News

POST TYPE

EDITORIAL

ပွဲခံချိန် ကုန်ဆုံးပြီဆိုတာ သတိရပါ (Daily, Vol-5/No-97)
02-Aug-2017
ဒီမိုကရေစီစနစ်တစ်ရပ် ယိုင်နဲ့မှု မရှိစေရေးနှင့် နိုင်ငံတစ်ခု မပျက်သုဉ်းရေးအတွက် အင်စတီကျူးရှင်းကြီးများ၏ အခန်းကဏ္ဍ မည်မျှ အတိုင်းအတာအထိ အရေးပါသည်ကို နိုင်ငံရေး စိတ်ဝင်စားသူ အားလုံး နားလည် သဘောပေါက်ပြီးသား ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ယင်းအင်စတီကျူးရှင်းများ ခိုင်ခိုင်မာမာ ရှိလာစေရန် အများကြီး လုပ်ဆောင်ရဦးမည် ဖြစ်ပေသည်။ အင်စတီကျူးရှင်းများ အခြေခိုင်သွားပြီဟူသည့် အဓိက ဆိုလိုရင်းမှာ နိုင်ငံကို လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက်က ဦးဆောင် အုပ်ချုပ်ခြင်းမျိုး မဟုတ်ဘဲ “မူ”၊ တစ်နည်းအားဖြင့် စနစ်ဖြင့် အုပ်ချုပ်သည်ကို ဆိုလိုပေသည်။ မြန်မာနိုင်ငံတွင် လူကြီးပိုင်းများ သာမက လူလတ်ပိုင်းနှင့် လူငယ်ပိုင်းများကပါ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့သည့် ဒီမိုကရေစီ အစိုးရဟူသည် ယခုအခါ ပေါ်ပေါက်လာပြီ ဖြစ်သော်လည်း အင်စတီကျူးရှင်းများ အခိုင်အမာ ဖြစ်ထွန်းလာပြီလောဟု မေးလျှင် ကကြီးစရေးနိုင်သည့် အဆင့်သို့ပင် မရောက်ရှိသေးပါဟု ဆိုရပေမည်။ တစ်နည်းဆိုရလျှင် ယခင်အာဏာရှင်ဆန်သည့် စစ်ဘက်အုပ်ချုပ်ရေး ခေတ်ကာလကအတိုင်း “မူ”ထက် လူကိုဗဟိုပြုသော အုပ်ချုပ်ရေး လမ်းစဉ်အောက်မှ လွတ်လွတ်ကင်းကင်း မရှိသေးပေ။
 
ဒီမိုကရေစီ အစိုးရတက်လာပြီး တစ်နှစ်ခွဲနီးပါး ကြာမြင့်လာပြီဖြစ်သည့်တိုင် သိသာထင်ရှားသည့် အပြောင်းအလဲကောင်းများ မတွေ့ရသေးဘဲ နိုင်ငံပိုင် ရုပ်သံမီဒီယာများနှင့် အစိုးရ သတင်းစာများတွင် ယခင်ခေတ်ကာလက အတိုင်းပင် ကက်ဘိနက်အဖွဲ့ဝင် ဝန်ကြီးများ ဖွင့်ပွဲအခမ်းအနားတက်၊ အလှူငွေ လက်ခံယူ၊ ဘုရားဖူး စသည့် သတင်းများသာ တွေ့မြင်နေရသေးသည်မှာ ပို၍ပင် အားမလို အားမရဖြစ်စရာ ကောင်းလှပေသည်။ နိုင်ငံအတွက် မည်မျှအလုပ်လုပ်နေပါကြောင်း တီဗီဖန်သားပြင်ပေါ်မှတစ်ဆင့် ပြည်သူအများ သိရှိအောင် ယခင်ခေတ်ကအတိုင်း ဖော်ပြဆဲပင်ဖြစ်သည့် အချက်ကိုကြည့်လျှင် ယခုမျိုးဆက်များလည်း ယခင်မျိုးဆက်ကို အားကျခဲ့ပြီး နောင်မျိုးဆက်များလည်း ယခုအတိုင်း ဆက်လုပ်ကြရန် တွန်းအားပေးသည့် သဘောမျိုးဖြစ်နေသည်ကို အထူး သတိချပ်စေချင်ပါသည်။ အကြောင်းမှာ ကက်ဘိနက်မှ တာဝန်ရှိသူ ခေါင်းဆောင်များ မည်မျှ အလုပ်လုပ်သည် ဟူသောအချက်ကို မူဝါဒကောင်းများ မည်မျှအတိုင်း အတာအထိ ရေးဆွဲပေးနိုင်သည်၊ အင်စတီကျူးရှင်းများ အခိုင်အမာ ဖြစ်လာအောင် မည်သို့ လုပ်ဆောင်ပေးနိုင်သည် စသည်တို့နှင့်သာ ပြည်သူလူထုက တိုင်းတာကြမည်ဖြစ်ပေသည်။

