News

POST TYPE

EDITORIAL

အရေးကြီးလျှင် အားလုံး သွေးနီးကြရမည် (Daily, Vol-5/No-98)
04-Aug-2017
ပြည်တွင်းအခမဲ့ ရုပ်သံလိုင်းတစ်ခုက အပတ်စဉ် လေးရက်တာမျှ ထုတ်လွှင့်နေသည့် အသောကက အမည်ရ အခန်းဆက် ဇာတ်လမ်းတွဲကြီးကို စာဖတ်သူ အများစု ကြည့်ဖူးကြလိမ့်မည် ထင်ပါသည်။ တကယ့်အပြင်တွင် သက်ရှိထင်ရှားရှိခဲ့သူ အသောကမင်းကြီး မည်သည့် အခက်အခဲမျိုးနှင့် ကြုံတွေ့ခဲ့ရသည်ကို အတိအကျ မသိနိုင်သော်လည်း ဇာတ်လမ်းထဲမှ အသောကမှာမူ ကြောက်ခမန်းလိလိ အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး လွန်စွာဇာတ်နာသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်ကို ကြည့်ဖူးသူများ သတိပြုမိပါလိမ့်မည်။ ပြည်သူလူထု၏ အရေးကိုမည်သို့မျှ စိတ်မဝင်စားဘဲ အာဏာရရှိရေးအတွက်ဆိုလျှင် မည်သည့်အလုပ်ဖြစ်စေ လုပ်မည်ဟု ဆုံးဖြတ်ထားသော ဆွေမျိုးရင်းချာများ၊ တိုင်းပြည်ကို ကျူးကျော်သိမ်းပိုက်ရန် သို့မဟုတ် တိုင်းပြည်ထဲမှ ခွဲထွက်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းနေသည့် ခေါင်းဆောင်များ စသည့် အန္တရာယ် မျိုးစုံကို အသောကဖြစ်သူက ခဲရာခဲဆစ် ရင်ဆိုင်ဖြေရှင်းကာ နောက်ဆုံးတွင် အိန္ဒိယနိုင်ငံတော်သစ် တစ်ရပ်ကို ထူထောင်နိုင်ခဲ့ပေသည်။ အခြားဘုရင်များနှင့် မတူသော အသောက၏ ထူးခြားချက်မှာ နိုင်ငံနှင့် ပြည်သူအပေါ် သစ္စာ စောင့်သိနိုင်လွန်းခြင်းပင်ဖြစ်ပြီး ယင်းဇာတ်ကား၏ ထူးခြားချက်မှာ အသောကကို ခြောက်ပြစ်ကင်း သဲလဲစင်သည့် ခေါင်းဆောင်တစ်ဦးအဖြစ် အလွန်အမင်း အမွှန်းတင်ထားခြင်းမျိုး မဟုတ်ဘဲ အိန္ဒိယဟူသည့် နိုင်ငံတော်သစ်တစ်ရပ် ထူထောင်ရေးအတွက် မိမိ၏ ဦးတည်ချက်ကို မရရအောင် အကောင်အထည် ဖော်တတ်သူအဖြစ်သာ ဖော်ကျူးပြနိုင်ခြင်းပင်။

