News

POST TYPE

EDITOR PICK POST

မြောက်ဦး အဓိကရုဏ်းတွင် ဒဏ်ရာရရှိခဲ့ကြသော လူငယ် ၈ ဦးကို အာမခံဖြင့်လွှတ်
09-Oct-2018

စစ်တွေ၊ အောက်တိုဘာ ၉

မြောက်ဦးမြို့ အဓိကရုဏ်းဖြစ်စဉ်၌ ဒဏ်ရာရရှိခဲ့ကြသော လူငယ် ၈ ဦးအား အောက်တိုဘာ ၉ ရက်နေ့တွင် မြောက်ဦးမြို့မ ရဲစခန်းက အာမခံဖြင့် လွှတ်ပေးလိုက်ကြောင်း အကျိုးဆောင်ရှေ့နေများထံမှ သိရသည်။

အဆိုပါလူငယ် ၈ ဦးကို နိုင်ငံတော်အလံ ဥပဒေပုဒ်မ ၁၆ ဖြင့် မြောက်ဦးမြို့နယ် တရားရုံး၌ အောက်တိုဘာလ ၉ ရက်နေ့တွင် ရုံးထုတ်ခဲ့ရာ မြို့နယ်တရားသူကြီးက တရားစွဲဆိုရန် အကြောင်းမပေါ်ပေါက်၍ တရားသေ လွှတ်ပေးလိုက်သော်လည်း ပြည်သူ့ဝန်ထမ်းများအား အနာတရဖြစ်စေမှု ပုဒ်မ ၃၃၂၊ ၃၃၃ တို့နှင့် စွဲဆိုရန်ကျန်ရှိနေကြောင်း အကျိုးဆောင်ရှေ့နေ ဦးထွန်းအောင်ကျော်ကဆိုသည်။

“အဲဒီပုဒ်မတွေနဲ့ စွဲတင်ခြင်းတော့ မရှိသေးဘူး။ ဒါပေမယ့် လိုအပ်ရင်စွဲဆိုဖို့အတွက် ရဲက အာမခံပေးလိုက်တယ်။ သူတို့ကိုစွဲဆိုဖို့ စီစဉ်တည်ဆောက်နေတုန်းပေါ့”ဟု ၎င်းကရှင်းပြသည်။

ယင်းလူငယ် ၈ ဦးကို စစ်တွေမြို့နယ်တရားရုံး၌ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး ဥပဒေပုဒ်မ ၆(၁) နှင့်တရားစွဲဆိုရာ အထောက်အထား မပေါ်ပေါက်သဖြင့် စက်တင်ဘာလ ၂၄ ရက်နေ့က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၄၅ အရ စွဲချတင်ရာ တရားခံများက အပြစ်ရှိကြောင်း ဝန်ခံသဖြင့် ပြစ်ဒဏ် ၈ လကျခံရန် အမိန့်ချမှတ်လိုက်သော်လည်း ချုပ်ရက်ကို ထုတ်နုတ်ခံစားခွင့်ရရှိလွတ်မြောက်ကြောင်း အမိန့်ချမှတ်လိုက်သည်။

သို့ပါသော်လည်း ရဲတပ်ဖွဲ့က လွှတ်ပေးခြင်းမရှိဘဲ ထပ်မံပြီး နိုင်ငံတော်အလံ ဥပဒေပုဒ်မ ၁၆ ဖြင့် တရားစွဲရန် မြောက်ဦးမြို့နယ် စက်တင်ဘာလ ၂၅ ရက်နေ့မှစ၍ အောင်တိုဘာလ ၉ ရက်နေ့ထိ ချုပ်ရမန်ယူခဲ့ကြသည်။

မြောက်ဦးမြို့တွင် ဇန်နဝါရီ ၁၆ ရက်နေ့က ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း အထိမ်းအမှတ်အဖြစ် နန်းတော်ရာ ကုန်းပေါ်တွင် စာပေးဟောပြောပွဲ ပြုလုပ်မည်ကို အာဏာပိုင်များက ပိတ်လိုက်သောကြောင့် ညနေ ၈ နာရီကျော်အချိန်မှာ ပြည်သူများဆူပူအုံကြွကာ ဆန္ဒပြကြပြီး ခရိုင်အုပ်ချုပ်ရေးမှူးရေးအား ဖျက်စီးခြင်းများရှိလာရာ ရဲတပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက် လူစုခွဲခဲ့ကြသည်။

ထို့ကြောင့် ပြည်သူ ၇ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ယင်းဒဏ်ရာရရှိခဲ့သူ ၁၂ ဦးအနက် ၄ ဦးမှာ ထွတ်ပြေးတိမ်းရှောင်သွားခဲ့ကြပြီး ဒဏ်ရာများဖြင့် ကျန်ရှိခဲ့သော လူငယ် ၈ ဦးကို ဖမ်းဆီးခံရခြင်းဖြစ်သည်။

R-22