News

POST TYPE

EDITOR PICK POST

မြောက်ဦး ပဋိပက္ခလူငယ် ၈ ဦးကို နိုင်ငံတော်အလံ ဥပဒေဖြင့် ထပ်မံချုပ်ရမန်ယူ
26-Sep-2018

စစ်တွေ၊ စက်တင်ဘာ ၂၅

မြောက်ဦးမြို့ အဓိကရုဏ်းဖြစ်စဉ်တွင် သေနတ်ဒဏ်ရာရရှိခဲ့ကြသော လူငယ် ၈ ဦးအား ထပ်မံပြီး နိုင်ငံတော် အလံ ဥပဒေ ပုဒ်မ ၁၆ ဖြင့် စက်တင်ဘာလ ၂၅ ရက်နေ့မှစ၍ အောင်တိုဘာလ ၉ ရက်နေ့ထိ မြောက်ဦးမြို့နယ် တရားရုံး၌ ချုပ် ရမန်ယူထားကြောင်း လူငယ်များ၏ အကျိုးဆောင်ရှေ့နေ ဦးထွန်းအောင်ကျော်ထံ မှသိရသည်။

အဆိုပါ လူငယ် ၈ ဦးအား စစ်တွေမြို့နယ် တရားရုံး၌ ပြည်သူပိုင် ပစ္စည်း ကာကွယ်ရေးဥပဒေပုဒ်မ ၆(၁) နှင့် တရားစွဲဆိုရာ အထောက်အထားမပေါ်ပေါက်သဖြင့် စက်တင်ဘာလ ၂၄ ရက်နေ့က ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၄၅ အရ စွဲချက်တင်၍ တရားခံများက အပြစ်ရှိကြောင်း ဝန်ခံသဖြင့် ပြစ်ဒဏ် ၈ လကျခံရန် အမိန့်ချမှတ်လိုက်သော်လည်း ချုပ်ရက်ကို ထုတ်နုတ်ခံစားခွင့်ရရှိ လွတ်မြောက်ကြောင်း အမိန့်ချမှတ်လိုက်သည်။

သို့သော်လည်း လူငယ် ၈ ဦးအား လွှတ်ပေးခြင်းမရှိဘဲ စစ်တွေမြို့မ ရဲစခန်းတွင် ဆက်လက်ကာ ချုပ်နှောင်ထားသဖြင့် ညနေပိုင်းအချိန်၌ ရခိုင်အမျိုးသားပါတီမှ ထိပ်ပိုင်းခေါင်းဆောင်များ၊ အကျိုးဆောင် ရှေ့နေများနှင့် မိသားစုဝင်များ ရဲစခန်းရှေ့သို့လာရောက်ပြီး တွေ့ဆုံခွင့်တောင်းသော်လည်း မရရှိခဲ့ကြောင်း၊ လုံခြုံရေးကိုလည်း အင်အား မြောက်မြားစွာသုံးထားကြသည်။

“လိုပြသက်သေ ၁၁ ယောက် စစ်ခဲ့တယ်။ ဒီကလေးတွေဟာ အလံကိစ္စမှာ တစ်စုံတစ်ရာ ကျူးလွန်တယ်လို့ တစ်စွန်းတစ်စမှမရှိဘဲ ဘယ်သက်သေ အသစ်တွေကိုများ ဖန်တီးပြီးတော့ ချုပ်လဲ၊ ဒီကိစ္စတွေကို ဘာဖြစ်လို့ရဲလုပ်ငန်းက ပြီးစီးအောင် ၈ လအတွင်းမှာ မဆောင်ရွက်ခဲ့တာလဲ၊ ၈ လအတွင်းမှာ တစ်စုံတစ်ရာ ဘာအကြောင်းအရာတွေရှိခဲ့လဲ၊ လွတ်ပြီးမှ ပြန်ဖမ်းချုပ်တာဟာ တော်တော်လေးကို ရက်ရက်စက်စက် မတော်မတရားလုပ်လိုက်တာ”ဟု အကျိုးဆောင်ရှေ့နေ ဒေါ်အေးနုစိန်ကဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး စက်တင်ဘာလ ၂၄ ရက်နေ့ ည ၁၀ နာရီကျော်အချိန်တွင် စစ်တွေမြို့ ရခိုင်အမျိုးသားပါတီ(ANP) ဗဟို ရုံး၌ ပါတီထိပ်ပိုင်းခေါင်းဆောင်များ၊ အကျိုးဆောင်ရှေ့နေများနှင့် လွှတ်တော်ကိုယ်စားလှယ်တို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြသည်။

“ကျွန်တော်တို့ ငယ်ငယ်တုန်းက သေနတ်ပစ်တန်း ကစားခဲ့သလိုပေါ့၊ ဖမ်းလိုက်တယ်ပြီးတော့ ပြန်လွှတ်လိုက်တယ်၊ ပြီးရင် ပြန်ဖမ်းတယ် ဒါဟာ ကလေး ကစားသလိုဖြစ်နေတယ်။ ကျွန်တော်ကတော့ သွေးရိုးသားရိုးတော့ မထင်ဘူး။ တမင်တကာများ ပဋိပက္ခဖြစ်အောင် ဆူပူအောင် ဖန်တီးနေသလားလို့ ထင်မိတယ်”ဟု မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

မြောက်ဦးမြို့တွင် ဇန်နဝါရီ ၁၆ ရက် နေ့က ရခိုင်ဘုရင့်နိုင်ငံတော်အချုပ်အခြာ အာဏာကျဆုံးခြင်း အထိမ်းအမှတ်အဖြစ် နန်းတော်ရာကုန်းပေါ်တွင် စာပေဟောပြောပွဲ ပြုလုပ်မည်ကို အာဏာပိုင်များက ပိတ်လိုက်သောကြောင့် ည ၈ နာရီကျော်အချိန်မှာ ပြည်သူများ ဆူပူအုံကြွကာ ဆန္ဒပြကြပြီး ရုံးရှေ့ရှိ နိုင်ငံတော်အလံကို ဖြုတ်ချခြင်း၊ ရုံးအဆောက်အအုံကို ဖျက်ဆီးခြင်းများ ပြုလုပ်လာသဖြင့် ရဲတပ်ဖွဲ့ဝင်များက အင်အားသုံးဖြိုခွဲခဲ့ရာ ပြည်သူ ၇ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ယင်းဒဏ်ရာရရှိခဲ့သူ ၁၂ ဦးအနက် ၄ ဦးမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြပြီး ခြေထောက်နှင့် လက်တို့မှာ ဒဏ်ရာများဖြင့် ကျန်ရှိခဲ့သော လူငယ် ၈ ဦးကို ပုဒ်မ ၆(၁) ဖြင့် စစ်တွေ အကျဉ်းထောင်၌ ချုပ်နှောင် တရားစွဲဆိုနေသည်မှာ ၉ လကျော်ကြာမြင့်ပြီဖြစ်သည်။

ယင်းလူငယ် ၈ ဦးကို လက်ရှိအချိန် မြောက်ဦးမြို့မ ရဲစခန်းတွင် ချုပ်နှောင်ထားသည်။

R-22