News

POST TYPE

EDITOR PICK POST

ကားတိုက်သေဆုံးမှုကို အမှုမှန်ဖော်ထုတ်ပေးရန် မိသားစုဝင်များ တောင်းဆို
08-Aug-2018
စစ်တွေ၊ ဩဂုတ် ၇ 

မြောက်ဦးမြို့နယ်၊ မြောင်းဘွေမြို့ (ခွဲ) ရွှေလံကျေးရွာတွင် အသက် ၃၄ နှစ်အရွယ် ဦးစိုးနိုင် ကုန်တင်ကားတိုက်၍ သေဆုံးမှုမှာ သုံးလကြာသည်အထိ အမှုအခြေအနေ ထူးခြားမှုမရှိ၍ သေဆုံးသူ၏ မိသားစုဝင်များက အမှုမှန် ပေါ်ပေါက်အောင် စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုသည်။

မေလ ၂၁ ရက် ညပိုင်းက ဦးစိုးနိုင်မှာ တစ်ရွာတည်းနေ သူငယ်ချင်းနှင့်အတူ ဘောလုံးပွဲကြည့်ပြီး အိမ်သို့လိုက်ပို့စဉ် ရန်ကုန်- စစ်တွေ ကားလမ်း မိုင်တိုင်အမှတ် ၉၉/၇ ရွှေလံကျေးရွာအနီး၌ ကုန်တင်ယာဉ်တစ်စီး ဝင်တိုက်သဖြင့် နေရာတွင်သေဆုံးခဲ့ပြီး ၎င်း၏သူငယ်ချင်းလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သေဆုံးသူ၏ ဖခင်ဦးကျော်ဦးက ပြောသည်။ 

ယာဉ်တိုက်မှုဖြစ်ပြီး ၁၀ မိနစ်အကြာတွင် မြောင်းဘွေရဲစခန်းသို့ အကြောင်းကြားခဲ့ရာ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး မိနစ် ၂၀ အတွင်း ကုန်ကားနောက်သို့ ရဲတပ်ဖွဲ့ဝင် ၃ ဦး လိုက်ပါသွားကြရာ တိုက်သွားသည့်ကားကို မဖမ်းမိကြောင်း ၎င်းက ဆိုသည်။ 

“ကျွန်တော့်အိမ်နဲ့ ပေ ၁၀၀ လောက် ပဲကွာတာကို ကားတိုက်သံကြားရတာပေါ့၊ ကျွန်တော်တို့ သွားကြည့်တဲ့အချိန်မှာ နောက်ကလာတဲ့ ကုန်ကားသုံးစီးလည်း မသွားဘဲ မီးထိုးပေးထားသေးတယ်။ အဲဒီကားကို လိုက်သွားတဲ့ ရဲတွေမဖမ်းမိတာဟာ ရိုးသားမှုမရှိဘူးလို့ထင်တယ်၊ မြို့ဝင်ဂိတ်တွေရှိတာပဲ။ အဲ့ဒီနေရာမှာ မီးထိုးပေးထားတဲ့ ကားတွေကိုလည်း စစ်ဆေးတာမရှိဘူး”ဟု ၎င်းက ရှင်းပြသည်။ 

အမှုမပေါ်ပေါက်ခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများထံ ၂ ကြိမ်တိုင်တိုင် တိုင်ကြားခဲ့သော်လည်း ထူးခြားမှုမရှိသေးကြောင်း မိသားစုဝင်များက ဆိုကြသည်။ 

“ကျွန်တော်တို့ ရဲစခန်းမှာလည်း အမှုဖွင့်ထားတယ် ဒီနေ့ထိ ဘာမှ တစ်စုံတစ်ရာမသိရသေးဘူး။ မင်းပြားရဲစခန်းကတော့ တစ်ခါခေါ်စစ်တယ်။ အမှုဖြစ်စဉ်ကိုသိချင်လို့ ခေါ်စစ်တာလို့ပြောတယ်။ ကျွန်တော်တို့က ဒီအမှုကို အမှုမှန်ပေါ်ပေါက်စေချင်တယ်။ ကြာရင် ဒီအတိုင်းပျောက်သွားမှာစိုးတယ်”ဟု သေဆုံးသူ၏ ဖခင်က ဆိုသည်။

ယင်းအမှုနှင့် ပတ်သက်၍ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၄ (က)၊ ၃၃၈/ ၃၃၇ တို့ဖြင့် မြောင်းဘွေရဲစခန်းတွင် အမှုဖွင့်လှစ်ထားပြီး အရေးယူဆောင်ရွက်နိုင်ရေးအတွက် စုံစမ်းစစ်ဆေးနေကြောင်း စခန်းမှူးရဲအုပ် စောဦးထွန်းက ပြောသည်။ 

R-22


  • VIA