News

POST TYPE

EDITORIAL

ဒစ်ဂျယ်တယ်ပါဝါကို အကျိုးရှိအောင် သုံးစွဲပါ (Daily, Vol-5/No-96)
02-Aug-2017
မြန်မာနိုင်ငံသား အများစု စွဲစွဲလမ်းလမ်းဖြင့် အသုံးပြုလေ့ရှိသည့် လူမှုကွန်ရက်ကြီး တစ်ခုဖြစ်သော Facebook ပေါ်တွင် သတင်းမှားများ ပျံ့နှံ့မှုနှင့်ပတ်သက်၍ မြန်မာအစိုးရနှင့် ဇူကာဘတ်၏ အမှုထမ်းများအကြား ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရပါသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင်၊ နောက်တစ်ရက်တွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ သမီးဖြစ်သူ အသုံးပြုသော Facebook အကောင့်ကို ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း၊ အကြောင်းမှာ ၎င်းတို့သားအဖ နှစ်ဦးအပေါ် ဂုဏ်သိက္ခာ ကျဆင်းစေလိုသူများက အကောင့်တုများ ဖွင့်ကာ မဟုတ်မမှန်သည့်အကြောင်းအရာများ ရေးသား ဖော်ပြကြ၍ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ခဲ့သည်ကို တွေ့ရပါသည်။ 

နည်းပညာများ အလွန်အမင်း ဖွံ့ဖြိုးလာမှုကြောင့်၊ စာတိုမျှသာ ပေးပို့နိုင်သည့် ပေဂျာ(Pager) ကိုပင် မသုံးဖူးလိုက်ဘဲ 3G, 4G စသည့် ချိတ်ဆက်မှု အားကောင်းသော စမတ်ဖုန်းများ တန်း၍ အသုံးပြုခွင့် ရသွားသည့် မြန်မာနိုင်ငံသားများအကြား သတင်း အချက်အလက် ရယူနိုင်မှုဟူသော ကိစ္စမှာ လွန်စွာ လွယ်ကူမြန်ဆန်သည် ဖြစ်သော်လည်း သတင်းမှားများနှင့် သတင်းမှန်များ ကွဲကွဲပြားပြား သိရှိနိုင်ရေးမှာ လွယ်ကူမည့် ကိစ္စတော့ မဟုတ်ပေ။ လူမှုကွန်ရက်ဟူသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားနိုင်သည့် ပလက်ဖောင်း တစ်ခုဖြစ်သော်လည်း တစ်ဖက်တွင် စိတ်သဘောထား မှန်ကန် ဖြောင့်မတ်မှု မရှိသူများနှင့် မရိုးသားသူများကြောင့် အဆိုပါ လွတ်လပ်မှုဟူသည် အကန့်အသတ် ဖြစ်လာသည့် သဘောမျိုး ဆိုက်ရောက်လာပါသည်။

တစ်ချိန်က ပုံနှိပ်စာလုံးဖြင့် ဖော်ပြထားသည့်အရာဆိုလျှင် မှန်ကန်မှုရှိသည့်စာ သို့မဟုတ် အကြောင်းအရာပင် ဖြစ်လိမ့်မည်ဟု စဉ်းစားချင့်ချိန်မှု အားနည်းသူ အများစုက ယေဘုယျ ယူဆလေ့ ရှိခဲ့ကြသည်။ ယခုအခါတွင် ဒစ်ဂျစ်တယ်စလုံးဖြင့် လူမှုကွန်ရက်ပေါ်၌ ရေးသားဖော်ပြထားသော သတင်းများနှင့် ဓာတ်ပုံများဆိုလျှင် မှန်ကန်လိမ့်မည်ဟု ထင်မှတ်တတ်သူ များပြားသည့် သဘောတွင် ရှိလာသည်ဟု ဆိုရပေမည်။ ပုံနှိပ်မီဒီယာခေတ်နှင့် ဒစ်ဂျစ်တယ်မီဒီယာခေတ်တွင် မည်သည့်ခေတ်က အမှားများနိုင်သနည်းဟု မေးလျှင် နှစ်ခုလုံး အမှား မကင်းသော်လည်း လူမှုကွန်ရက် မီဒီယာများ အထူးရေပန်းစားသည့် ဒစ်ဂျစ်တယ် မီဒီယာခေတ်မှာ ပို၍ အမှားများသလို ပရမ်းပတာလည်း ပိုနိုင်လွန်းသည်ဟု ဆိုရပေမည်။ ပုံနှိပ်မီဒီယာမှာမူ မှားလျှင် ချက်ချင်းပြင်၊ ချက်ချင်းဖြုတ်ချ၍ မရနိုင်သည့် အနေအထားတွင်ရှိရာ တာဝန်ယူမှု အဆင့်ဆင့်ဖြင့် အမှားနည်းသည်ထက်နည်းအောင် ဂရုတစိုက် စောင့်ကြည့်ရသည်ကို ပုံနှိပ်မီဒီယာလုပ်ငန်း လုပ်ကိုင်ဖူးသူ အားလုံးအသိပင်ဖြစ်ပါသည်။

