News

POST TYPE

EDITORIAL

တည်ဆောက်ရမည့် နိုင်ငံသစ်နှင့် ဂိုဏ်းဂဏကိစ္စ (Daily, Vol-6/No-76)
09-Jul-2017
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ဒီမိုကရေစီ အစိုးရလက်ထက် နိုင်ငံရေးနှင့် စီးပွားရေး တိုးတက်ဖြစ်ထွန်းမှုများ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ဥပဒေရေးဆွဲနိုင်မှု၊ ပြုပြင်ပြောင်းလဲနိုင်မှု စသည်တို့နှင့်ပတ်သက်၍သော်လည်းကောင်း၊ မြန်မာနိုင်ငံကို နှစ်ပေါင်း ကြာမြင့်စွာ အုပ်ချုပ်ခဲ့သည့် ဧရာမအင်စတီကျူးရှင်းကြီးဖြစ်သော တပ်မတော်၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုအပေါ် ထားရှိသည့် လတ်တလော သဘောထားများနှင့် ပြုမူဆောင်ရွက်ချက်များနှင့် ပတ်သက်၍လည်းကောင်း နိုင်ငံရေး လေ့လာဆန်းစစ်သူများနှင့် စီးပွားရေးပညာရှင်များက ဝေဖန်ရေးသား၍တစ်မျိုး၊ အငြင်းအခုံ လုပ်၍ တစ်ဖုံ အကဲဖြတ်ကာ မှတ်ချက် အမျိုးမျိုးပေးလျက် ရှိသည်ကို စာဖတ်သူများ သတိပြုမိလိမ့်မည်ဟု ထင်ပါသည်။ မတူညီသော ရှုထောင့် အမျိုးမျိုးဖြင့် မည်သို့ပင် အကဲဖြတ်ကြသည်ဖြစ်စေ တူညီသည့်အချက်မှာ လက်ရှိခြေလှမ်းများကို လုံးလုံးလျားလျား အားမလို အားမရ ဖြစ်နေကြခြင်းပင်။ နိုင်ငံတကာ အစိုးရ အသီးသီးက မြန်မာပြည်သို့ စေလွှတ်ထားသော ကိုယ်စားလှယ်တော် သံတမန်ကြီးများအကြား လက်ရှိမြန်မာ့အရေး ဆွေးနွေးကြရာတွင်လည်း ယင်းကဲ့သို့ပင် အားမလို အားမရ ဖြစ်ကြသည်ဟု သံတမန် အသိုင်းအဝိုင်းမှ တစ်ဆင့်ကြားသိရပါသည်။ ခက်ခဲကြမ်းတမ်းသည့် ခရီးရှည်ကြီးနှင်ခဲ့ချိန်တွင် အချိန်မည်မျှပေးရသည် ဟူသောကိစ္စမှာ မထင်ရှားသော်လည်း လိုရာပန်းတိုင်ကို မြင်လာရချိန်တွင် တစ်မိနစ် တစ်စက္ကန့်ကအစ ကြာမြင့်သည်ဟု ထင်မှတ်သကဲ့သို့ပင်ဖြစ်ပေမည်။ မှောင်အတိဖုံးနေခဲ့သည့် အုပ်ချုပ်ရေးစနစ် လက်အောက်တွင် တိုးတက်ဖြစ်ထွန်းမှုများနှင့် အခွင့်အရေးများ ကွယ်ပျောက်ခဲ့ရမှုသည် သတင်းမဖြစ်ခဲ့သော်လည်း ပွင့်လင်းမြင်သာသည့် ခေတ်ထဲတွင် နိုင်ငံရေးနှင့် စီးပွားရေး တိုးတက်ဖြစ်ထွန်းမှုများ နှောင့်နှေးသည့်ကိစ္စ၊ သတင်းမီဒီယာသမားများ ဖမ်းဆီးချုပ်နှောင်ခံကြရသည့် ကိစ္စတို့မှာ သတင်းကြီးတစ်ခုသဖွယ် ဖြစ်သွားဟန်ရှိပေသည်။

