News

POST TYPE

EDITORIAL

ကိုယ်ကစပြောင်းမှဖြစ်မှာပါ (Daialy, Vol-5/No-99)
06-Aug-2017
“ကမ္ဘာကြီးကို ပြောင်လဲပစ်ဖို့ လူတိုင်း စဉ်းစားကြတယ်၊ ဒါပေမဲ့ မိမိကိုယ် ကိုယ်ပြောင်းလဲပစ်ဖို့တော့ ဘယ်သူမှ မစဉ်းစားတတ်ကြဘူး”လို့ဆိုတဲ့ ကမ္ဘာကျော် ရုရှားစာရေးဆရာကြီး လီယိုတော်စတွိုင်းရဲ့ အဆိုအမိန့်ကို စာဖတ်သူများ ရိုးအီနေအောင် ကြားဖူးပြီးဖြစ်မယ်လို့ ထင်ပါတယ်။ 

လူ့အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်ခု၊ စနစ်တစ်ခု စတဲ့ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်ကို ပြောင်းလဲပစ်ချင်ကြပေမယ့်လည်း ကိုယ်ကိုယ်တိုင် စပြီးပြောင်းလဲဖို့တော့ စိတ်မဝင်စားတတ်ကြတဲ့သူတွေကို စာရေးဆရာကြီး တော်စတွိုင်းက စိတ်ကုန်လွန်းလို့ ပြောဆိုခဲ့ဟန်ရှိပါတယ်။

ဟုတ်လည်း ဟုတ်ပါတယ်။ ပတ်ဝန်းကျင်ကို ကိုယ့်စိတ်တိုင်းကျ ပြောင်းလဲပစ်ချင်ကြပေမယ့်လည်း ကိုယ်ကိုယ်တိုင်ကျတော့ အပြောင်းအလဲ မလုပ်ချင်ကြတာ လူ့သဘာဝ တစ်ခုလို့ဆိုရမှာပါ။ 

အဲဒါကြောင့်လည်း နိုင်ငံရေးစနစ်တွေ ဘယ်လိုပြောင်းလဲအောင်လုပ်လုပ် နိုင်ငံသားတွေရဲ့ အကျင့်စရိုက်တွေကို ရုတ်ခြည်း ပြောင်းလဲဖို့လုပ်တဲ့နေရာမှာ အခက်အခဲတွေ၊ ပြဿနာတွေ အမျိုးမျိုးနဲ့ ရင်ဆိုင်ကြရတယ် မဟုတ်လား။ ပြောင်းလဲချိန် တန်ပါပြီလို့ ဘယ်လိုပဲပြောပြော လူ့အဖွဲ့အစည်းထဲမှာ ရှိတဲ့သူတွေ နဂိုခေတ်ကာလအတိုင်း တွေးတော၊ ကြံဆ၊ လုပ်နေသေးသရွေ့ အပြောင်းအလဲ လုပ်ရာမှာ အခက်တွေ့မှာ ကျိန်းသေပဲလို့ ဆိုရမှာပါပဲ။ 

နိုင်ငံတကာမှာ အပြောင်းအလဲ လုပ်တယ်ဆိုတဲ့နေရာမှာ ယေဘုယျ ပြောရရင် ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲနဲ့ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲ နှစ်မျိုးပဲရှိတယ်လို့ ပြောရမှာပါပဲ။ တိုက်တာ အဆောက်အအုံတွေ၊ လမ်းတံတားကြီးတွေ၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပတ်သက်တဲ့ စက်ပစ္စည်းတွေ၊ သင်ထောက်ကူ ပစ္စည်းတွေကို နိုင်ငံတကာ စံချိန်စံနှုန်းနဲ့အညီ ပြောင်းအောင် လုပ်ယူတာမျိုးဟာ ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲဖြစ်အောင် လုပ်ကြရတာပါ။

စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲဆိုတာကတော့ တော်ရုံတန်ရုံနဲ့ လုပ်လို့မရတဲ့ ကိစ္စလို့ပြောရမှာပါပဲ။ အကွပ်မရှိတဲ့ကြမ်း ပရမ်းတာဆိုတဲ့ ဆိုရိုးအရ ပြောရမယ်ဆိုရင် မတော်မတရား လုပ်ချင်တဲ့စိတ်၊ ပတ်ဝန်းကျင်ကို အနှောင့်အယှက် ပေးလိုတဲ့စိတ်၊ အရင်ခေတ်ကာလကလို ပေါ့ပေါ့နေပေါ့ပေါ့ စားလုပ်လိုတဲ့ စိတ်တွေကို စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ပြီး ထိန်းကွပ်ပေးတာက စကြရတာပါလို့ ထင်ပါတယ်။