Youtube, Twitter နှင့် Facebook စသည်ဖြင့် လူမှုကွန်ရက် မျိုးစုံ ပါဝင်သည့် ဒစ်ဂျစ်တယ် မီဒီယာခေတ်မှာမူ သတင်း အချက်အလက်များကို တောကြိုအုံကြားမကျန် သတင်းများ ရရှိနိုင်အောင် တစ်ဖက်တွင် ဖန်တီးပေးနိုင်သော်လည်း ကျန်တစ်ဖက်တွင် သတင်းမှားများ ရေးသားဖော်ပြမိရုံသူများပင် မကဘဲ သတင်းမှားအောင် တမင်တကာ လုပ်ကြံဖန်တီးသူ များစွာပေါ်ပေါက်အောင် မွေးထုတ်ပေးနေသည့် သဘောမျိုး ဖြစ်လာပါသည်။ အကောင်းဘက်က  ကြည့်မည်ဆိုလျှင် ဒစ်ဂျစ်တယ် မီဒီယာခေတ်ဟူသည့် သတင်း အချက်အလက်များ မြန်မြန်ဆန်ဆန် ရရှိရုံသာမက မိမိအနေနှင့် မိတ်ကောင်းဆွေကောင်းများ တိုးပွားနိုင်အောင်၊ အခြားနိုင်ငံမှ ပညာရေးစနစ်များ လေ့လာနိုင်အောင်၊ ဝေးကွာနေသော မိတ်ဟောင်းများ သာမက နောက်ထပ် မိတ်ဆွေသစ်များနှင့် ချိတ်ဆက်မိအောင် ဖန်တီးပေးနိုင်စွမ်းရှိသည့် အရာဖြစ်သည်။ သို့သော် တစ်ဖက်တွင် မိမိနှင့် မိမိအဖွဲ့အစည်းအပေါ် ဂုဏ်သိက္ခာ ကျဆင်းအောင် မဟုတ်မမှန်၊ မသင့်လျော်သည့် ဒစ်ဂျစ်တယ် စာသားများနှင့် ဓာတ်ပုံများတင်ခြင်းဖြင့် တိုက်ခိုက်မှုများ ဖန်တီးပေးနိုင်သလို ဆိုက်ဘာအနိုင်ကျင့်မှု (Cyber- bullying) ဟူသည့်ကိစ္စကိုပါ ဖြစ်ပေါ်စေနိုင်သည်ကို အထူး သတိချပ်ရမည် ဖြစ်ပေသည်။ မည်သို့ပင်ဆိုစေ မြန်မာနိုင်ငံအတွက်မူ Facebook ရှိနေသေးသရွေ့ ပြဿနာများ ဆက်ရှိနေဦးမည်သာ ဖြစ်သော်လည်း အလွန်အမင်း အင်အား ကြီးထွားလာသည့် ဒစ်ဂျစ်တယ်ပါဝါကို မိမိနှင့် မိမိအဖွဲ့အစည်း သို့မဟုတ် မိမိနိုင်ငံအတွက် ဆင်ခြင်တုံတရားဖြင့် အကျိုးရှိရှိ အသုံးချရမည်ဖြစ်ကြောင်း ဖော်ပြလိုရင်း ဖြစ်ပေသည်။ 

အယ်ဒီတာ (၁-၈-၂၀၁၇)


  • VIA