အမှန်တွင် ရွေးကောက်ပွဲများနှင့် ဒီမိုကရေစီတို့ အစိုးရပေါ်ပေါက်လာပြီဟု ဆိုနိုင်သော်လည်း ဒီမိုကရေစီစနစ်နှင့်အတူ ပေါ်ပေါက်လာမည့် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကိစ္စ အစရှိသည်တို့အတွက် အဆင်သင့် မဖြစ်သေးကြသည့် ပြည်သူများအတွက် မည်သည့်အရာများ ပြင်ဆင်ပေးရမည်၊ ကမ္ဘာနှင့် ရင်ပေါင်တန်းကာ လုပ်ကိုင်ရမည့် စီးပွားရေးတွင် နိုင်ငံသားများ အကျိုးအမြတ် ပေါ်ထွန်းအောင် မည်သို့သော မဟာဗျူဟာများ ချမှတ်မည် အစရှိသည်တို့အတွက် သက်ဆိုင်ရာ ပညာရှင်များနှင့် ခေါင်းချင်းဆိုင် ဆွေးနွေးနေရမည်ဖြစ်ပေသည်။ ဂျက်အင်ဂျင်ကဲ့သို့ စီးပွားရေးတစ်ရှိန်ထိုး တက်မည့်နှစ်ဟု မည်သို့ပင် ကြွေးကြော်စေကာမူ၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဒလဟော ဝင်ရောက်လာစေကာမူ ပြည်တွင်း၌ အရည်အချင်း ပြည့်ဝသည့်လုပ်သား(Skilled Worker) များ ခါးဆက်ပြတ် နေမည်ဆိုပါက ခဲလေသမျှ သဲရေကျ ဖြစ်နိုင်သည်ဟူသော အချက်အတွက်လည်း ကြိုတင် စဉ်းစားထားသင့်ပေသည်။ ပြည်ပ စက်ရုံကြီးများ ဝင်လာတိုင်း ပြည်တွင်း လုပ်သားများ အလုပ်ရမည် မဆိုနိုင်ပေ၊ နည်းပညာ တိုးတက်မှု မြန်ဆန်လွန်းသည့်ခေတ်တွင် စက်ရုံဝန်ထမ်း နည်းနိုင်သမျှ နည်းအောင် ကြိုးပမ်းနေကြသည် ဖြစ်ရာ အရည်အချင်း ပြည့်ဝသူများသာလျှင် ရှေ့တိုးနိုင်မည့် အချက်ကိုလည်း သိထားသင့်ပေသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများမှ ယနေ့ ကမ္ဘာ့ခေါင်းဆောင်များကိုကြည့်လျှင် အချိန်ရှိသရွေ့ နိုင်ငံနှင့် ပြည်သူ ကြီးပွားချမ်းသာရေး ဟူသည့်ကိစ္စကိုသာ တစ်ကြောင်းတည်းသော စိတ်ဖြင့် လုပ်ကိုင်နေသူများဖြစ်ပြီး မိမိ အာဏာရထားသည့် နှစ်အနည်းငယ်မျှသော သက်တမ်းအတွင်း နောင်တက်လာမည့် အစိုးရအဆက်ဆက် ပိုမိုအဆင်ပြေ ချောမွေ့စေရေးကိုသာ တွေးတောနေသူများ ဖြစ်သည်ကို တွေ့ရပါလိမ့်မည်။ ဆိုရလျှင်အချိန်ဟူသည် လွန်စွာ အဖိုးထိုက်တန်လွန်းပြီး အချိန်လွန်သွားပါက မည်သို့မျှ ပြန်မရနိုင်သည့် သဘောရှိရာ နိုင်ငံနှင့် ပြည်သူတို့၏ အရေးအကြီးဆုံး ကိစ္စများအတွက်သာ အချိန်တိုင်းကို တန်ဖိုးရှိအောင် အကျိုးရှိရှိ အသုံးချကြရမည်ဖြစ်ကြောင်း ဖော်ပြလိုရင်း ဖြစ်သည်။

အယ်ဒီတာ (၂-၈-၂၀၁၇)


  • VIA