အဲဒါကြောင့်လည်း အပြောင်းအလဲ လုပ်တဲ့သူတွေအနေနဲ့ စိတ်သဘောထား ခံယူချက်တွေ ပြောင်းလဲလာအောင် လုပ်ယူတဲ့နေရာမှာ ကြီးစွာသော အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ကြရတာပါ။ အဲဒီ စိတ်သဘောထား ခံယူချက်တွေ ကောင်းတဲ့ဘက်ကို ပြောင်းလာအောင် လုပ်ဖို့ဆိုတာလည်း နိုင်ငံရေး နယ်ပယ်ဖြစ်စေ၊ စီးပွားရေးနယ်ပယ်ဖြစ်စေ၊ ဘာသာရေး နယ်ပယ်ဖြစ်စေ ဘယ်လိုခေတ် ကာလပဲရောက်ရောက် အခက်အခဲဆုံး ကိစ္စတစ်ခုအဖြစ် ဆက်ရှိနေတာပါ။

အဲဒါကို အသိဉာဏ် အမြော်အမြင်ကြီးစွာ မလုပ်တတ်တာကြောင့် ကိုယ်ယုံကြည်တဲ့ အယူဝါဒ ရှင်သန်ရေးဆိုတဲ့ ခေါင်းစဉ်ကို ဗန်းပြပြီး ပိုပေါ့လို၊ ဟစ်တလာလို ကမ္ဘာကျော် လူဆိုးကြီးတွေက ထင်ရာစိုင်းပြီး လူအစုလိုက်အပြုံ လိုက်သတ်ဖြတ်ပစ်ကြတဲ့အထိ ကမ္ဘာ့သမိုင်းမှာ အမည်းစက်ကြီးဖြစ်အောင်အထိ လုပ်ခဲ့ကြတာဖြစ်ပါလိမ့်မယ်။

ပြောရမယ်ဆိုရင် အပြောင်းအလဲဆိုတာ တော်စတွိုင်းကြီးပြောတဲ့ အတိုင်းပါပဲ။ ကိုယ့်အတွင်းစိတ် ခံယူချက်က စရမယ့်ကိစ္စပါ။ ကိုယ်ကိုယ်တိုင်က ငါပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့ ဆိုတဲ့အယူအဆမျိုးနဲ့ အပြောင်းအလဲတစ်ခုကို ဆောင်ကြဉ်းပေးလို့ ဘယ်လိုမှရမှာ မဟုတ်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေတော့ ပြောင်းလို့ရမှာပေါ့။ စိတ်ခံယူချက် သဘောထားတွေ အတူတကွ ပြောင်းလဲလာအောင် လုပ်တဲ့နေရာမှာတော့ ထုံးစံအတိုင်း အခက်တွေ့ရမှာပါပဲ။

ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားတွေ အထူး ယုံကြည်ပြီး ကိုးကွယ် ဆည်းကပ်ကြတဲ့ ဆရာတစ်ဦးဖြစ်တဲ့ မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေထဲမှာ အင်မတန် မှတ်သားစရာကောင်းတဲ့ အရာတစ်ခုကလည်း အဲဒီစာရေးဆရာကြီး ပြောတာမျိုးနဲ့ အင်မတန် နီးစပ်ပါတယ်။ မြတ်ဗုဒ္ဓက အပြင်က ရန်သူတွေကို လက်နက်တွေနဲ့ အနိုင်ယူပြီး ဘယ်လိုပဲ အနိုင်ယူပြနိုင်ပေမယ့် မိမိအတွင်းသဏ္ဌာန်မှာရှိတဲ့ အကုသိုလ်စိတ်တွေကို အနိုင်မယူနိုင်သရွေ့ စစ်မှန်တဲ့အောင်ပွဲ မဟုတ်ဘူးလို့ ဆုံးမခဲ့ဖူးတာကို အားလုံး သိကြပါလိမ့်မယ်။

ဟုတ်ပါတယ်။ ကျွနု်ပ်တို့အားလုံး အပြောင်းအလဲကောင်းကို လိုချင်တယ်ဆိုရင် ရေသာခို အချောင်လိုက်လိုတဲ့စိတ်၊ အာဏာပြလိုတဲ့စိတ်၊ နိုင်ထက်စီးနင်းလိုတဲ့စိတ်၊ လုပ်ချင်ရာ လုပ်မယ်ဆိုတဲ့ စိတ် စတဲ့ခံယူချက်ဆိုးတွေကို ကိုယ်ကိုယ်တိုင်ကစပြီး တစ်ဦးချင်းစီ ပြောင်းလဲပစ်ပါမှ ပြောင်းလဲချိန်ရောက်ပြီလို့ဆိုနိုင်မှာ ဖြစ်ပါတယ်လို့ ပြောလိုတာပါ။ 

အယ်ဒီတာ (၅-၈-၂၀၁၇) 


  • VIA