နိုင်ငံသစ်တစ်ခု ထူထောင်ရသည်မှာ စိတ်ကူးယဉ် အလုပ်တော့ မဟုတ်ပေ။ အခက်အခဲမျိုးစုံ၊ ပြဿနာမျိုးစုံကို ဉာဏ်အမြော်အမြင်ကြီးစွာ၊ နိုင်ငံနှင့် ပြည်သူအပေါ် သစ္စာစောင့်သိမှုကြီးစွာဖြင့် ဖော်ထုတ်ရသည့် အလုပ်ဖြစ်ပေသည်။ တစ်နည်း ဆိုရလျှင် ရှေ့လူတို့ လုပ်ခဲ့သမျှ အကောင်း၊ အဆိုးမှန်သမျှကို ဦးစွာ ဒိုင်ခံဖြေရှင်း ပေးနိုင်သည့် ဆူပါစွမ်းရည်တစ်ရပ် မဖြစ်မနေ ရှိထားရန် လိုအပ်သလို မစားရသည့်အမဲ သဲနှင့်ပက်ရန်ကြံစည်သူအစ ကမ္ဘာမီးလောင် သားကောင်ချနင်းရန် ဝန်မလေးသူအဆုံး စသောပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့်လည်း ကြုံတွေ့နိုင်ပေရာ သတိကြီးစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ပါမှ တော်ကာကျမည်ဖြစ်သည်။ ထို့အတူ နိုင်ငံနှင့် ပြည်သူရေရှည် အကျိုးစီးပွား ဖြစ်ထွန်းရေးအတွက်ဆိုလျှင် လတ်တလော အများထောက်ခံမှု မရနိုင်သော်လည်း လုပ်သင့်လုပ်ထိုက်ပါက လုပ်ဆောင်ရမည့် သဘောတွင်ရှိပါသည်။ ဆိုလိုသည်မှာ ရေမြွေကဲ့သို့ ကျင့်ရမည့်အချိန်တွင် ရေမြွေလို နေထိုင်ပြရမည်ဖြစ်ပြီး နဂါးကဲ့သို့ ကျင့်ရမည့်အချိန်တွင် နဂါးလိုကျင့်ရမည့်သဘော ဖြစ်သည်။

ယနေ့မြန်မာနိုင်ငံသည် လူကြိုက်များနိုင်သော အကြောင်းကိစ္စ အချို့ကို ရှေ့တန်းတင်ပြီး ပြဿနာမျိုးစုံ ဖြစ်ပေါ်လာရန် အကြောင်းရှာနေသူ အင်အားစု အမျိုးမျိုးနှင့် ရင်ဆိုင်နေရသလို တစ်ဖက်မှာလည်း နှစ်ကာလကြာရှည်စွာ သွေးမတိတ်နိုင်ခဲ့သည့် ပြည်တွင်းစစ်ဟူသော အနာဟောင်းကြီးကို ကုသရန် ကြိုးပမ်းနေရချိန် ဖြစ်သည်မှာ အားလုံးအသိပင် ဖြစ်ပါသည်။ ယခင်ရှုပ်ထား ခဲ့သည့်၊ မဖြေရှင်းနိုင်ခဲ့သည့်  ပြဿနာဟောင်းများက တစ်မျိုး၊ ယခုထပ်ရှုပ် လာသည့် ပြဿနာသစ်များကတစ်ဖုံ စသည့်စိန်ခေါ်မှုများမှာ တတိယကမ္ဘာမှ ပထမကမ္ဘာအဆင့် ရောက်အောင် ထူထောင်နိုင်ခဲ့သူဟု ဆိုကြသော ကမ္ဘာ့ခေါင်းဆောင်ကြီးများပင် မြန်မာ့အရေးကို အလွယ်တကူ ဖြေရှင်းပေးနိုင်မည်မဟုတ်ပေ။ ပြန့်ကျဲနေသည့် ထင်းစများကို တစ်ခုချင်း လိုက်ကောက်ကာ တစုတစည်းတည်းဖြစ်အောင် ဖြည်းဖြည်းချင်း လုပ်ယူနေရသည့် ပုံပြင်ထဲက အဘိုးအိုတစ်ဦးနှင့်ပင် သာ၍တူနေပေသည်။ ဤအခြေအနေတွင် မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် နိုင်ငံသစ် ထူထောင်ရေးအတွက် မရှိမဖြစ် အရေးပါသူ အားလုံးက သတိတရား သာမက သစ္စာစောင့်သိမှု ကြီးမားစွာဖြင့် အတူလက်တွဲ လုပ်ကိုင်ကြရန်လိုအပ်ကြောင်း သတိပေးလိုရင်း ဖြစ်ပေသည်။ 

အယ်ဒီတာ (၃-၈-၂၀၁၇)  


  • VIA