News

POST TYPE

EDITORIAL

၆၆ (ဃ)က ဘယ်သူ့အတွက်လဲ (Daily, Vol-5/No-100)
06-Aug-2017
နာမည်ဆိုးဖြင့် ကျော်ကြားလှသော ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ကို ဖျက်သိမ်းပေးရန် မီဒီယာများ အပါအဝင် အရပ်ဘက် လူ့အဖွဲ့အစည်းများက တောင်းဆို တိုက်တွန်းခဲ့သော်လည်း အမျိုးသား လွှတ်တော်တွင် ပြင်ဆင်ရေး လိုလားသူများ အနိုင် ရရှိသွားခဲ့ခြင်းမှာ ဒီမိုကရေစီ ရေခံ၊ မြေခံအပေါ် အလေးထားသူများအတွက် အထူး စိတ်ပျက်စရာ ဖြစ်သွားခဲ့သည်။

ပြည်သူ့လွှတ်တော်တွင် ယင်းဥပဒေကို ထပ်မံ၍ ဆွေးနွေးကာ မဲခွဲဆုံး ဖြတ်ရန်နှင့် လိုအပ်ပါက ပြည်ထောင်စု လွှတ်တော်အဆင့်အထိပါ မဲခွဲဆုံးဖြတ်နိုင်သော အခြေအနေ ရှိနေသေးသည့်အတွက် မျှော်လင့်ချက် ကျန်ရှိနေသေးသည်ဟု ဆိုနိုင်သည်။ သို့သော် လက်ရှိအစိုးရကိုယ်တိုင် အသုံးပြုကာ တရားစွဲဆိုနေခြင်းမှာ ယင်းမျှော်လင့်ချက်ကို အားလျော့သွားစေနိုင်သော အချက်ဖြစ်သည်။

စစ်အာဏာရှင် အငွေ့အသက်မကင်းသည့် ယခင်အစိုးရလက်ထက်တွင် ပြဋ္ဌာန်းခဲ့သည့် ဥပဒေဖြစ်သော်လည်း ယင်းပုဒ်မဖြင့် တရားစွဲဆိုမှုကို လေ့လာကြည့်သည့်အခါ အရပ်သားစစ်စစ် အများစု ပါဝင်သော လက်ရှိအစိုးရလက်ထက်တွင် ယင်းပုဒ်မဖြင့် စွဲဆိုမှု ပိုမိုများပြားနေခြင်းမှာလည်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများကို အံ့အားသင့်စေခဲ့သည်။ 

အွန်လိုင်း လူမှုရေးကွန်ရက်ကို အသုံးပြု၍ ဘာသာရေး၊ လူမျိုးရေး၊ ပဋိပက္ခများ၊ အဓိကရုဏ်းများဖြင့် နိုင်ငံကို ဆူပူမှုများဖြင့် မငြိမ်မသက်ဖြစ်စေရန် ဖန်တီးလာနိုင်ခြင်းကို ကာကွယ်တားဆီးရန် ယင်းပုဒ်မကို ထည့်သွင်းထားခြင်းဟု ဆိုထားလင့်ကစား ယနေ့အထိ ယင်းအချက်ဖြင့် စွဲဆိုမှု မရှိဘဲ အသရေ ပျက်စေခြင်း အကြောင်းပြချက်ဖြင့် စွဲဆိုမှုများသာ ရှိနေသည်။

ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားမှု မရှိသေးခင် ရဲစခန်းတွင် ယင်းပုဒ်မဖြင့် တိုင်ချက်ဖွင့်လိုက်ပါက ချက်ချင်း ဖမ်းဆီးချုပ်နှောင်ခံရနိုင်ခြင်း၊ နစ်နာသူ ကာယကံရှင် ကိုယ်စား တရားစွဲဆိုခွင့် ပေးထားခြင်း၊ အွန်လိုင်း၊ လူမှုရေးကွန်ရက်တွင် အကောင့်အတုဖြင့် အလွယ်တကူ လုပ်ကြံချောက်တွန်းနိုင်ခြင်း ကဲ့သို့သော အချက်များက ဥပဒေရှုထောင့်မှ ကြည့်သည်ဖြစ်စေ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရှုထောင့်မှ ကြည့်သည်ဖြစ်စေ မည်သို့မျှ ဆီလျော်အပ်စပ်ခြင်း မရှိသည်မှာ ထင်ရှားလှသည်။

ထိုအခြေအနေများ ရှိနေသည့်ကြားက ပြည်သူ့လွှတ်တော်တွင်ပါ ယင်း ဥပဒေ၊ ပုဒ်မကို အမျိုးသားလွှတ်တော် သဘောအတိုင်း ထပ်မံ အတည်ပြုခဲ့ပါက အစိုးရအပါအဝင် အာဏာရှိသူများ၊ အဖွဲ့အစည်းများအား ဝေဖန်ပြောဆိုမှုများကို ဟန့်တားခြိမ်းခြောက်ရန် တမင် ရည်ရွယ်ချက်ဖြင့် ထည့်သွင်း ရေးဆွဲထားသည့် ပုဒ်မဖြစ်သည်ဟူသော ထင်မြင်ယူဆချက်များ ခိုင်မာသွားစေနိုင်ခြင်းကို ဆင်ခြင် သတိပြုမိစေလိုကြောင်း ပြောလိုရင်းဖြစ်သည်။

အယ်ဒီတာ (၆-၈-၂၀၁၇)


  • VIA