထူပြောကာ အကျဉ်းထောင်တံခါးများ ပို၍ ပွင့်သွားစေနိုင်သည့် အချက်ကို မေ့မထားသင့်ပေ။

မည်သို့ပင်ဖြစ်စေ၊ လက်ရှိ အစိုးရလက်ထက်တွင် မူးယစ်ဆေးဝါး ဥပဒေကို ပြင်ဆင်ပြောင်းလဲခြင်း၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကော်မရှင် သိသာစွာ အလုပ် လုပ်လာခြင်း၊ ရဲတပ်ဖွဲ့ဝင်များအပေါ် ဥရောပသမဂ္ဂနှင့် အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံတကာ အကူအညီ၊ အထောက်အပံ့များ တိုးမြှင့်လာခြင်း၊ အကျဉ်းကျနေသူ စာသင်နေသည့် အရွယ်ကျောင်းသူ၊ ကျောင်းသားများ စဉ်ဆက်မပြတ် ပညာသင်ယူခွင့် ရရှိနေခြင်း အပါအဝင် အကျဉ်းထောင်အတွင်းရှိ လူ့အခွင့်အရေး စံချိန်စံညွှန်းများ မြင့်တက်လာခြင်းတို့ကြောင့် များမကြာမီ အချိန်ကာလတစ်ခုတွင် အကျဉ်းထောင်တံခါးများ ကျဉ်းသထက်ကျဉ်းကာ စာသင်ကျောင်းတံခါးများ ကျယ်သထက် ကျယ်လာနိုင်စေကြောင်း မျှော်လင့်ဆုတောင်းအပ်ပေသည်။

အယ်ဒီတာ  (၇-၈-၂၀၁၇)


  • VIA