မြန်မာ့အရေးကို အကဲဖြတ်သူများ၊ ဝေဖန်ရေးဆရာများနှင့် ပညာရှင်များ အပါအဝင် အနီနှင့် အစိမ်းဟူသည့် အင်အားကြီးနိုင်ငံရေး ပါတီနှစ်ခုကို  ထောက်ခံသူများအား အုပ်စုခွဲ လေ့လာကြည့်မည်ဆိုလျှင် လတ်တလော အနေအထားတွင် ဂိုဏ်းသုံးခု ထူးထူးခြားခြား ပေါ်ထွက်လာသည်ကို တွေ့ရပါမည်။ ကြီးစိုးရေးဂိုဏ်း၊ မိတ်ဖွဲ့ရေးဂိုဏ်းနှင့် ပယ်ချရေးဂိုဏ်းဟူသော အုပ်စုသုံးမျိုး ဖြစ်ပေသည်။ ပထမ အုပ်စုဖြစ်သည့် ကြီးစိုးရေးဂိုဏ်းက ပါဝါနိုင်ငံရေးနှင့် မဟာဗျူဟာချိန်ခွင်လျှာများကို ရှာလိုသည်။ ရန်၊ ငါ၊ စည်းဟူသည့် အုပ်စုအမြင်ဖြင့် နိုင်ငံရေးကိုကြည့်သည်။ မိမိနိုင်ငံရေးပါတီ ဩဇာကြီးမားရေးနှင့် ပြိုင်ဘက်နိုင်ငံရေးပါတီ၊ သို့မဟုတ် ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း ဩဇာကျဆင်းရေးအတွက်ဆိုပါက မည်သည့်အဖွဲ့အစည်းကိုမဆို၊ မည်သည့်အရေးကိစ္စကိုမဆို နယ်ရုပ်အဖြစ် အသုံးချရန် ကြိုးပမ်းသည်။ ငြင်းမရနိုင်၊ ရုန်းမရနိုင်အောင် ချုပ်ထားနိုင်သည့်အချက်များဖြင့် ပြိုင်ဘက်အုပ်စု အင်အားချည့်နဲ့သွားမည့် နည်းလမ်းများကို ရှာဖွေလျက်ရှိသည်။ မိမိနိုင်ငံရေးပါတီ သို့မဟုတ် အင်စတီကျူးရှင်း၏ အခန်းကဏ္ဍ မရှိလျှင် မြန်မာနိုင်ငံ မည်သို့မျှရှေ့ဆက်သွား၍ မရနိုင်သည့်သဘောမျိုး ပြောသည်။  စွန့်လွှတ် အနစ်နာခံခဲ့ရသူ အသီးသီး၏ သမိုင်းကြောင်းကို ပုဂ္ဂိုလ်ရေး ကိုးကွယ်သည့်ပုံစံဖြင့် အမွှမ်းတင်ပြီး မိမိတို့၏ ဩဇာလွှမ်းမိုးမှု ဆက်လက်ကြီးစိုးနိုင်အောင် ကြိုးပမ်းသူများဖြစ်သည်။

ဒုတိယ မိတ်ဖွဲ့ရေးဂိုဏ်းတွင် မြန်မာ့အရေးကို နှံ့နှံ့စပ်စပ် သိထားကြသော စကော်လာများနှင့် ပညာရှင်များ ပါဝင်သည်။ အလယ်အလတ် သဘောထားရှိသူများ၊ တစ်နည်းအားဖြင့် အစွန်းမရောက်သူများ ပါဝင်သည်။ အစွန်းမရောက်ဟုဆိုရာတွင် ဖြစ်သင့်၊ ဖြစ်ထိုက်၊ လုပ်သင့်၊ လုပ်ထိုက်ပါက မည်သူနှင့်မဆို လက်တွဲလုပ်ရမည်ဟု ခံယူခြင်းကို ဆိုလိုပေသည်။ သမိုင်းထဲက ဒဏ်ရာဒဏ်ချက်များနှင့် ခါးသီးမှုများကို တစ်ဖက်တွင် ကောင်းစွာ နားလည်သဘောပေါက်သလို တစ်ဖက်တွင်လည်း ယင်းသို့သော စိတ်ဒဏ်ရာများက ရှေ့ဆက်မည့် ခရီးအတွက် များစွာ အနှောင့်အယှက် ပေးနိုင်သည်ဟူသော အချက်ကို ယုံကြည်ထားရာ ပျောက်ကင်းသည်အထိ ကုစားနိုင်မည့် နည်းလမ်းကို ရှာသည်။ မတူညီသော အုပ်စုဖြစ်လင့်ကစား တိုင်းပြည်အတွက် လိုအပ်ပါက အချိန်မရွေး လက်တွဲ  အလုပ်လုပ်ရန် လက်ထုတ်ပြထားသူများ ဖြစ်ပေသည်။ တတိယအုပ်စု ပယ်ချရေး ဂိုဏ်းမှာတော့ ပထမကြီးစိုးရေးဂိုဏ်း၏ ပင်မအဆိုနှင့် အယူအဆများကို အတော်များများ လက်သင့်ခံသည်။ မည်သူ့ကိုမျှ ယုံကြည်မှု မရှိသလို မည်သည့် အုပ်စုနှင့်မျှလည်း ပူးပေါင်းလိုသည့်ဆန္ဒ မရှိပေ။ နိုင်ငံရေးလုပ်သူများ အားလုံး အခွင့်အရေးသမားဟု ရှုမြင်ပြီး လူထုသည်သာ အားလုံး၏ လွဲမှားမှုများနှင့် ပျော့ညံ့မှုများကို ခါးစည်းခံနေရသူများ ဖြစ်သည်ဟု ရှုမြင်ပြီး နောင်ငါးနှစ်တာကာလတွင် အမှန်တကယ် လုပ်ဆောင်နိုင်စွမ်းရှိသူများ ပေါ်ထွန်းလာရေးကို အထူး စိတ်ဝင်စားလျက်ရှိသည်။ မည်သို့ပင်ဆိုစေကာမူ နိုင်ငံသစ် တည်ဆောက်ရေးဟူသည့် မဖြစ်မနေ လုပ်ဆောင်ရမည့်ကိစ္စတွင် ဂိုဏ်းဂဏကိစ္စကို ခွဲခြားစဉ်းစားပြီး အမုန်းတရားများ အဆုံးသတ်နိုင်မည့် နည်းလမ်း ရှာဖွေနိုင်လေ အမှန်တကယ် တိုးတက်ဖြစ်ထွန်းမှုများ ရှိလေသာဖြစ်မည်ကို ဖော်ပြလိုရင်း ဖြစ်ပေသည်။ 

အယ်ဒီတာ (၉-၇  ၂၀၁၇)


  • VIA